မိုးတော မယ်ဘွဲ့ရတု...
##နတ်သျှင်နောင်
အာကာတသွန်၊ မြယုဂန်က၊ မမှန်ကာလ ၊တန်ခူးမျှကို၊မိဿရာသီ၊ပီပီမရောက်၊ကြူးခေါက်ရွှင်မြဲ၊မဟုတ်ပဲလျက်၊နွှဲနွှဲယယ၊အုံ့ပျမှိုင်းဆန်း၊ လျှပ်ပန်းပြကာ၊မလာမရိပ်၊ ချိပ်ချိပ် မည်းမည်း၊ရိုက်ကြည်း အုန်းအင်း၊ခြင်းခြင်း ညီးညီး၊လောင်မီး ပွင့်ဝါ၊ဆင်တိုင်း ပါ၍။ ။
ရွာဘိ သည်လည်း ဟံသာမိုး ...
ဗျာပါစဟန်၊သွန်ကပီပီ၊သုံးချီကျူးလတ်၊မပြည့် ပတ်ဝယ်၊ထွတ်ထွတ် လန့်လန့်၊ ရွန့်ရွန့် ချည်းချည်း၊ သို့လည်း အသက်၊ကြင်ဘက် ကြင်သူ၊ အတူမစုံ၊ဝေးတုံ၍မျှ၊တ သည် လည်းကောင်း၊အပျောင်း,အတိမ်း၊အယိမ်း,အခွေ၊ရှိစေလေဟု၊ဝေကာမျှမော၊ လွမ်းညှိရောသို့၊ ဥသြဖော်ရှာ၊ချစ်သံသာနှင့်။ ။
နွှဲလှာသည်လည်း တရေးနိုး....
ခါဝါဝသန်၊ချိန်မတန်တည့်၊ချိန်လွန် ကွန့်မြူး၊ သို့စင်ဦးက၊ ယူးယူး ဆွတ်ဆွတ်၊ဆိုချွတ်ထင်ယောင်၊ တန်အောင်ထားခက်၊မဝှက်ပြေကြောင်း၊ပျောင်းတိုင်းဟောင်းထက်၊တပေါင်းကုန်မြောက်၊ကာလရောက်သော်၊နတ်အောက် မနိမ့်၊လှလေးငြိမ့်ကို၊လွမ်းစိမ့်သောဟု၊စောစော မြမြ၊မိုးက ညှိုးဝန်း၊ပန်းလည်း သဘင်၊ခါသင့် ရင်၍။ ။
မရွှင်သည်လည်း ရှု့ဘွယ်ဖြိုး...
...............................
တောင်ငူဘုရင် နတ်သျှင်နောင်ရဲ့ ရတုတွေထဲက တစ်ပုဒ်ဖြစ်တဲ့ မိုးတောမယ်ဘွဲ့ရတု တဲ့..။
ရှေးခေတ်မြန်မာစာပေရဲ့ အဖွဲ့ အနွဲ့နဲ့ အဆင့်အတန်းတွေရဲ့ မြင့်မားတဲ့ ဟန်တွေကို တွေ့ရတဲ့ ရတုကောင်းတစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။
ကွန်မတို့အပါအဝင် ဒီခေတ်လူငယ်တွေ နားလည်နိုင်စွမ်း နည်းပါးလွန်းတဲ့ မြန်မာစာပေရဲ့အဆင့်အတန်းအရ အဲ့ဒီခေတ်က စာဆိုတွေဟာ ကျမ်းကြီးကျမ်းခိုင်တွေကို ကျေညက်ကြသူတွေမှန်း သိသာလှပါတယ်။
ကဗျာကို အချိုးအဆစ်ကျကျ ဖွဲ့ဆိုတတ်တာတွေ၊ကာရန်ကို လှလှပပယူတတ်တာတွေ၊ စာကေရဲ့ဟန်တွေထဲမှာ နုရွလှပမှုတွေက အံ့ချလောက်စရာတွေပါပဲ..။
ဒီနေ့ခေတ်မှာ တွေ့ရရှားပါးသွားပြီဖြစ်တဲ့ ရတုအဖွဲ့တွေနဲ့ ရတုတွေဖွဲ့ဆိုရာမှာ နာမည်ကြီးလှတဲ့ နတ်သျှင်နောင်ရဲ့ မိုးတော မယ်ဘွဲ့ရတုကို ရှာဖွေရေးသားပြခြင်းက နတ်သျှင်နောင်ရဲ့ ရတုအရေးအသားနဲ့ ရှေးခေတ်မြန်မာလူသားတွေရဲ့ မြန်မာစာကို ကျေညက်မှုတွေကို တွေ့မြင်ခံစားနိုင်ကြစေဖို့ပဲ ဖြစ်ပါတယ်......
အားလုံးကိုကျေးဇူးတင်ပါတယ်။