ကျုပ်ကိုလူအများစုက ခေါ်ကြတာက ဦးရဲ လို့ခေါ်ကြပြီး အရမ်းခင်မင်ကြတဲ့သူတွေကတော့ " အကြပ်ကြီး " လို့ခေါ်ကြတယ်။ တကယ့် နံမည်အရင်းကတော့ " ရဲဝင်း " လို့ခေါ်တာပေါ့ဗျာ။ " ဦးရဲ " လို့ခေါ်ကြခြင်းကတော့ ကျုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်နဲ့ နံမည်နဲ့ တစ်ထပ်တည်းကျနေလို့ ခေါ်ကြခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။ " အကြပ်ကြီး " လို့ရင်းနှီးသူတွေက ခေါ်ကြတာက ကျုပ်က ရဲဘဝတုန်းက ရဲတပ်ကြပ်လုပ်ခဲ့လို့ ခေါ်ကြခြင်းပါ။ " အကြပ်ကြီး " လို့ခေါ်တာတော့ နားထဲတစ်မျိုးဖြစ်ပေမဲ့ ကျုပ်အတွက်တော့ နံမည်ဆိုတာ ပညတ်တစ်ခုလို့ သဘောထားတဲ့အတွက် ခေါ်ချင်သူတွေ ကြိုက်သလိုသာ ခေါ်ကြပါစေလေ ကျုပ်က သိပ်ဂရုစိုက်တတ်တဲ့လူသားတော့ မဟုတ်ပါဘူး။ အဲဒီတော့ ခင်ဗျားတို့လဲ " ရဲဝင်း " လို့ပဲ ခေါ်ခေါ် " ဦးရဲ " လို့ပဲ ခေါ်ခေါ် အဆင်ပြေသလိုသာ ခေါ်ကြပေရော။
Image source
ကျုပ်အကြောင်းသိချင်တာလား ။ နည်းနည်းတော့ ပြောပြရသေးတာပေါ့လေ။ အထက်ကဆိုခဲ့သလိုပဲ ကျုပ်က ရဲ လုပ်ခဲ့ဖူးတဲ့သူတစ်ယောက်ဗျ။ ရဲ ဆိုတာနဲ့ ခင်ဗျား နှာခေါင်းရှုံ့ သွားပြီမို့လား။ ခင်ဗျားဟာခင်ဗျား နှာခေါင်းမကလို့ ရှုံ့ချင်ရာ ရှုံ့ဗျာ ကျုပ်ကလည်း သိပ်ဂရုစိုက်တတ်တဲ့သူတော့ မဟုတ်ဘူးရယ်။ ဒါပေမဲ့ ကျုပ် ရဲဘဝတုန်းက ဖြတ်သန်းလာခဲ့တဲ့ အနေအထားကတော့ ခင်ဗျားတို့ ထင်နေသလို ယနေ့ခေတ်ဖြစ်ပျက်နေတဲ့ ရဲသားတစ်ယောက်ရဲ့ အသွင်နဲ့တော့ မတူတာအမှန်ပဲဗျ။ ကျုပ်က ရဲသာလုပ်ခဲ့တာရယ် ဒီနေ့ခေတ်ရဲတွေလို အများပြည်သူဆီက ရတာယူတတ်တဲ့ ရဲတော့ မဟုတ်ခဲ့ဘူးရယ်။ ကိုယ်ရတဲ့လစာလေးနဲ့ လောက်အောင်သုံးပြီး အများပြည်သူကို ဒုက္ခမပေးခဲ့ဘူးတဲ့ရဲတစ်ယောက်ဆိုပါတော့။
Image source
သြော် ခင်ဗျားက မယုံဘူးထင်တယ်။ ခင်ဗျားယုံတာ မယုံတာတော့ ခင်ဗျားအပိုင်းပါလေ။ ကျုပ်ကလည်း ကျုပ်အလုပ် ကျုပ်ယုံကြည်ရာနဲ့ ပတ်သက်ရင် ဘယ်သူ့မှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူးရယ်။ ဟိုအဆိုတော်ကောင်လေး " လေးဖြူ " သီချင်းထဲကလိုပေါ့ဗျာ။ ဘာတဲ့" လူဆိုတာ ယုံကြည်ရာ တစ်ခုအတွက် အသက်ကိုတောင် စတေးခဲ့ကြတယ် " ဆိုတဲ့စာသားလေဗျာ။ အဲဒီသီချင်းစာသား ကျုပ်တော်တော် ကြိုက်တယ်ဗျ။ ကျုပ်ခံယူချင်နဲ့လည်းတော်တော်လေး ကိုက်တဲ့စာသားဗျ။ ကျုပ်ကလည်း ယုံကြည်ရာနဲ့ ပါတ်သက်ရင် ကိုယ်အထက်က လူကြီးတောင် ခေါင်းငုံ့ ခံတတ်ခဲ့တာ မဟုတ်ဘူးဆိုပါတော့။ အဲ့ဒီလို ခံယူချက်ရှိခဲ့လို့လည်း ကျုပ် ရာထူးလျောပြီး အဝေးမှာပြောင်းပြီး တာဝန်ထန်းဆောင်ခဲ့ရတာလေး ပြောပြဦးမယ်။
Image source
ကျုပ် ကချင်ပြည်နယ်ထဲက အတော်အသင့်စည်ကားတဲ့ မြို့လေးမှာ ရဲတပ်ကြပ်ဘဝနဲ့ တာဝန်ထမ်းဆောင်နေချိန်တုန်းကပေါ့။ ရဲတပ်ကြပ်ဆိုတော့ အပြင်ထွက်ပြီး လှုပ်ရှားရတဲ့ အမျိုးတော့ မဟုတ်ပါဘူး။ စခန်းမှာ ထိုင်ပြီး ရောက်လာတဲ့ အမှုတွေတွေကို လက်ခံပေးရတယ်။ တစ်နေ့တာ ရဲစခန်းရဲ့ တာဝန်ချိန်တွေကို ငယ်သားရဲသားလေးတွေကို နေ့စဉ်အလှည့်ကျ ဟိုသူက ဟိုဟာလုပ် ဒီသူက ဒီဟာလုပ်ဆိုပြီး စီမံခန့်ခွဲပေးရတယ်ဆိုပါတော့။ ကျုပ်အထက်မှာက ဒုရဲအုပ်နှစ်ယောက်ရယ် စခန်းမှုးရယ်ပဲ ရှိတာပါ။ ဒါပေမဲ့ ကျပ်စီမံခန့်ခွဲပြီး အလုပ်ခွဲဝေ ပေးရတဲ့အထဲမှာ အထက်က သူတို့ကိုလည်း ကျုပ်ကပဲ တာဝန်ချိန် ခွဲပေးရပါတယ်။
Image source
ကျုပ်တို့ ရဲဆိုတာကလည်း အများပြည်သူ နှာခေါင်းရှုံ့မယ်ဆိုလည်း ရှုံ့ ချင်စရာပါပဲလေ။ ဘယ်နေရာကနေ ကိုယ့်အတွက် ဘာရနိုင်မလဲပဲ တွေးနေကြတဲ့သူတွေကိုး။ ဒါပေမဲ့ အဲဒီထဲမှာ ကျုပ်မပါဘူးဗျ။ ခင်ဗျားဟာခင်ဗျား ယုံတာမယုံတာ ခင်ဗျားအပိုင်းပဲ။ အဲဒီလို ရတဲ့အခွင့်အရေး မယူတတ်လို့ ကျုပ်ဒုက္ခ ရောက်ရသဗျာ။ ဒီလိုဗျို့။ အဲဒီမြို့လေးမှာက ဖားကန့်ကနေ နွားလည်းတွေနဲ့( အဲ့ဒီခေတ်က နွားလှည်းပဲ ရှိသည်။) ရောက်လာတဲ့ ကျောက်မှောင်ခို တွေရှိသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေကြတဲ့သူတွေဆိုတာကလည်း ဒုနဲ့ဒေးဗျ။ ကျုပ်က ဒုရဲအုပ်တွေနဲ့ နယ်ထိန်းတွေကို မြို့ရဲ့ သူတို့အတွက် စားပေါက်ရနိုင်မဲ့ နေရာတွေကို အလှည့်ကျ သွားပြီးတာဝန်ယူဖို့ စီမံခန့်ခွဲရပါတယ်။ ဆိုခဲ့သလိုပဲ ကျောက်သမားတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ ရပ်ကွက်ကို သွားရတဲ့ ရဲဆိုရင် သူ့အတွက်က အဆင်ပြေတယ်လို့ ပြောလို့ရတယ်ပေါ့ဗျာ။
ကျန်တဲ့ ရဲလေးတွေက ကျုပ်အလှည့်ကျ ခွဲဝေသွားခိုင်းမှု အပေါ် စောဒကမတက်ပေမဲ့ ဒုရဲအုပ်တစ်ယောက်ကတော့ အဲဒီစားပေါက်ရတဲ့ နေရာတွေကို သူတစ်ယောက်တည်း နယ်မြေအပိုင်ရချင်တယ်တဲ့ဗျ။ အဲဒါ ကျုပ်ကို ပိုက်ဆံနည်းနည်းပါးပါးနဲ့ လာဒ်ထိုးတယ်ဗျို့။ ကျုပ်ကလည်း ရဲသာ လုပ်နေတာ ဒါမျိုးဆိုရင် မနှစ်မြို့တဲ့ သူဆိုတော့ သူဖြစ်ချင်တာကို လုပ်မပေးနိုင်တော့ တစ်ယောက်တခွန်းစကားများရပြီး သူက သူ့ခါးကြားက ခြောက်လုံးပြူးထုတ်ပြီး ကျုပ်ကိုချိန်တယ်။ ကျုပ်ကလည်း အဲဒါမျိုးဆိုရင် လာထားဆိုတဲ့လူသားမျိုး။ သူကပစ်မလို့ ရွယ်နေတုန်း ကျုပ်လက်သီးက သူ့မျက်နှာဆီ လေးငါးချက်ရောက်သွားပြီးပြီလေ။
Image source
အဲဒီမှာ အချိန်မှာပဲ စခန်းမှုနဲ့ ရဲငယ်သားတွေ ရောက်လာပြီး ဖျန်ဖြေလို့ ရန်ပွဲပြီးသွားပေမဲ့ တပ်တွင်းမှာ တပ်သားတွေ ရဲသားတွေ အမှုဖြစ်ရင် စစ်ဆေးတဲ့ စစ်ခုံရုံးမှာ ကျုပ်အမှုရင်ဆိုင်ရတယ်။ စစ်ခုံရုံးတို့ရဲ့ ထုံးစံအတိုင်း ဘယ်သူမှားတယ် မှန်တယ်က အဓိကမကျဘူး။ ကျုပ်က ကိုယ့်အထက်က အရာရှိကို ကိုယ်ထိလက်ရောက် ထိုးတဲ့အမှုနဲ့ အရစ်သုံးရစ်ကနေ တစ်ရစ်အဖြုတ်ချ ခံရပြီး ရာထူးလျော့နဲ့ နယ်ကို ပြောင်းရပါတယ်။
ကျုပ်ပြောင်းရတဲ့ နေရာကတော့ ကချင်တိုင်းရင်းသား လက်နက်ကိုင်များ ကြီးစိုးရာ အရပ်ဒေသဖြစ်တဲ့ ပူတာအိုခရိုင်ထဲက ပန်နန်းဒင် ဒေသတဲ့ဗျာ။ ကျုပ်လည်း ပျော်ပျော်ကြီးပဲ ပန်နန်းဒင် ကိုပြောင်းသွားလိုက်ပါတယ်။ အဲ့ဒီဒေသမှာ လေးနှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီမှာ ကချင်အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တယ်ဆိုပါတော့ဗျာ။
ပန်နန်းဒင် ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အတူယှဉ်တွဲ နေထိုင်ရတယ်ဆိုတာ ကျုပ်တို့ ရဲတစ်ယောက်အနေနဲ့ မလွယ်တဲ့ အလုပ်တစ်ခုဗျ။ ဘယ်လိုနေထိုင်ခဲ့ရသလဲ ဆိုတာနဲ့ ပန်နန်းဒင်ရောက် ရဲတစ်ယောက်ရဲ့ အဖြစ်ကိုတော့ နောက်တစ်ပိုင်းမှသာ ဆက်လက်အားပေးပါဦးခင်ဗျာ။
MSC : 014