HIV/ AIDS အမေးအဖြေများ အပိုင်း ၁၀ HIV/ AIDS (Q&A Part-10)
HIV/AIDSပိုးရှိသူကို နှိမ်ချ၊ ခွဲခြား ဝိုင်းပယ်ခြင်း ၂
AIDSနဲ့ကွယ်လွန်ရသူတွေ၊ AIDSကြောင့် နေမကောင်းဖြစ်နေသူတွေ၊ နေမကောင်းမဖြစ်ပေမယ့် HIVပိုးရှိနေတယ်လို့ အသိခံလိုက်ရသူတွေ၊ ဒါတင်မက HIVပိုးရှိလောက်၏လို့ အထင်ခံရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေကိုတောင်မှ လူတွေကြောက်ကြ၊ ရွံ့ကြ၊ ရှောင်ကြ၊ ပုန်းကြတာတွေဟာ AIDSအကြောင်း ဂဃနဏ နားမလည်ကြတဲ့ အနေအထားတွေမှာ တွေ့ကြုံနေရပါတယ်။ AIDSရောဂါဟာ သေတတ်တယ်၊ ကုစရာဆေးမရှိဘူး၊ ကူးတတ်တယ်၊ မကောင်းတာတွေလုပ်လို့ဖြစ်ရတယ်လို့ပဲ မလုံမလောက်ဖြစ်ကတတ်ဆန်း သိထားကြတာများလို့ပါပဲ။ တကယ်သုံးသပ်ကြည့်ရင် AIDSရောဂါဟာ ထိမိရုံ၊ ပေရေရုံနဲ့ကူးတဲ့ရောဂါမျိုးမဟုတ်ဘဲ၊ လိင်ဆက်ဆံတာ၊ အပ်တစ်ချောင်းထဲနဲ့ဝိုင်းထိုး၊ ရောထိုးကြတာတွေလုပ်မှ ကူးစက်တတ်တာဖြစ်သလို၊ အကျင့်စာရိတ္တကောင်းတဲ့သူတွေမှာလည်း ရောဂါကူးစက်ခံရတတ်တယ် ဆိုတာကိုမသိလို့၊ ဒီလိုအကြောက်လွန်တာ၊ သူများကိုကိုယ်ချင်းမစာဘဲ ခွဲခြားနှိမ့်ချ ရှောင်ကြဉ် ဒုက္ခပေးတတ်ကြတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်လို့ ရောဂါကိုကြောက်တိုင်း၊ ရောဂါရှိသူ၊ ရောဂါပိုးရှိသူတွေကို ကြောက်မယ်၊ ရွံမုန်းမယ်၊ ရှက်စရာလို့ မြင်မယ်ဆိုရင် ဒီပုဂ္ဂိုလ်တွေကို ခွဲခြားနှိမ့်ချ ဒုက္ခပေးမိတတ်ကြပါတယ်။
ဒီလိုနဲ့ သူတစ်ပါးအခွင့်အရေးကို မတရားချိုးဖောက်မိကြပြီး သက်ရှိသတ္တဝါတွေ သဘောသဘာဝအရ ရှင်သန်နေထိုင်ဖို့ ရှောင်ရှားရုန်းကန်ကြရတော့ AIDSရောဂါ ပြန့်ပွားမှုပိုဆိုးတဲ့ အဖြစ်ကိုရောက်ရတာပါပဲ။ ကြောက်လို့ရှောင်ကာမှ တည့်တည့်တိုးရတာမျိုးဖြစ်တတ်ပါတယ်။ ဥပမာပေးရရင်တော့ မြစ်ထဲမှာ လူအပြည့်တင်ပြီးသွားနေတဲ့ သင်္ဘောတစ်စီး မိုးကြီးလေကြီးကျတော့ ရေစိုမှာကြောက်လို့ လူတွေမိုးလွတ်တဲ့ဘက် အလုအယက်တိုးရှောင်ကြရင်း ဟန်ချက်ပျက်လို့ သင်္ဘောတိမ်းမှောက်တော့ ရေစိုရုံသာမက အသက်ပါဆုံးရတဲ့ ဥပမာမျိုးပါ။ ဒါတွေဘယ်လိုဖြစ်ရသလဲဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။ လူတွေက လိင်ကိစ္စအကြောင်းရှက်လို့၊ မကောင်းလို့ဆိုပြီး မပြောကြ မဆွေးနွေုးကြဘူး၊ မူးယစ်ဆေးစွဲပုံ သဘောသဘာဝကိုလည်း ကိုယ်တိုင်မကြုံဘူးတော့ မသိဘူး၊ AIDSအကြောင်းလည်း မစို့မပို့သိထားတော့ ကြောက်ကြ၊ တစ်ခါ ပညာပေးဆွေးနွေးဟောပြောတာတွေကလည်း ခြောက်လှန့်ထားတာတွေပဲများပြန်တော့ လူထုအနေနဲ့ အကြောက်လွန်လာပြီး ဒီရောဂါရှိသူတွေ၊ ရှိမယ်ထင်သူတွေ၊ ပတ်သက်သူတွေကို ကြောက်ရွံမုန်းစိတ်တွေဖြစ်ပြီး မတရားနှိမ့်ချမိတတ်ကြပါတယ်။ ဒီလိုနဲ့ လူတစ်ယောက်ရဲ့ အခွင့်အရေးကို မတရားသွားပြီးချိုးဖောက်ရင်း နှိပ်စက်၊ ဒုက္ခပေးမိတတ်ကြပါတယ်။ ဒီတော့ အလိုလိုကမှ ဒုက္ခရောက်နေတဲ့ ကာယကံရှင်တွေမှာ ထပ်တိုးလာတဲ့ လူမှုရေး၊ စိတ်ဓာတ်ရေးရာ ဒုက္ခတွေကို ရှောင်ရင်းပုန်းရင်းနဲ့ ရောဂါပိုပြန့်မယ့်အဖြစ် ရောက်တတ်ပါတယ်။ ဥပမာပေးရရင် လူနာတစ်ယောက်ကို AIDSဖြစ်နေလို့ဆိုပြီး ပုဂ္ဂလိကဆေးရုံးတစ်ခု ပိုက်ဆံအဆမတန်ပိုတောင်းတာတွေ၊ ဆေးရုံမှာ လက်မခံချင်တာ၊ လက်ခံရင်လည်း သေသေချာချာကုသမပေးဘဲ ရွံသလိုလို၊ နှိမ်သလိုလိုလုပ်နေတာတွေ ရှိတတ်ပါတယ်။ ဒီလို ဒုက္ခပေးရင် နောက်တစ်ခါ ဆေးရုံတက်တဲ့အချိန်ကျ ကိုယ်မှာ HIVရောဂါပိုးရှိတာ ဘယ်ပြောတော့မလဲ၊ ဆေးရုံတွေမှာ မပြချင်လို့၊ ရှက်လို့၊ စိတ်ညစ်လို့ ရွာပြန်ပြီးဆေးကုရင် ရွာမှာအပ်ပုန်းဆေးထိုးတာခံရပြီး အပ်ပုန်းရဲ့ တခြားလူနာတွေဆီ ရောဂါဖြန့်မိလျက်သားဖြစ်ရပါတယ်။
ဒါကြောင့် တစ်ကမ္ဘာလုံး AIDSကာကွယ်ရေးလုပ်ရမှာ Fear, Stigma နဲ့ Discrimination တွေ လျော့ပါးအောင် အထူးကြိုးစား လုပ်ဆောင်နေကြပါတယ်။ ကျန်းမာရေးဌာနက ခုခံအား/ကာလသား ရောဂါစီမံချက်အနေနဲ့ရော၊ ကုလသမဂ္ဂအဖွဲအစည်းတွေရော၊ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲအစည်းတွေကပါ ရောဂါရှိသူ၊ ပိုရှိသူတွေကို မနှိမ်ခိ၊ ဒုက္ခမပေးကြအောင် ကာကွယ်တိုက်တွန်းရင်း ပြုစုကုသနေကြပါတယ်။ HIVပိုးရှိသူတွေရော၊ ပိုးမရှိသေးသူတွေရော၊ ကိုယ်မှာပိုးရှိမှန်းမရှိမှန်းမသိသူတွေပါ အားလုံးဝိုင်းဝန်းလက်တွဲကာကွယ်ကြမှသာ ကမ္ဘာပေါ်မှာ AIDSပြန့်ပွားမှုကို ကာကွယ်နိုင်ပါမယ်။ ဆေးကုသပေးတာလည်းလုပ်ကြ၊ AIDSကာကွယ်ရေးကို စနစ်တကျ လုပ်ကိုင်နေတဲ့ အဖွဲအစည်းတိုင်းမှာ ဒီလိုလုပ်ငန်းမျိုးတွေ လုပ်ပေးနေကြပါတယ်။ AIDS ကြောင့်ဖြစ်ပေါ်လာတတ်တဲ့ ကြောက်ရွံမုန်းတာ၊ မတရားခွဲခြားနှိမ်ချတာတွေ လျော့ပါးသက်သာအောင် ကူညီချင်တယ်ဆိုရင်တော့.....
💎 ဘယ်သူတွေမှာ HIVပိုးရှိလေမလဲလို့ လိုက်မရှာပါနဲ့။
💎 တစ်ယောက်ယောက်မှာ HIVပိုးရှိတာကို သိခဲ့ရရင် အဲ့ဒီအကြောင်းကို ကာယကံရှင်ကလွဲလို့ တစ်ခြားဘယ်သူမှ မသိအောင် ကူညီလျှို့ ဝှက်ထားပေးပါ။
💎 အဲ့ဒီပုဂ္ဂိုလ်ကိုလည်း လိုက်သနားပြနေစရာမလိုဘဲ၊ ရောဂါပိုးမရှိသူများနဲ့ တန်းတူဆက်ဆံ ထိတွေ့ကူညီဖို့သာလိုပါမယ်။
💎 AIDSရောဂါဟာ အလွယ်တကူ မကူးနိုင်တဲ့၊ အလွန်အကျွံ ကြောက်စရာမလိုတဲ့ ရောဂါတစ်ခုဖြစ်ကြောင်း၊ မကောင်းမှုဒုစရိတ်တွေကို ပြုမူသူတွေမှာသာ ဖြစ်တတ်တဲ့ရောဂါလည်း မဟုတ်ကြောင်းကို ကျယ်ကျယ်ပြန့် ပြန့်  သိရှိအောင်တင်ပြပေးလိုက်ပါတယ်။
နောက်တစ်ပိုင်းတွင် HIV/AIDS အထွေထွေအကြောင်းလေးရေးပါမယ် စောင့်မျော်အားပေးကြပါဦး။