ည ၉နာရီကျော်လာတော့ အပြင်သွားလည်တဲ့သူတွေ ပြန်ရောက်လာတယ်။
နောက်ထပ်၁ဝိုင်းထောင်ဖို့ တာဆူနေကြတယ်။
ဖဲထုပ်အသစ် သွားဝယ်ကြတယ်။
ဖဲထုပ်ရလာတော့ နောက်၁ဝိုင်းစတယ်။
၃ဝိုင်းဆိုတော့ ဘေးမှာရပ်ကြည့်နေသူ နဲသွားတယ်။
ဘေးထိုးတွေ နဲသွားတာပေါ့။
အရင်က ၁အိမ်ထသွားရင် ဘေးထိုးတွေ အလုအယက် ဝင်ရတာ။
သူဝင်မယ် ကိုယ်ဝင်မယ် နေရာလုရတယ်။
ကျနော်ကတော့ ထိုးလက်စဝိုင်းမှာပဲ နေတယ်။
အပင်ကိုကြည့်ပြီး ဘေးထိုးရတာ၊ အလှည့်ကိုပြောတာ။
ဒီအိမ်က တစ်ပင်စား တစ်ပင်သေဆို စားရမဲ့အလှည့် ဝင်ထိုးတာ။
နောက်ဝိုင်းသစ်ဆို အပင်ပြန်ကြည့်နေရမယ်။
ကျနော်ဘေးထိုးနေတဲ့အိမ်ကသူ တော်တော်ရှုံးနေတယ်။
သူက နှစ်ပင်သေ တစ်ပင်စား၊ ဒါကိုသူ မသိဘူး။
ရှုံးမဲ မဲနေတယ်။ ကျနော်က ဘေးကကြည့်နေတော့သိတယ်။
သူကို အကြံပေးတော့လဲ အသိအမှတ်မပြုဘူး၊ ဒေါသတောင် ထွက်သေးတယ်။
ကိုယ်လဲ ထပ်မပြောတော့ဘူး၊ သူ့ပိုက်ဆံနဲ့သူ ကစားတာပဲ။
နောက် သူဒိုင်အလှည့်မှာ ပန်းကန်ထဲ ပိုက်ဆံတွေ အများကြီးထည့်တယ်။
ဖဲမကောင်းတော့ ဝမ်နင်တောင် မခေါ်လိုက်ရဘူး၊
ပန်းကန်ထဲ ပိုက်ဆံကုန်သွားတယ်၊ လျော်ဘို့တောင် မလောက်ဘူး။
ကြီးတဲ့အိမ်ကို အရင်လျော်ရတယ်၊ ကျန်တာ ကြီးစဉ်ငယ်လိုက်ရတယ်။
သူထပ်မကစားတော့ဘူး၊ အရက်သွားသောက်ဦးမယ်ဆိုပြီး ထွက်သွားတယ်။
သူ့အိမ်ဝင်မဲ့သူ မရှိဘူး၊ ဘေးကကြည့်နေတဲ့သူတွေ သူ့နောက်လိုက်သွားလို့။
ဒါနဲ့ပဲ ကျနော့်ကို ဝင်ကစားဖို့ ခေါ်ကြတယ်။
ဖဲဝိုင်းက အရှိန်ကောင်းပြီး ဝိုင်းကြီးဖြစ်နေပြီ၊ ကိုယ့်မှာ ငွေနဲလို့ စဉ်းစားရတယ်။
နောက်ဆုံးတော့ ဝင်ကစားဖို့ ဆုံးဖြတ်လိုက်တယ်။
ရှိပူရသေး ကုန်မှအေး တဲ့၊ ထိန်းတော့ ကစားမယ်ပေါ့။
ကိုယ်က နောက်ဆုံးမှ ဒိုင်ကိုင်ရမှာဆိုတော့၊ ပိုက်ဆံကုန်သွားလို့ မဖြစ်သေးဘူး။