ဆရာမဂျူးက ကျမတော်တော်ညံ့ခဲ့ပါတယ် ဆိုတဲ့ဆောင်းပါးခေါင်းစဉ် ကိုဖတ်ရတော့ ကျမအတော်လေး ရယ်ချင်ခဲ့မိပါတယ်။ ဆရာဝန် စာရေးဆရာအောင်မြင်ကျော်ကြားတဲ့အမျိုးသမီး ဖြစ်နေတဲ့ သူတစ်ယောက်က ကျမတော်တော်ညံ့ခဲ့ပါတယ်ဆိုတဲ့ စကားက ရယ်စရာတော့ ဖြစ်နေတာပဲလေ။ ဒါပေမဲ့အတွင်းစာသားတွေကို ဖတ်လိုက်တဲ့အခါမှာ ဆရာမဂျူးလည်း ညံ့သူပေပဲလို့ ကျမ အသိအမှတ်ပြုခဲ့မိတယ်။
ပရိတ်သတ်တွေကြာအောင်မြင်ကျော်ကြားနေတဲ့အမျိုးသမီး စာရေးဆရာမ ဆရာဝန် အဲ့ဒီနယ်ပယ်တွေထဲမှာပဲ ဆရာမဂျူးကတော်ခဲ့တာပါ။အဲ့ဒီအထဲမှာတောင်မှ ဆရာဝန်အလုပ်မှာ သူ မတော်ဘူးလို့ ဆရာမဂျူးကပြောထားသေးလေရဲ့..။
လူတစ်ယောက်ဟာ သူထူးချွန်ရာ နယ်ပယ်ကလွှဲရင် တခြား သူနဲ့စိမ်းသက်နေတဲ့ နယ်ပယ်တိုင်းမှာ ညံ့ဖျင်းနေကြလေ့ရှိတာပါပဲလား လို့ ကျမတွေးခဲ့မိတယ်။
လူတော်ဆိုသူကလည်းနေရာတကာ မတော်နိုင်သလို ညံ့သူဆိုတာကလည်းနေရာတကာတော့ မညံ့ဘူးပေါ့။
တချို့ လူတွေကတစ်နေရာမှာ ညံ့သွားတာကို တစ်သက်စာညံ့ဖျင်းမှုလို ထင်မြင်နေတတတ်ကြတယ်။
ဥပမာဆိုပါစို့။ပေတေနေတတ်တဲ့ ကလေးတစ်ယောက် ဆယ်တန်းကျတဲ့အခါ သူ့တစ်ဘဝလုံးအတွက်ကိုပါ ကဲ့ရဲ့ရှုတ်ချပစ်ကြတယ်။တကယ်လို့ အဲ့ဒီကလေးဟာ စီးပွားရှာတဲ့နေရာမှာ တော်နေပြန်ရင်တော့ သူ့ရဲ့ညံ့ဖျင်းခဲ့တဲ့ ကျရှုံးမှုဟာ လှလှပပလေး ဖားထေးပေးတတ်ကြပြန်တယ်။
လူတော်တစ်ယောက်ဆိုတာကလည်း သူကျွမ်းကျင်ရာ နယ်ပယ်မှာ သူထူးချွန်တာမျိုးပဲလေ။သူ့ထူးချွန်မှုက အဲ့ဒီနယ်ပယ်မှာ သူများထက် ပိုနေလို့အောင်မြင်လာတာမျိုးပေါ့။အောင်မြင်သူတိုင်းက လူတော်မဟုတ်သလို လူတော်တိုင်းလည်းအောင်မြင်သူမဟုတ်ကြပါဘူး။ လူတိုင်းက အားနည်းချက်တစ်ခုစီတိုင်းမှာ ညံ့ဖျင်းနေနိုင်ကြပေမဲ့ အားသာချက်တစ်ခုစီတိုင်းမှာလည်းတော်နေတတ်ကြပြန်တယ်။
လူသားမှန်ရင် ဘယ်တစ်ယောက်ကိုမှ ညံ့လွန်းလို့ဆိုပြီး အထင်သေးလို့မရသလိုတော်လွန်းလို့ ဆိုပြီးလည်း အထင်မကြီးသင့်ဘူး..လေ..။
လူတစ်ယောက်ရဲ့ ညံ့ဖျင်းမှုဆိုတာက လစ်ဟာနေတဲ့ကွက်လပ်နဲ့တူမယ် ထင်ပါတယ်။ လူတစ်ယောက်အတွက် ဘယ်အရာမဆို နည်းနည်းပိုနေရင်တာ သိပ်မသိသာပေမဲ့ လိုအပ်နေတဲ့အရာကတော့သေးငယ်နေပါစေ လစ်ဟာနေတတ်တာမျိုးလေ.။ညံ့ဖျင်းမှုဆိုတာ ကွက်လပ်တစ်ခုလို လစ်ဟာနေတတ်လို့ လူတွေ သတိထားမိကုန်တာ ဖြစ်ပေမဲ့ ထူးချွန်မှုကတော့ သာမန် သူလို ကိုယ်လို လူတွေထဲမှာ သိပ်သတိမထားမိတတ်ပဲ ရှိနေတတ်တာမျိုးပါ။
ဒါပေမဲ့ လူတစ်ယောက်ရဲ့ထူးချွန်မှုဟာတကယ်လိုအပ်တဲ့အချိန်မျိုးမှာတော့ မဖြစ်မနေ အသိအမှတ်ပြုပေးရတတ်ပါတယ်။
လူတစ်ယောက်ရဲ့ ထူးချွန်တဲ့အရည်အချင်းကို မတွေ့ရသေးတာဟာ သူ့ကိုတကယ်လိုအပ်တဲ့နေရာ မကြုံရသေးလို့ပါ။
လူတိုင်းက သူ့နေရာနဲ့သူ ဟာကွက်လေးတွေနဲ့ ညံ့ဖျင်းတတ်ကြသလို လူတိုင်းကပဲ သူ့နေရာနဲ့သူ ထူးချွန်နေတတ်ကြတာကို ကျမတွေးနေမိခဲ့ပါတယ်။
လူတိုင်းကသာ ညံ့ဖျင်းမှုနဲ့ ထူးချွန်မှုနှစ်ခုကြားထဲကနေ တစ်ယောက်နဲ့တစ်ယောက် ဖြည့်တွေးပေးကြမယ်ဆိုရင်တော့ မတူဘူး မတန်ဘူး ဆိုတဲ့ လူတစ်ယောက်နဲ့တစ်ယောက်ကြားက မာန်မာနတွေမရှိတော့ပဲ လူကို လူလို့ မြင်နိုင်ကြတဲ့ လူသားစိတ်ဓာတ်တွေကို ပိုင်ဆိုင်နိုင်ကြမယ် ထင်ပါရဲ့..
( လှပတဲ့ လူ့ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ကြပါစေ)
I'm ATM.
SMT37
Photo..တူ/တူမလေးများ