ဘ၀မှာ စောင့်ရတယ်ဆိုတာ တာဝန်ကြီးတစ်ခုဖြစ်လို့နေလေသည်။ ကျွန်တော်တို့တွေ စောင့်ကြရသည်။
အချိန်ကောင်းကို စောင့်ရသည် အခွင့်အရေးရမည့်အချိန်စောင့်ကြသည် ချမ်းသာမည့်အချိန်စောင့်ကြသည်
အဆင်ပြေမည့်အချိန်ကိုစောင့်ကြရသည်။ စောင့်ရင်းနဲ့ အချိန်တွေကို ကျော်ဖြတ်နေကြရလေသည်။
ကိုယ်စောင့်မျှော်နေသောအရာ ရောက်မလာသောအခါတွင် စောင့်ခဲ့သော အချိန်တို့သည် အလဟသ ဖြစ်လို့သွား
ရသည့်သဘောရှိလေသည်။
လူ့ဘ၀ဖြစ်စဉ်ကိုက စောင့်ရင်းစားရသည့်သဘော စားရင်းစောင့်ရသည့် သဘောပေတည်း။ မွေးဖွားစဉ်အခါမှစလို့
တစ်နေ့ပြီး တစ်နေ့ တစ်ရက်ပြီးတစ်ရက် သေဆုံးမည့်အချိန်ကာလလေးကို စားရင်းစောင့်နေရသည်မဟုတ်ပါလော
မသေခင်ကာလလေးအတွင်း ဘ၀တစ်ခုကို အချိုးကျကျ သရုပ်သကန် ပီပြင်နိုင်ရေး အရောင်စုံတဲ့ စိတ်များကြား
ကိုယ်တိုင်လည်း အရောင်ဆိုးခံရင်း သူတစ်ပါးအားလည်း အရောင်ဆိုးရင် စိတ်ရောင်စုံရေယာဉ်ကြောဝယ်
မျှောကြရပါသည်။ စောင့်ရင်းနဲ့ ဘ၀ကို ပုံဖော်ရသည် စောင့်ရင်းနဲ့ ဘ၀ကို ထုဆစ်ကြရသည် အသက်ရှင်သန်
နေထိုင်ကြရသည်။
အလုပ်အတွက် စောင့်ရသည်။ လစာအတွက်စောင့်ရသည်။ မိတ်ဆွေများကိုစောင့်ရသည်။ ယာဉ်ရထားများကိုစောင့်ရသည်။
ရောက်လာမည့် အရာကို မျှော်လင့်ချက်လေး လက်ကိုင်ထားရင်း စောင့်ကြရလေသည်။
ကိုယ်စောင်မျှော်နေသောအရာသည် ရောက်လာသည်လည်း ရှိမည် ဘယ်တော့မှ ရောက်မလာ ဖြစ်မလာသည်လည်း ရှိမည်
စောင့်ရသည့်အလုပ်တစ်ခုကို တာဝန်တစ်ရပ်အနေနဲ့ကော မဖြစ်မနေလုပ်ဆောင်ရသည့် ကျင့်ဝတ်အနေနဲ့ပါ စောင့်စားကြရသည်။
ဒီနေ့ မိတ်ဆွေတစ်ယောက်ကို စောင့်နေပါသည်။ သူသည် ရောက်မလာသေး ရောက်မလာနိုင်သေး ရောက်လာမည်ဟု ထင်ကာ
စောင့်နေရပါသည်။ ကိုယ်ကျိုးအတွက် ဖြစ်သည့်အတွက် စိတ်ရှည်စွာ စောင့်နေပါသည်။ သူရောက်လာမှ ကိုယ်အဆင်ပြေမည်
ဖြစ်လို့ သူနောက်ကျနေသော ရောက်မလာသောအချိန်တို့သည် စိတ်မရှည်သည်းမခံနိုင်ခြင်းတို့ ခေါင်မဖော်နိုင်ခဲ့
အချိန်ကောင်းတစ်ခုကိုစောင့်နေခြင်းသာဖြစ်သည်။ သူရောက်လာမည့်အချိန်လေးတစ်ခုကိုဖြစ်သည်။
သူရောက်လာမည့်အချိန်သည် နောက်ကျကောင်းကျပါလိမ့်မည်။ ရောက်မလာတော့တာလည်းဖြစ်ကောင်းဖြစ်မည်။
စောင့်ရမည့် အလုပ်ကို ကိုယ်ကလုပ်ဆောင်နေမိသည်။ မပျက်မယွင်းသော ယုံကြည်မှု သံမဏိစိတ်ဓါတ်နဲ့ စောင့်လို့နေပါသည်။
ဘယ်အရာတွေ ဘယ်လိုပင် ဖျားယောင်းမြှူဆွယ်သော်လည်း တည်ကြည်သော စိတ်တို့သည် ရိုင်လဲမသွားခဲ့ပါ
စူးစိုက်ယုံကြည်စွာနဲ့ စောင့်လို့နေပါသည်။ ပြစ်လွှတ်လိုက်သောမြှားသည် တစ်ခါပြန်ရောက်မလာတဲ။့ ပြန်ရောက်မလာသော
မြှားတစ်စင်းအတွက် တိကျခြင်းနဲ့ ပစ်မှတ်ကို တည့်တည့် စူးနစ်ဝင်ရောက်သွားရန် အာ၇ုံတို့အား စုစည်းထားပါသည်။ အခြားအရာ
တို့တွင် စိတ်ပျံ့လွင့်နေမှု မလျှဉ်းမရှိစေရအောင် သတိကြီးစွာထားလို့ ဆောင်ရွက်နေပါသည်။
စောင့်စားခြင်း မြှားတစ်စင်းသည် အချိန်ဆိုသည့် လေဟာနယ် တစ်ခုအကြား အရှိန်အဟုန်ပြင်းစွာနဲ့ ပျံသန်းလို့ သွားနေပြီဖြစ်သည်။