ရှောင်ပါကားဟာ ဖေ့စ်ဘွတ်ကို မာ့ခ်ဇူကာဘတ်နဲ့အတူ တည်ထောင်ခဲ့ပြီး ဖေ့စ်ဘွတ်ရဲ့ ဥက္ကဌဟောင်းလည်း ဖြစ်ပါတယ်။ ဖေ့စ်ဘွတ် အကြီးအကျယ် အောင်မြင်တာ သူ့ကြောင့်လည်း ပါပါတယ်။သူဟာ အမှားတစ်ခု ကျူးလွန်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီက အလုပ်ထုတ်ခံခဲ့ရသူပါ။ လူတော်တစ်ယောက် ဖြစ်ပေမယ့် ကုမ္ပဏီသုံးခုကနေ အလုပ်ထုတ်ခံရဖူးတယ်။ (သူ့အကြောင်း အပြည့်အစုံကို “ဇူကာဘတ်နှင့် Facebook ဂယက်” စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်)။
မနေ့က ဖီလာဒေဖီးယားမှာ ကျင်းပတဲ့ Axios Event ဆွေးနွေးပွဲမှာ ရှောင်ပါကားက ခုလို ပြောခဲ့ပါတယ်။
ကျွန်တော် ဖေ့စ်ဘွတ်ကို အောင်မြင်အောင် လုပ်ပေးခဲ့တာကို အခု နောင်တရမိတယ်။
ဖေ့စ်ဘွတ်ကို လူတွေ စသုံးချိန်မှာ တချို့က ကျွန်တော့်ကို ပြောလာတယ်။ သူတို့ဟာ လူမှုကွန်ရက် social network ကို စိတ်မ၀င်စားဘူးတဲ့။ ကျွန်တော်က ပြန်ပြောလိုက်တယ်။သူတို့က “ငါတို့က လူချင်းတွေ့ဆုံပြီး မိတ်ဆွေဖြစ်ရတာကိုပဲ သဘောကျတယ်” လို့ ပြန်ပြောလာလို့ ကျွန်တော်က
“မင်းတို့ ဖေ့စ်ဘွတ်ကို ကြိုက်လာမှာပါ။ စောင့်ကြည့်ပါ” လို့ ပြောလိုက်တယ်။
ကျွန်တော် ဘာကြောင့် ခုလို အတတ်ပြောနိုင်ရတာလဲ။ ဖေ့စ်ဘွတ်ဟာ လူတွေရဲ့ စိတ်ဓာတ်ရေးရာ အားနည်းချက်ကို အသုံးချထားတယ်ဆိုတာကို ကျွန်တော်နဲ့ ဇူကာဘတ်တို့ နှစ်ယောက်စလုံးဟာ သိနေကြလို့ပါ။ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ hacker သမားတွေမို့ ကွန်ပျူတာရဲ့ အားနည်ချက်တွေကို ရှာရာမှာ ကျွမ်းကျင်တယ်။ ထို့နည်းတူ လူတွေရဲ့ အားနည်းချက်ကိုလည်း ရှာတတ်ကြလို့ပါ။
လူတွေရဲ့ အားနည်းချက်တွေက သူတို့ကို လူများများ သိစေချင်ကြတယ်။ ထင်ပေါ်ကျော်ကြားချင်ကြတယ်။ လူအများရဲ့ အသိအမှတ်ပြုမှုကို ခံယူချင်ကြတယ်။ အဲဒီအားနည်းချက်ကို ဖေ့စ်ဘွတ်မှာ အသုံးချလိုက်တာပါ။ လူတွေဟာ သူတို့ကို လူများများ သိအောင် ဓာတ်ပုံတွေ၊ ပို့စ်တွေ တင်ကြတယ်။ အဲဒါတွေကို ကျန်လူတွေက Like လုပ်တယ်၊ Share လုပ်ရင် အရမ်းကျေနပ်ပီတိဖြစ်ကြတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ကနေ မျက်နှာမခွာနိုင်ဖြစ်နေကြတယ်။
ဒီအတွက် လူတွေဟာ ဖေ့စ်ဘွတ်နဲ့ သူတို့အချိန်တွေ အများကြီး ဖြုန်းတီးကြမယ်ဆိုတာကို ကျွန်တော်နဲ့ ဇူကာဘတ်တို့ နှစ်ယောက်စလုံး ကြိုသိနေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖေ့စ်ဘွတ်ကို ဆက်လုပ်ခဲ့ကြတယ်။
ဒီဖေ့စ်ဘွတ်ကြောင့် အခုခေတ် ကလေးတွေရဲ့ ဦးနှောက်ကို ဘယ်လောက်ထိခိုက်မယ်ဆိုတာ ဘုရားသခင်ပဲ သိမှာပါ။
ဒီစကားကို ကြားတဲ့ ဇူကာဘတ်တစ်ယောက် ကျွန်တော့်ကို ဖေ့စ်ဘုတ်မှာ block မလုပ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်။