ရုံးမှာ လုံးပေါကြီး သွားမဲ့သူတွေရောက်နေတော့ လူအများကြီးပဲ။
ယိုးဒယားနယ်စပ်ဆိုတော့ ငွေတွေအများကြီးပါလာကြတယ်။
ခရီးစရိတ်တွေလဲ ရလာပုံပေါ်တယ်။
မှောင်တာနဲ့ ဦးစိန်မောင် ဖဲဝိုင်းထောင်တယ်။
သူဝိုင်းစပုံက တစ်မျိုးပဲ၊ စားပွဲ၂လုံးဆက်ပေါ် တက်ထိုင်ပြီး ကုလားဖန်ထိုးနေတယ်။
လာကြည့်တဲ့သူရှိရင် ကစားမလားခေါ်တယ်၊ ၂ယောက် စကစားတယ်။
နောက် ၃ယောက်၊ နောက် ၄ယောက်နဲ့ ဝိုင်းပြည့်သွားတာပဲ။
လူမပြည့်ရင်လဲ ကျနော့်ကို ခေါ်တယ်၊ သူနဲ့ လက်လှန်ကစားရတယ်။
အရင်းပြန်ပေါ့ဗျာ၊သူရှုံးလဲ ကျနော့်ကိုတော့ မပေးရဘူး။
သူနိုင်လဲ ကျနော်က ပေးစရာ မလိုဘူး။
ဒီနေ့တော့ သူ့ဝိုင်းပြည့်နေလို့ ကျနော့်ကို မခေါ်တော့ဘူး။
လူများတော့ ကြည့်သူတွေ များလာတယ်။
နောက် ဖဲထုပ်ရှိသေးလား မေးလာကြတယ်။
ဖဲထုပ်အဟောင်းတွေ ထုတ်ပြတော့ မကြိုက်ကြဘူး။
ခင်မောင်ဝင်း ရောက်လာတာ အတော်ဖြစ်သွားတယ်။
သူ့ကို ဖဲထုပ်အသစ် သွားဝယ်ခိုင်းလိုက်တယ်။
သူပြန်လာတော့ နောက်၁ဝိုင်း ကစားကြတယ်။
ဘူကြီးဘင့် ကစားတယ်၊ ကုလားဖန်ထိုး ဖဲချိုးပြီး ၁အိမ်၁ချပ်စီ ဝေတယ်။
ကြီးတဲ့သူက ဒိုင်လုပ်ရမယ်၊ ပန်းကန်ထဲ ပိုက်ဆံ ကြိုက်သလောက်ထည့်လို့ရတယ်။
၃ဆ ရရင် ဝမ်နင် ၃ခါ ခေါ်မယ်၊ ၃ခါပြည့်လို့ ပန်းကန်ထဲကျန်တာ ဒိုင်စားပေါ့။
မကျန်ရင် ဒိုင်ပြုတ်တယ်၊ အများကြီးစားရရင် ပန်းကန်ပေါက်တယ် ခေါ်တယ်။
ပြီးရင် အောက်အိမ်က ဒိုင်လုပ်ရတယ်၊ ဒိုင်ပြောင်းတာပေါ့။
ဒိုင် တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်။
ပေါက်တဲ့ဒိုင်လဲရှိတယ်၊ ပြုတ်တဲ့ဒိုင်လဲပြုတ်တယ်။
ကျနော်တို့က ဘေးထိုးတွေပေါ့၊ ကိုယ်ကြိုက်တဲ့အိမ်က ထိုးရတာ။
ရှုံးလိုက် နိုင်လိုက်၊ ဖဲသမားအိပ်ကပ် နှဲသမားပါးစပ် ပဲ။