တော်သလင်းနေ ပုဇွန်သေ/ တော်သလင်းမိုး ကန်သင်းကျိုးဟူသော မြန်မာတို့၏ ဆိုရိုးစကားရှိပါသည်။ပူပြန်တော့လည်း ပူ၊ ရွာပြန်တော့လည်း မစဲနိုင်လွန်းသည့်ရွှေမိုးမင်းက ယာလုပ်ငန်းဝင်ရောက်ကြတော့မည့် တောင်သူဦးကြီး များအား အခက်ကြုံနေစေတော့၏။လယ်ယာစိုက်ပျိုးပြီးစီး၍ ယခုလို ထွန်တုံးပစ်ကာလတွင် တောင်သူလယ်သမားများသည် မိမိတို့၏ ယာခင်းများတွင် ပြောင်း၊နှမ်း၊ပဲ အမျိုးမျိုးတို့အား စိုက်ပျိုးနိုင်ရန်အတွက် ယာခင်း ဝင်ရောက်ကြရသည့် ကာလတည်းဖြစ်ပေသည်။
ကောက်ရိတ်မသိမ်းမီ ကာလအတွင်း ယာခင်းများအား အချိန်မီပြီးစီးအောင် အားထုတ်လုပ်ကိုင်နေကြရသော တောင်သူဦးကြီးတို့အတွက် အစိုးမရသောမိုးက ဒုက္ခပေးနေရော့လ။နေ့စဉ်ရက်ဆက် မစဲနိုင်အောင် ရွာနေသော ဒီမိုးကြောင့် ယာလုပ်ငန်းများ နားနေကြရပြီး ဝါးခုတ်၊မျှစ်ချိုး လက်လုပ်လက်စားသမားများလည်း အခက်တွေ့နေကြရပါသည်။ကောက်ပင်များ စိမ်းစိုညိုမှိုင်း၍ ကောက်ငန်းလှန်စ ရာသီမို့ ယခုလို မိုးများ၍ ရေကြီး ရေလျှံဖြစ်မည်ကို တောင်သူများ စိုးရိမ်နေကြရသည်။
ဒုတိယရေကြီး ကာလဟု သတ်မှတ်ထားသော ဝါခေါင်လ( ဩဂုတ်လ)တွင် ယခင်နှစ်များကဲ့သို့ ကြီးမားသောရေမျမလာသေး၍လည်း အနည်းငယ် သက်သာရာ ရပေသည်။ ယခုအချိန် တတိယရေကြီးကာလဖြစ်သော တော်သလင်းလရာသီအား စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်းကြရဦးမည်။ကောက်စိုက်စောသည့် တောင်သူအချို့၏ လယ်မြေများမှ ကောက်စောစပါးများပင် ကောက်သားဝင်လို့ နေကြပေပြီ။ရာသီဆက်တိုက်ဆိုသလို ဒုက္ခပေးနိုင်လွန်းသည့် မိုးကြောင့်လည်း ယခုလို ရက်ဆက်မိုးရွာခဲ့လျှင် တောင်သူများအဖို့ စိုးထိတ်ကြရစမြဲ။တစ်ဖန် ချောင်းကမ်းနဲ့ နီးသော လူအချို့ပင်လျှင် ရေလျှံမည်ကို စိုးရိမ်သဖြင့် မိမိတို့၏ ကျွဲနွား များအား ကုန်းမြင့်ရာသို့ ပို့လွှတ်ပြီး လိုက်ကျောင်းကြရပေသည်။
'မိုးပြိုတယ်' ဆိုသော စကားကို သူတို့ ကြားဖူး၊ပြောဖူးနေတာ နှစ်တိုင်းလိုလိုပင်။လက်ရှိအချိန်အထိတော့ ထိုစကားသည် အားလုံးစုံ မမှန်သေး။ယခု ပြိုနေသောမိုး၏ ဒဏ်ကို အဓိကခံနေရသည်က သူတို့ တောင်သူလယ်သမားများပင်ဖြစ်ပေလိမ့်မည်။သွန်းဆက်နိုင်လွန်းသော မိုးအား တားလို့ရလျှင် တားကြပေလိမ့်မည်။ မိုးအားရွာစေလိုလျှင် ငါးရံ့မင်း ပရိတ်တော်အားရွတ်ဖတ်ရသည်တဲ့။ ယခု မိုးအားတိတ်စေချင်ပါက မည်သည့်ပရိတ်တော်အား ရွတ်ဖတ်ရပါမည်နည်း။
တော်သလင်း တိမ်ညို စားဖိုသည် ဆင်းရဲ မိုးမစဲ ဆိုသည့် လူကြီးများ၏ စကားက ယခုအခါနှင့် အံဝင်ခွင်ကျရှိနေ၏။ရွာသွန်းသည့်မိုးကြောင့် တောသူတောင်သားတို့၏ သဘာဝ ရွာပြင်ထွက်၍လည်း ဟင်းသီးဟင်းရွက်မျ မရှာနိုင်ဖြစ်ရသည်။ယာသမားတို့ အလေ့ထတစ်ခုလိုဖြစ်နေသော ယာခင်းတဲတွင် ထင်းခြောက်တုံးများရှာ၍ မီးဖိုထင်းအဖြစ် ဆိုက်ထည့် အသုံးပြုကြရပြီး တစ်နှစ်တစ်သီးစား စိုက်ပျိုးကြသဖြင့် ယာခင်းတဲများတွင် ထင်းများ ကြိုတင်၍ စုမထားခြင်းကလည်း ယခုမိုးနှင့် အခက်ကြုံကြရချေပြီ။ဟင်းကမရှိ ထင်းကရှားသည်မို့ စားဖိုသည်များဆင်းရဲမည်ဆိုပါက ဆင်းရဲရှာပေလိမ့်မည်။စားဖိုသည်မျှမက ပို၍ဆင်းရဲသည်က မိုးစိမ့်စိမ့်ထဲ ခမောက်ကလေးများကိုယ်စီ ဆောင်းလျှက် ကျွဲ၊နွား နောက်လိုက်ကာ တနေကုန် ကျောင်းနေကြရသည့် ကျွဲ၊နွား ကျောင်းသားများ ဖြစ်ကြပေလိမ့်မည်။
မိုးဖြူ မစဲ၊မိုးမည်းမရွာ ဟူသည့် စကား ရှေးလူကြီးများ ဆိုထားရစ်ခဲ့ကြပါသည်။ ရှစ်ခွင်ပိန်း၍ ပြိုတော့မည့်ဟန် အဆင်းသဏ္ဍာန်က ရွာမြဲနေဦးမည်ဆိုသည့် တိမ်ဝဠာ၏ အငြိုးများလေလား။မိုးရေဖြင့် ပြည့်လျှံလာသည့် ချောင်းငယ် ၊မြောင်းငယထဲရှိ ရေများကလည်း လယ်မြေကန်သင်းကို ချိုးဖို့ တာစူနေကြပြီထင့်။မိုးသံနဲ့အပြိုင် ပျံလွှင့်လာသည့် ချောင်းရေစီး၏ အော်မည်သံများက လယ်သမားများအား အိမ်မက်ဆိုးများ မက်နေစေသည့် အလားပမာ။ယခင်နှစ်များရေကြီးခဲ့၍ သူတို့၏ လယ်ယာမြေများ ပျက်စီးပြီး ပြန်လည်တူးဖော် စိုက်ပျိုးခဲ့သည်မှာ နှစ်လပင် မကြာသေးချေ။ ယာခင်းများ မလုပ်ကိုင်နိုင်သည့်အခြေအနေက အရေးမဟုတ်သော်လည်း ၎င်းတို့၏ စိုက်ပျိုးပြီး လယ်ယာမြေများကိုတော့ အပျက်အစီး အဆုံးအရှုံး မခံနိုင်ကြသည်မှာ လယ်သမားအားလုံး၏ တူညီသော ဆန္ဒပင် မဟုတ်ပါလား။
တနှစ်တာ ပင်ပန်းခံခဲ့ရသမျှ ဒီမိုးလွန်လျှင် သူတို့အတွက် အနည်းငယ် စိတ်သက်သာရာ ရသော်လည်း ရိတ်သိမ်းချိန်တွင် အခါလွန်မိုးက ဒုက္ခပေးတတ်ပြန်သေး၏။မည်သို့ပင် ဆိုစေ ဒီလယ်ယာရှိသေးသ၍ ဒီမိုးနှင့်တောင်သူ မျှော်ပြန်ရင်း၊ပေါ်လာရင်း၊ ပူပြင်းရင်း၊ရွာပြန်ရင်းဖြင့် ဆဲကာဆူကာ ကျိန်ဆဲကာသာ ထာဝရ ရှင်သန်ပေါင်းဖော်ရင်း နေသွားကြရဦးမည် ဖြစ်ပေသတည်း။
Images from Google.