အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီနေ့မနက် အင်တာနက်လေးဖွင့် steemit feed ကိုကြည့်လိုက်တော့ ကိုယ်တွေ gp1 က pro တင်ရမဲ့ရက်ဆိုတာ သိလိုက်ရတယ်။ အဲဒါမှပြသနာပဲ။ ကြိုတင်ရေးထားပြီးသားကလည်း မရှိသေးဘူးလေ။ ဟိုဟာရေးရမလိုလို ဒီဟာရေးရမလိုလို စဉ်းစားနေရင်း Skynet က လာနေတဲ့ဇာတ်ကားကို တစ်ချက်ကြည့်လိုက်တော့ ဇာတ်ကားနံမည်က " နံမည်တစ်လုံးနဲ့ လူ " တဲ့ခင်ဗျ။ ဇာတ်ကားနံမည်မြင်ပြီး ရေးစရာ စဉ်းစားလို့ ရသွားတယ်။ ကျွန်တော် အရင်က နံမည်တစ်လုံးနဲ့လူအဖြစ် ခဏတာ ဟန်ဆောင်ခဲ့ဖူးတာ အမှတ်ရသွားတယ်ဗျို့။
Credit image source
2001- 2002 ခုနှစ်တုန်းက ကျွန်တော်ဆယ်တန်းတက်တဲ့အချိန်မှာ အိမ်ကကျွန်တော့်ကို sport စက်ဘီလေးတစ်စီးဝယ်ပေးတယ်ဗျ။ ဆယ်တန်းနှစ်တစ်ခုလုံး ဒီစက်ဘီးလေးနှင့် ကျောင်းသွားကျောင်းပြန်လုပ်ရတဲ့အပြင် စာမေးပွဲဖြေလို့ပြီးသွားတော့လည်း ဒီစက်ဘီးလေးက ကျွန်တော့်အတွက်အသုံးစရိတ်ကို လုံလောက်အောင် ရှာဖွေပေးနိုင်ခဲ့တယ်။အဲဒီခေတ်က တရုတ်ဆိုင်ကယ်တွေ ရွာဘက်ကို မရောက်သေးတော့ လူအများစုက သွားရေးလာရေးမှာ စက်ဘီကိုသာ အားကိုးအားထားပြုရတဲ့ အချိန်ဆိုပါတော့ဗျာ။ ဂျပန်ဆိုင်ကယ်စီးနိုင်တဲ့သူတွေရှိကြပေမဲ့ စီးနိုင်တဲ့သူက ရွာမှာလက်ချိုးရေလို့ရတယ်။ ဒါကစကားချပ်ပါ ရှိစေတော့။
Credit image source
ကျွန်တော်တို့ရွာမှာ ဒုရဲအုပ်အဆင့်စခန်းထိုင်တဲ့ ရဲစခန်းလေးရှိတယ်ဗျ။ အဲဒီရဲစခန်းက ကျွန်တော်တို့အိမ်နှင့် ကပ်ရက်ဆိုတော့ စခန်းထဲမှာ ရှိတဲ့ စခန်းမှူးအပါအဝင် လက်အောက်ငယ်သားရဲသားလေးတွေ ရဲကတော်တွေနှင့်ပါ ခင်မင်မှုကရှိနေတယ်။ ရဲတွေနှင့်ပိုပြီးခင်မင်ရင်းနှီးမှု ရှိစေမဲ့အကြောင်းတွေကလည်း ရှိသေးတယ်ဗျ။ ညနေခင်းတွေဆို ရဲပေါက်စလေးတွေက စခန်းထဲမှာ ပိုက်ကျော်ခြင်းနေ့တိုင်းခတ်ကြတာဆိုတော့ ကျွန်တော်လည်းအမြဲတမ်းသွားသွားကစားဖြစ်တယ်။
Credit image source
ကျွန်တော် ဆယ်တန်းစာမေးပွဲ ဖြေပြီးလို့ အောင်စာရင်းစောင့်နေတဲ့အချိန် မုန့်ဖိုးလေးဘာလေးရအောင်ဆိုပြီး ချဲတို့နှစ်လုံးတို့ ကော်မရှင်စားရောင်းသေးတယ်။ ချဲ နှစ်လုံးက ဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်ဖြစ်ပေမဲ့ ကျွန်တော်ကတော့ မကြောက်ပေါင်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကော်မရှင်စား ယူရောင်းနေတာက စခန်းမှူးကတော်ဒိုင်ကိုင်တဲ့စာအုပ်လေ။ချဲရောင်းတဲ့သူတွေ ရဲကြေးဆောင်ရပေမဲ့ ကျွန်တော်ကတော့ ရဲကြေးမဆောင်ရတဲ့သူဆိုပါတော့။
Credit image source
ရွာမှာ တာဝန်ကျနေတဲ့ ရဲကလေးတွေကလည်း သူ့ဟာနဲ့သူတော့ အကြံအဖန်ရှာတတ်ကြတယ်ဗျ။ ရွာနီးချုပ်စပ်ဘေးရွာတွေက အရက်ပုန်းချက်တဲ့အိမ်တွေကို ရဲကြေးသွားတောင်းတာတို့ ကြက်ဝိုင်းဖဲဝိုင်းသတင်းကြားရင် လူလုံးသွားပြတာတို့ လုပ်တတ်ကြတယ်။ ကြက်ဝိုင်း ဖဲဝိုင်းမှာ ရဲက လူလုံးသွားပြပြီဆိုမှတော့ သောက်ဖိုးစားဖိုးတော့ အသာကလေးရပြီပေါ့လေ။ ဒါပေမဲ့ အဲ့လောက်လေးက သူတို့အတွက် အပေါ်ယံ ဂွင်လောက်ပဲ ရှိသေးတာဗျ။ ဂွင်ကြီးကြီးတစ်ခုရှိသေးတယ်။
ကျွန်တော်တို့ ရွာလေးက ရေဦးမြို့လေးနှင့် သိပ်မဝေးလှသလို မူးမြစ်နှင့်လည်း မလှမ်းမကမ်းမှာရှိတယ်။ ရွေဘိုဘက်ကို သွားပြီးရောင်းတတ်တဲ့ နွားကုန်သည်တွေဟာ မူးမြစ်ကမ်းပါးဘေးကနေ နွားတွေကိုမောင်းပြီး သွားတတ်ကြတယ်။ ရွာကရဲလေးတွေရဲ့ အဓိကဂွင်က နွားအုပ်စောင့်ဖမ်းတဲ့အလုပ်ပဲဗျ။ နွားကုန်သည်တွေ့ရင် သူတို့အတွက် ဝင်ငွေက အရမ်းဖြောင့်တာရယ်။ နွားအရွယ်အစားပေါ်မူတည်ပြီးတော့ တစ်ကောင်ကို ငါးရာလောက်ကနေ တစ်ထောင့်ငါးရာလောက်အထိ ရဲကြေး သဘောမျိုးရကြတယ်။ ဒါပေမဲ့ နွားကုန်သည်က စခန်းကို လာပေးတာတော့ မဟုတ်ဘူးပေါ့။ရဲတွေက စောင့်ဖမ်းရတာရယ်။
Credit image source
နွားကုန်သည် ဖြတ်သွားဖြတ်လာကို သွားချောင်းဖို့ ရဲလေးတွေ စက်ဘီးစီးပြီးသွားရတာပေါ့ဗျာ။ အဲဒီရဲတွေထဲမှာ " ဆွေမြင့် " ဆိုတဲ့ရဲက ကျွန်တော်နှင့် တော်တော်ခင်တယ်။ နွားအုပ်တစ်အုပ်တွေ့ရင် စက်ဘီးတစ်စီးစာမကဘူး ရပေမဲ့ " ဆွေမြင့် " ဆီစက်ဘီးက ဘယ်တော့မှ ကြာကြာမမြဲဘူးရယ်။ ဘာဖြစ်လို့ဆို သူက ဖဲရိုက်ရိုက်ပြီး ရှုံးပစ်လို့ပဲ။ ဆွေမြင့် သူ့လက်ထဲ စက်ဘီးလဲမရှိ ပိုက်ဆံလည်းမကပ်တဲ့အချိန်ဆို ကျွန်တော့်စက်ဘီးကို ငှားပြီး နွားအုပ်အလာကို သွားချောင်းတော့တာပဲ။ ကျွန်တော် ကိုယ်တိုင် သူနှင့်လိုက်သွားရင် နွားကုန်သည်ဆီက ရတဲ့ငွေ တစ်ဝက်ခွဲပေးတယ်။ မလိုက်နိုင်လို့ စက်ဘီးပဲ ငှားပေးလိုက်တယ်ဆိုရင် သုံးပုံတစ်ပုံပဲ ရတယ်။ ဒါကြောင့်ပြောတာ ကျွန်တော့်စက်ဘီးလေးက ကျွန်တော့်ကို လုပ်ကြွေးတယ်ဆိုတာလေ ။ အဟဲ။
ရဲတွေက နွားကုန်သည် သွားစောင့်တာ အလှည့်ကျ စောင့်ရတာဗျ။ တစ်ယောက်တစ်လှည့် အလှည့်ကျတဲ့နေ့သွားတဲ့သူက အဲဒီနေ့စာ ရတာယူပဲ။ နွားအုပ်နဲ့ မတွေ့ခဲ့လည်း သူ့ကံပဲပေါ့။ အဲလို ခွဲတမ်းချထားကြတယ်။ ဆွေမြင့် အလှည့်ကျတဲ့ရက်ဆို သူပဲကံကောင်းတာလား ကျွန်တော်ပဲ ကံကောင်းတာလား မသိဘူး။ နွားအုပ်အမြဲတမ်းတွေ့ရတယ်။ နွားအုပ်တွေ့တော့ ပိုက်ဆံရတာပေါ့ဗျာ။တစ်ခါတစ်လေ ကျွန်တော်သူနဲ့အဖော်လိုက်သွားတတ်ပြီး တစ်ခါတစ်လေ စက်ဘီးပဲ ငှားပေးလိုက်တယ်။ ဆွေမြင့်သွားပြီဆိုရင်တော့ နွားကုန်သည်နဲ့ တွေ့ကိုတွေ့တာပါပဲ။
တစ်ရက် ကျွန်တော် စက်ဘီးလေးနင်းပြီး ရေဦးကို အိမ်ကဝယ်ခိုင်းတဲ့ပစ္စည်းလေး သွားဝယ်ဖို့ ထွက်ခဲ့ပါတယ်။ ခါတိုင်း နွားကုန်သည်စောင့်ပြီး ဖမ်းတဲ့နေရာ ရောက်တော့ နွားအကောင် ခွန်နှစ်ဆယ်လောက် မောင်းပြီးသွားနေတာ တွေ့ရတယ်ဗျ။ ရွာပြန်ပြီး ဟိုကောင်တွေ သတင်းပေးရအောင်ကလည်း စက်ဘီးနင်းပြီးသွားရမှာ ရွာနဲ့က တော်တော်လှမ်းတယ် မှီမှာ မဟုတ်တော့ဘူး။ နွားအုပ်တွေ့ရင် ပိုက်ဆံရမယ်ဆိုတဲ့ အသိကလည်းရှိနေတယ်။ ဘာလုပ်လို့ လုပ်ရမှန်း ဝေခွဲမရဘူး ဖြစ်နေတာပေါ့ဗျာ။
နောက်ဆုံးတော့ ဖြစ်ချင်ရာ ဖြစ်လို့ ဆုံးဖြတ်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်း နွားအုပ်နောက် စက်ဘီးကိုနင်းပြီး လိုက်သွားတယ်။ မှီလာတဲ့အချိန်ကျ အာလုတ်သံ နည်းနည်းထည့်ပြီး နွားတွေမောင်းလာတဲ့ နွားကုန်သည်နှစ်ယောက်ကို " ဟိတ် ရပ်လိုက် " လို့ အော်လိုက်တယ်။ ခါတိုင်းဆွေမြင့်နှင့် လိုက်နေကျဆိုတော့ ဆွေမြင့် လုပ်သလို လုပ်ကြည့်တာပါပဲ။
နွားကုန်သည်နှစ်ယောက်က ရပ်လိုက်တဲ့ အချိန်မှာ သူတို့ကို ဘာစကားမှ ပေးမပြောပဲ ကိုယ်ကအရင်ဦးအောင် " ဘာမှစကားများမနေနဲ့ နွားတွေ အကုန် စခန်းကို မောင်းခဲ့လိုက် " လို့ပြောလိုက်တယ်။ ခါတိုင်းဆွေမြင့်နှင့်လိုက်သွားရင် သူလဲ ဒီလိုပဲ ပြောတာပဲလေ။ နွားကုန်သည် နှစ်ယောက်ပြူပြူးပျာပျာဖြစ်ပြီး " စခန်းထိတော့ မလိုက်တော့ပါဘူး ဆရာရယ် ဒီမှာတင် ပြီးအောင်ညှိရအောင်ပါ " တွေဘာတွေပြောလာကြတယ်။ အဟီး။
Credit image source
အဲဒါ နွားတစ်ကောင်ကို ပျမ်းမျှ ခြောက်ရာနှုန်းနှင့် ခွန်နှစ်ဆယ့်နှစ်ကောင်စာ ဖိုးရလိုက်တယ်။ ပြောရတာလဲ ကိုယ့်ပေါင်ကို လှန်ထောင်းဆိုသလို ကောင်းတော့ မကောင်းဘူးပေါ့ဗျာ။ ရဲ အတုအယောင်ဆောင် တစ်ခါက လုပ်ခဲ့ဖူးတာပြောပါတယ်။ အဲ့လို မလုပ်ခင် စဉ်းတော့ စဉ်းစားသေးတယ်ရယ်။ ဘာပြသနာဖြစ်နိုင်မလဲပေါ့။ စခန်းထိသာ သူတို့တစ်ကယ်လိုက်ခဲ့ရင်လည်း စခန်းမှူးနှင့် ရဲသားတွေက ကျွန်တော့်ကို ဆူတော့ ဆူမှာမဟုတ်ဘူးလို့ တွေးမိလို့ လုပ်ခဲ့မိတာပါပဲ။ နွားကုန်သည်တွေသာ ရဲစခန်းထိ လိုက်ခဲ့ရင်တော့ ပိုက်ဆံ ကျွန်တော်ရမှာ ဟုတ်တော့ပါဘူးပေါ့လေ။
ရွာပြန်ရောက်တော့ မနေနိုင်တာနဲ့ အဲ့ဒီအကြောင်းရဲတွေ ပြန်ပြောပြတော့ " အတော်ဆိုးတဲ့ကောင် " တဲ့။ မင်းကတော့ " ရဲထက်ဆိုးတဲ့ကောင်ပါကွာ " တဲ့။ " ဝေစုပေး " ဆိုပြီး တောင်းကြသေးတယ်။ ဝေစုတော့ မပေးတော့ဘူးဆိုပြီး အဲ့ဒီညက သူတို့အတွက် သောက်ဝိုင်းစားဝိုင်းလေး ဖန်တီးပေးလိုက်တယ်။" နောက်တော့ အဲ့လိုမလုပ်ပါနဲ့ကွာ " ဆိုပြီး ဆုံးမကြသေးတယ်။ နောက်လည်းမလုပ်ပါဘူး။ အဲဒီတစ်ခါတောင် ဘယ်လိုကဘယ်လို စိတ်ကူးပေါက်ပြီး ရဲ အယောင်ဆောင်သွားမိတယ် မသိပါဘူး။
အမှန်က နွားကုန်သည်နှစ်ယောက်မစဉ်းစားမိကြတာဗျ။ အဲဒီအချိန်က ကျွန်တော်က ဆယ်တန်းဖြေပြီးခါစ ချာတိတ်လေးရှိသေးတာ။ ရဲဖြစ်နိုင်လား မဖြစ်နိုင်လား မစဉ်းစားကြတာ သူတို့အပစ်ပဲလေနော့။
MSC : 014