ဒီရက်ထဲ Congratulations လုပ်ရတာတွေ များနေခဲ့၏။ ဝမ်းသာစရာပင်။ ဒီနေ့ မနက် ၁၂ နာရီခွဲမှာ Saudi Arabia Pro League ၏ ရာသီပိတ် နောက်ဆုံးပွဲစဉ်များ ကစားခဲ့ကြ၏။ ပွဲစဉ် အားလုံးတော့ မဟုတ်ပေ။ ပွဲစဉ် ၂ ပွဲကတော့ ရှေ့ရက်မှာ ကစားထားခဲ့၏။ ဒီနေ့မှာ ပွဲစဉ် ၇ ပွဲ တချိန်ထဲ တပြိုင်ထဲ ကစား၏။ ဖြစ်သင့်တာကတော့ EPL လို ပွဲစဉ်အားလုံး တရက်၊ တချိန်ထဲ ကစားတာမျိုးက ပိုကောင်း၏။
ဒီနေ့ ပွဲစဉ်တွေထဲမှာ အရေးကြီးတဲ့ အဆုံးအဖြတ် ပွဲစဉ်တွေ ပါဝင်နေခဲ့၏။ ချန်ပီယံနဲ့ တန်းဆင်းရမယ့်အသင်းက ဘယ်အသင်းတွေလဲ ဆိုတာပေါ့။ Ronaldo ၏ Al Nassr အသင်း အနေဖြင့် ဒီနေ့ပွဲကို အနိုင်ရရင် ချန်ပီယံ ဖြစ်ပြီ။ သရေ ကျလို့ မရပေ။ အဆင့် ၂ က Al Hilal က ပြိုင်ဘက်ကို ရှုံး သို့မဟုတ် သရေကျခဲ့ရင် Al Nassr အနေဖြင့် ယခုပွဲကို အနိုင်မရခဲ့ရင်တောင် ဗိုလ်စွဲမည် ဖြစ်၏။
အမှန်တော့ ပွဲစဉ် ၃၃ မှာ ကတည်းက Al Nassr တို့ ချန်ပီယံ ဖြစ်ရမှာ။ အဆင့် ၂ က Al Hilal ကို အိမ်ကွင်းမှာ ၁-၀ ဖြင့် အနိုင်ရထားခဲ့၏။ နိုင်ရင် ချန်ပီယံ ဖြစ်ပြီ။ ဒါကို ပွဲချိန် ၉၀+၈ မိနစ်မှာ ဂိုးသမား၏ အမှားကနေ Al Hilal တို့ ချေပဂိုး ရသွား၏။ ပွဲပြီးဖို့ မိနစ်ပိုင်းမဟုတ် စက္ကန့်ပိုင်းသာ ကျန်၏။ ဂိုးသမား၏ မမှားသင့်သော အမှားတခုကြောင့် Al Nassr တို့ ခပ်စောစော ဖလားမြှောက်ခွင့် ဝေးခဲ့ရ၏။
ပွဲစဉ် ၃၄ မှာတော့ Al Nassr အနေဖြင့် တန်းဆင်းဇုန် ဖိအား ရှိနေသည့် Damac FC နှင့် ယှဉ်ပြိုင် ကစားရ၏။ Damac FC အနေဖြင့် သရေကျရင်ကို တန်းမဆင်းရတော့ပေ။ ဖြစ်ချင်တော့ Al Nassr က အနိုင်ရဖို့ လိုနေတဲ့ပွဲ။ Damac FC လို တန်းဆင်းဇုန် ဖိအား ရှိနေတဲ့ Al Riyadh အနေဖြင့် နောက်ဆုံး ပွဲစဉ်ကို သရေ သို့မဟုတ် ရှုံးခဲ့ရင် Damac FC အနေဖြင့် Pro League မှာ တင်ကျန် နိုင်မည် ဖြစ်၏။
ချန်ပီယံ ဖြစ်ဖို့ နိုင်ပွဲလိုနေသည့် Al Nassr အနေဖြင့် Damac FC ကို ၄-၁ ဖြင့် အနိုင်ရသွား၏။ Al Riyadh က အိမ်ကွင်းမှာ Al Akhdoud ကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ထို့ကြောင့် Al Akhdoud က ရမှတ် ၃၀ ဖြင့် အဆင့် ၁၅ ရပြီး Pro League မှာ ဆက်လက် ရှင်သန်ခွင့် ရသွားပြီး Damac FC အနေဖြင့် ရမှတ် ၂၉ အဆင့် ၁၆ နဲ့ တန်းဆင်း သွားခဲ့ရလေ၏။
Al Nassr ရောက် ကတည်းက Official ပြိုင်ပွဲတွေမှာ ဖလားတွေနဲ့ဝေးကွာနေရသည့် Goat ကြီး Ronaldo အတွက် ဝမ်းသာမိပါ၏။ ပွဲသိမ်းတော့ တသင်းလုံးကို သူ့ကို လိုက်လံ ပွေ့ဖက် နှုတ်ဆက် အားပေး ဂုဏ်ပြုကြလေ၏။ ဘယ်လိဂ် ရောက်ရောက် အမှတ်ပေး ဖလား အရယူနိုင်သည့် စံချိန် မှတ်တမ်းကိုလည်း ရရှိသွားခဲ့လေ၏။
(photos from Saudi Arabia Pro League Page)