Logo
DiscoverWavesDecks
Plus
Signup

Home Stay (Chapter 43)

donjaun(70)
Published in
#myanmar
Words
0
Reading
0 min
Listen
Play
2020-05-17 10:51

85ptci.jpg

(၇) လပိုင်းမှာ ကျောင်းတွေ ပြန်ဖွင့်မည်ဆိုပြီး ကနဦး သိထား၏။ ပုံမှန် ဖွင့်ချိန်ထက် (၁) လ နောက်ကျပြီးမှ ဖွင့်နိုင်မည် ဖြစ်၏။ ထိုအချိန်ကျ ဘယ်လို ဖြစ်နေဦးမည်တော့ ပြောလို့ မရသေးပေ။ ထိုအချိန် မတိုင်မီ အခြေအနေတွေ တည်ငြိမ်သွားလျှင်တော့ အကောင်းဆုံး မဟုတ်လား။ မြန်မြန် ငြိမ်းချမ်း နေစေချင်မိပြီ။ ကလေးတွေလည်း အိမ်မှာပဲ အနေများနေခဲ့ရပြီ မဟုတ်လား။ သူတို့လည်း သူတို့ ဆရာမ၊ သူတို့ သူငယ်ချင်းတွေကို လွမ်းနေလောက်ပြီ ထင်၏။

ကျောင်းပြန်ဖွင့်ရင် သူတို့တွေတင် ပျော်မည် မဟုတ်။ ကျနော်လည်း ပျော်၏။ ကျောင်းဖွင့်လျှင် တူလေးက သူ့အမေရှိသည့် လွိုင်ကော် လိုက်သွားမည်၊ တူမလေးကလည်း သူ့သူ ကျောင်းမှာ ရှိနေမည်ဆိုတော့ ထိန်းရ ပြုရ အော်ရ ဟစ်ရ သက်သာသွားမည်။ သူတို့ကို လွမ်းနေရမှာက လွမ်းနေရမှာပဲ နားအေး ပါးအေး နေရမည့် အချိန်လေးကိုတော့ ပိုပြီး လိုချင်မိ၏။ ဒီကောင်တွေနှင့်ပဲ လုံးခြာလည်လိုက်လာခဲ့တာ (၃)၊ (၄)၊ (၅) လလောက် ရှိတော့မည် ထင်၏။

ydsu83.jpg

Covid ကာလလည်း ဖြစ်နေတော့ တူလေး အမေ ကျနော့် အမမှာ အိမ်ပြန်လာလို့ မရပေ။ အစိုးရက အခြေအနေ မအေးဆေးခင်ထိ ဝန်ထမ်းများကို တာဝန်ကျရာ နေရာမှာပဲ နေခိုင်းထားသည် မဟုတ်လား။ သြင်္ကန်မတိုင်ခင်ကတည်းကို မပြန်လာရခြင်း ဖြစ်၏။ သူလည်း သူ့သားကို အတော်လေး လွမ်းနေလောက်ပြီ။ သူတို့ သားအမိက ယခင်ကတည်းက တပူးပူး တတွဲတွဲနှင့် လုံးထွေး နေကြသူများ ဖြစ်သဖြင့် လွမ်းနေ၊ သတိရနေမှာ အသေအချာပင်။ တူမလေးကသာ သူ့ အမေနှင့် သိပ်ရောရောနှောနှော နီးနီးကပ်ကပ် မနေရသဖြင့် သူ့ အမေ လွိုင်လင် ပြန်သွားလည်း အေးအေးဆေးဆေးပင်။ တူလေးတို့ သားအမိ video call နှင့် နေ့စဉ် ပြောဆို အလွမ်းဖြေလို့ ရနေသေးလို့သာ တော်သေး၏။ ကျောင်းတွေ ဖွင့်ခါနီးလျှင်တော့ သူ့သားကို လာခေါ်မည် ဆို၏။

(၇) လပိုင်းမှ ဆိုလျှင် အတော်လေးတော့ လိုသေး၏။ (၁) လကျော်ကျော်လောက်ကို လိုသေး၏။ သို့ဆိုလျှင် ကျနော် futsal ကန်ရဖို့ကလည်း (၁) လကျော်လောက် စောင့်ရဦးမည့် ပုံပင်။ ကလေး (၂) ယောက်နှင့် အမေ တယောက်ထဲဆို မလွယ်ဘူးကိုး။ ဟို (၂) ယောက်ကလည်း တော်တော်လေး ထိန်းရခက်လာပြီ ဖြစ်၏။ သူတို့ကိုယ် သူတို့ အနည်းငယ် ထိန်းနိုင်၊ လုပ်နိုင်နေပြီ ဖြစ်သည့်ပြင် ယခင်ထက်လည်း ပိုပြီး ဆော့ကစား နိုင်နေကြပြီကိုး။ ထို့ကြောင့် သူတို့ကို ပြောရ ထိန်းနေရတာက အလုပ်ကြီး တခုပင်။ မွေးလာပြီးကတည်းက ခုချိန်ထိ အမေလည်း မနားရ၊ ကျနော်လည်း မနားရပေ။

လုပ်ပေးရ၊ ထိန်းပေးရလို့တော့ မဟုတ်ပေ။ ယခု ကျနော့်၏ ရှားပါးလှစွာသော အားလပ်ချိန်၊ အပန်းဖြေချိန်လေး ဖြစ်သည့် ဘောလုံးကန်ခြင်း အမှုကိုပါ လာထိခိုက်နေခဲ့ပြီကိုး။ ဒီနှစ်ယောက်ကြောင့် ဟိုဟာလည်း မလုပ်ရ၊ ဒီဟာလည်း မလုပ်ရနှင့် ကိုယ့်ကိုတောင် သနားလာနေမိတော့၏။ တခါတလေ ယောက်ဖတွေကိုသာ ထိုင်ပြီး ဆဲဆိုနေချင်တော့၏။ futsal ကစားဖို့ တလကျော်လောက် စောင့်နေရဦးမှာတဲ့လား …

Don Jaun

myanmar
esteem
esteem-myanmar
hive-myanmar
life
story
sport
2020-05-17 10:51
donjaun(70)
via esteem
This post was published via esteem. Ecency is not the originator or editor of this content and displays it for discovery purposes only.
$ 0.341
11