
ဒီနေ့တော့ ပြည်နယ်ဘောလုံးကွင်းမှာ ဘောလုံးပွဲ သွားကြည့် ဖြစ်၏။ Shan United နှင့် Yangon United ၏ ပွဲစဉ် ဖြစ်၏။ ဒီနှစ်မှာတော့ Shan United က တောင်ကြီး အိမ်ကွင်းမှာ ပြန်လည် ကစားပြီ ဖြစ်၏။ နိုင်ငံတကာ ဘောလုံးပွဲတွေနဲ့ ရင်းနှီးပေမယ့် ပြည်တွင်းပွဲတွေနဲ့ ဝေးကွာ နေခဲ့တာ အတော်လေး ကြာနေခဲ့ပြီ ဖြစ်၏။ အာဏာသိမ်း ခံရပြီးသည့် နောက်ပိုင်း ကတည်းကဟု ပြောလို့ရမည်။ ပြီးခဲ့သော ဘောလုံး ရာသီတုန်းကတော့ ရန်ကုန်ကွင်းမှာပဲ Myanmar National League ပွဲတွေကို ကျင်းပ၏။
ရန်ကုန်ကွင်းမှာ ကျင်းပပေမယ့် ပရိတ်သတ် သိပ်မရှိပေ။ တောင်ကြီးကွင်းမှာကတော့ ပရိတ်သတ်က ကွင်းလုံးပြည့် ဖြစ်၏။ တပွဲတလေမှ မဟုတ်။ ပွဲတိုင်းကို လူပြည့်တာ။ ထို့ကြောင့်လည်း Shan United က အိမ်ကွင်း အဖြစ် တောင်ကြီး ပြည်နယ်ကွင်းကို ရွေးထားခြင်း ဖြစ်မည်။ တောင်ကြီးမြို့မှာက ဘောလုံး ချစ်သူတွေ အတော် များ၏။ တခြား အားကစားတွေထက် ဘောလုံးကလည်း တကမ္ဘာလုံး နှစ်သက် အားပေးကြသည့် အားကစား ဖြစ်နေသည် မဟုတ်လား။

ပွဲက ညနေ 3 နာရီခွဲ ဖြစ်၏။ နေ့လည်ခင်း 2 နာရီခွဲမှာ သူငယ်ချင်းတွေ ဆုံဖို့ လုပ်ထား၏။ ဟိုလူစောင့် ဒီလူစောင့်နဲ့ ပွဲစခါနီးမှပဲ လူစုံတော့၏။ လူတွေက အတော်လေး များ၏။ မရောက်ဖြစ်တာကြာသည့် ပြည်နယ်ဘောလုံးကွင်းဆီသို့ တဖန်ပြန်ရောက်ခဲ့ပြန်၏။ တိုက်ကွမ်ဒို ကစားနေစဉ်တုန်းကတော့ ပြည်နယ်ကွင်းကို နေ့တိုင်း ရောက်၏။ မနက်ပိုင်း Training က ပြည်နယ်ဘောလုံးကွင်းထဲမှာ လုပ်ရ၏။ ညနေခင်း မှသာ မိုးလုံ လေလုံ အားကစားရုံထဲမှာ လေ့ကျင့် ကစား၏။
ကျနော်တို့ ကွင်းထဲရောက်တော့ ပွဲက စနေပြီ။ ဇယားထိပ်က နှစ်သင်း ထိပ်တိုက် တွေ့ဆုံသည့် ပွဲမို့ ပွဲက အတော်လေး ကြည့်လို့ကောင်း၏။ အကြိတ်အနယ်လည်း ရှိ၏။ ပထမပိုင်းမှာတော့ Yangon United က ဘောလုံးပိုင်ဆိုင်မှု ပိုများ၏။ ပိုပြီးတော့လည်း တိုက်စစ်ဆင် ကစားနိုင်၏။ ဂိုးသွင်းခွင့်လည်း ပိုမို ရရှိခဲ့သလို ဂိုးလည်း သွင်းနိုင်ခဲ့၏။ တဂိုးထဲ မဟုတ် နှစ်ဂိုး တိတိကို သွင်းသွားခဲ့ခြင်း ဖြစ်၏။ ပေးလိုက်ရသည့် 2 ဂိုးလုံးကလည်း Shan United အသင်း နောက်ခံလူတွေ၏ အမှားကနေတဆင့် ပေးလိုက်ရခြင်း ဖြစ်၏။
ပထမပိုင်း တပိုင်းလုံး Shan United အနေဖြင့် မယ်မယ်ရရ ထိုးဖောက် ကစားနိုင်ခြင်း မရှိဘဲ ကွင်းလယ်မှာပဲ ဘောလုံး ပျက်သွားလိုက်၊ Yangon United ၏ တိုက်စစ်ကို ဟန့်တားလိုက်နဲ့ပဲ အချိန်ကုန်နေခဲ့၏။ ဒုတိယပိုင်း ရောက်မှသာ ကစားကွက် ပြန်လည် ကောင်းမွန် အဆင်ပြေလာခဲ့၏။ ချေပဂိုး နှစ်ဂိုး ဆက်တိုက် ပြန်လည် သွင်းယူနိုင်ခဲ့၏။ အနိုင်ဂိုးတော့ သွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ သရေရလဒ်နဲ့သာ ပွဲပြီးလို့ သွားခဲ့၏။
