အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
မနေ့က D.Buzz ရဲ့ သောကြာနေ့ ဓာတ်ပုံပြိုင်ပွဲမှာ V နဲ့စတဲ့စကားလုံးအလှည့်ကျပါတယ်... အဲဒီနေ့ပြိုင်ပွဲမှာ V နဲ့စတဲ့ စကားလုံးအတွက် စိတ်ကူးပေါက်မိတာက ဗင်နီကာ(Vinegar)ဖြစ်လေတော့ ဗင်နီကာ(Vinegar)ပုံနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်... အဲဒီမှာ ဗင်နီကာ (Vinegar)နဲ့ တွဲဘက်ဖြစ်တဲ့ မုန့်ဖုတ်ဆိုဒါ(Baking Soda)ကိုလည်း ရောတင်ခဲ့ပါတယ်...
အဲဒီမှာ မိတ်ဆွေတွေကို မုန့်ဖုတ်ဆိုဒါ(Baking Soda)နဲ့ပတ်သက်တာလေး မျှဝေချင်စိတ်ပေါက်လာခဲ့ပါတယ်... ဒါကြောင့် ဒီနေ့တော့ မုန့်ဖုတ်ဆိုဒါ(Baking Soda)နဲ့ပတ်သက်တာလေးတွေကို သိသလောက်လေး ပြန်လည် မျှဝေချင်ပါတယ်... ကျန်းမာရေးအတွက် အသုံးပြုနိုင်သလို အလှအပကြိုက်သူတွေလည်း သုံးနိုင်ပါတယ်... ရေးချင်နေတာကြာပြီဖြစ်ပေမယ့် အခုမှ ကြုံကြိုက်လို့ ရေးဖြစ်ခဲ့ပါတယ်... အသုံးတည့်သလို အလွယ်တကူရှာလို့လည်းရတဲ့အတွက် အခုလိုမျှဝေခြင်းဖြစ်ပါတယ်... စာရှည်သွားရင်တော့ ခွင့်လွှတ် သည်းခံဖတ်ကြပါ...
နာမည်ကိုက မုန့်ဖုတ်ဆိုဒါလို့ဆိုထားတဲ့အတွက် မုန့်ဖုတ်တဲ့နေရာမှာ အသုံးတည့်တာ သေချာနေပြီ... မုန့်ဖုတ်တာကိုတော့ နားမလည်တော့ မရေးတော့ဘူး... မုန့်ဖုတ်ဆိုဒါက မြန်မာလိုမွေးစားထားတဲ့စကားလုံးဖြစ်ပြီး သူ့ရဲ့ဓာတုအခေါ်အဝေါ်က ဆိုဒီယမ် ဘိုင် ကာဗွန်နိတ်(Sodium Bicarbonate)ဖြစ်ပါတယ်... သူ့ရဲ့ ဓာတု Equation က NaHCO3 ဖြစ်ပါတယ်... ဓာတုနဲ့ကျောင်းပြီးထားသူဆိုတော့ ဒါလောက်တော့ ပြောလို့ရပါသေးတယ် 😅

မုန့်ဖုတ်ဆိုဒါ(Baking Soda)
အသုံးဝင်ပုံလေးတွေကတော့___
မုန့်ဖုတ်ဆိုဒါဆိုတဲ့အတိုင်း မုန့်တွေကိုကြော်စားကြမယ် မုန့်ဖုတ်ဆိုဒါလေးထည့်နယ်ပြီးတော့ ကြော်စားမယ်ဆိုရင် ပိုကြွတ် ပိုရွ ပိုဖောင်းလာပါတယ်နော်... အီကြာကွေးတို့ ပလာတာတို့ ဆိုတာ မုန့်ဖုတ်ဆိုဒါနဲ့မကင်းတဲ့အရာတွေပဲဗျ... ဆိုတော့ မုန့်နဲ့ ပတ်သက်တာအတော်များများမှာ သုံးလို့ရတယ်ပေါ့...
သွားတိုက်တံရေဆွတ် မုန့်ဖုတ်ဆိုဒါအမှုန့်နဲ့တို့ပြီး သွားတိုက်မယ်ဆိုရင် သွားတွေကို ဖြူဖွေးစေတဲ့အပြင် သွားကြို သွားကြားထဲမှာရှိနေတတ်တဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်... ဘက်တီးရီးယားတွေရှင်းသွားတဲ့အတွက် ခံတွင်းအနံ့ကိုလည်း ကောင်းမွန်စေပါတယ်...
ဆိုတော့ သွားကျန်းမာရေး သွားဖုံးကျန်းမာရေးကောင်းစေတယ်ပေါ့ဗျာ...
ချိုင်းချွေးထွက်ပြီး အနံ့အသက်ဆိုးရွားတာတွေကိုလည်း မုန့်ဖုတ်ဆိုဒါကို ပေါင်ဒါမှုန့်လို သုတ်လိမ်းပြီး ဖယ်ရှားနိုင်ပါတယ်...
ကောင်းလေစွ... ချိုင်းချွေးအနံ့ဆိုးကို ဖယ်ရှားဖို့ ဈေးကြီးတဲ့ အသုံးအဆောင်တွေ ဝယ်သုံးဖို့ မလိုတော့ဘူးပေါ့... ငွေကုန်သက်သာပြီလေ...
ရေချိုးတဲ့ ရေပုံးထဲကို မုန့်ဖုတ်ဆိုဒါ ၂၅ ကျပ်သားလောက်ထည့်မွှေပြီး ချိုးမယ်ဆိုရင် ပျိုပျိုမေတွေ ကိုကိုကေ တွေရဲ့ အသားအရည်ကိုလည်း နူးညံ့စေပါတယ်... မျက်နှာသစ် ဆပ်ပြာတွေကို အသုံးပြုစရာမလိုပဲ မုန့်ဖုတ်ဆိုဒါနဲ့ ရေကို သုံးဆ တစ်ဆလောက်ရောမွှေပြီး မျက်နှာသစ်ပေးရင် အသားအရေကို နူးညံ့စေပါသတဲ့ဗျာ...
အခုလို ငွေကြေးအခက်အခဲတွေ ကြုံနေရတဲ့အချိန်မှာ မကုန်သင့်တာတွေ မကုန်အောင် ထိန်းသိမ်းနိုင်တာပေါ့...
ဝက်ခြံတွေကိုလည်း မုန့်ဖုတ်ဆိုဒါနဲ့ အလွယ်တကူရှင်းပစ်နိုင်ပါတယ်... ရေနဲ့မုန့်ဖုတ်ဆိုဒါကို မပျစ်မကျဲအနေတော်လေးလုပ်ပြီးတော့ ဝက်ခြံကို အုပ်ထားပြီး ၁၅ မိနစ်လောက်နေရင် မျက်နှာသစ်ပေးရင် အလွန်ဆုံး ၅ ရက်လောက်ဆို ဝက်ခြံတွေ ဆားဝက်ခြံတွေပါ ပျောက်ကင်းပါတယ်...
ဝက်ခြံတွေထွက်တတ်တဲ့ ကိုကိုတွေ မမတွေအတွက်လည်း အလွန်အသုံးတည့်တာပေါ့...
နေလောင်ကွက်တွေ အရေပြားပေါ်မှာဖြစ်တတ်တဲ့ အဖုအကြိတ်တွေကိုလည်း ရေနဲ့မုန့်ဖုတ်ဆိုဒါဖျော်ပြီး မကြာခဏလိမ်းပေးမယ်ဆိုရင် ပျောက်ကင်းသက်သာစေနိုင်ပါတယ်... ကိုယ်ခန္ဓာက ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်... ဆဲလ်အသေတွေဆိုတာ အသားမာအဖြစ်ပေါ်လာကြတာပါ... ဒီတော့ အသားမာတွေကို မုန့်ဖုတ်ဆိုဒါနဲ့ရေ မပြစ်မကျဲရောပြီး အုံပေးထားမယ်ဆိုရင်လည်း အသားမာတွေကို ပျော့သွားစေပါသတဲ့... မြင်သာအောင်ပြောရရင် တံတောင်တွေမဲနေတာ ဒူးတွေမဲနေတာကိုလည်း ပျောက်ကင်းစေတယ်ပေါ့...
အဝတ်တွေ စွန်းထင်းခဲ့ရင်လည်း မှုန့်ဖုတ်ဆိုဒါနဲ့လျှော်ဖွတ်ပေးမယ်ဆိုရင်လည်း အစွန်းအထင်းတွေ ပျောက်နိုင်ပါသတဲ့... ရေခဲသေတ္တာတွေမှာ အနံ့ဆိုးတွေထွက်နေလို့ စိတ်ညစ်နေတယ်ဆိုရင် ရေခဲသေတ္တာထဲက ပစ္စည်းတွေအကုန်ထုတ်ပြီး မုန့်ဖုတ်ဆိုဒါ တစ်ပန်းကန်ထည့်ထားလိုက်ပေတော့ဗျို့...
ပါးစပ်တွေမှာအနာတွေပေါက်ရင်လည်း မုန့်ဖုတ်ဆိုဒါကိုရေထဲထည့်ဖျော်လို့ ပါးစပ်ဆေးရည်လုပ်ပြီး အာလုတ်ကျင်းပေးမယ်ဆိုရင် သက်သာပျောက်ကင်းစေပါတယ်...
မုန့်ဖုတ်ဆိုဒါ နဲ့ ဗင်နီကာ(Vinegar)ရောမယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက်လာပါတယ်... အဲဒီထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ပူစီပေါင််းလေးတွေကို လေဖြည့်တင်းနိုင်ပါတယ်... မုန့်ဖုတ်ဆိုဒါကို ရေသန့်ပုလင်းငယ်ထဲထည့်ပြီး အပေါ်ကနေ ဗင်နီကာလောင်းထည့်ပြီး အဖုံးကိုလုံအောင်ပိတ်ကြည့်ရင် ပေါက်ကွဲမှုကို မြင်နိုင်ပါတယ်... အဲဒီအရောအနှောနဲ့ ပန်းကန်တွေ အိမ်သုံးပစ္စည်း မီးဖိုချောင်ပစ္စည်းတွေကို သန့်စင်ပေးနိုင်ပါတယ်... ပိုးမွှားလည်း ကင်းစေပါတယ်...

ရှာလကာရည် ခေါ် ဗင်နီကာ(Vinegar)
အဲဒီအရောအနှောက အချိုးအဆများသွားရင်တော့ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပေါက်ကွဲမှုကို ဖြစ်စေမယ်ထင်တဲ့အတွက် အများကြီးတော့ မစမ်းသင့်ပါ...
အခြားအသုံးတည့်တဲ့အချက်တွေ အတော်များများကျန်ပါအုံးမယ်... အဓိကရေးလိုတာက ဈေးသက်သက်သာသာနဲ့ ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ရော သိပ္ပံဆိုင်ရာအတွက်ပါ အသုံးတည့်လွန်းတဲ့ မုန့်ဖုတ်ဆိုဒါကို အိမ်တိုင်းမှာ ဆောင်ထားသင့်ကြောင်း အကြံပြုလိုတာဖြစ်ပါတယ်... အနည်းငယ်လောက် ဗဟုသုတရစေမယ်ဆိုရင် စာရှည်ရှည်ရေးရကျိုးနပ်ပါပြီ...
အားလုံးကို လေးစားလျှက် -