
ယနေ့ မနက် ၁ နာရီခွဲမှာ EPL Round 31 ပွဲကျန် ဖြစ်သည့် Man City vs Crystal Palace ပွဲစဉ် ကစားသွားခဲ့၏။ အိမ်ရှင် City က ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့၏။ ဘောလုံးပိုင်ဆိုင်ခွင့် အသာ၊ ဂိုးပေါက် ချိန်းခြောက်မှု အသာဖြင့် ကစားသွားခဲ့၏။ ပွဲကျန် ၁ ပွဲ ကစားပြီးပြီမို့ Arsenal နဲ့ ပွဲ အရေအတွက်လည်း တူသွားခဲ့ပြီ ဖြစ်၏။ Arsenal က ၇၉ မှတ်ဖြင့် အဆင့် ၁၊ Man City က ၇၇ မှတ်ဖြင့် အဆင့် ၂ နေရာမှာ ရပ်တည်နေ၏။ Everton နဲ့ ပွဲစဉ်သာ သရေမကျခဲ့ရင် City တို့ Arsenal နဲ့ အမှတ်တူနေမည် ဖြစ်၏။
အဆိုပါ ပွဲစဉ်တုန်းက City တို့ ရှုံးပြီလို့ ထင်မှတ်ခဲ့ရ၏။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်အရောက်မှာမှ ချေပဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်၏။ အဆင့် ၁ က Arsenal အနေဖြင့်လည်း West Ham နဲ့ ပွဲစဉ်မှာသာ သရေကျသွားခဲ့ရင် City နဲ့ အမှတ်တူသွားမည် ဖြစ်၏။ West Ham ၏ နောက်ဆုံး မိနစ် ချေပဂိုး VAR ကြည့်ပြီး ပယ်ဖျက် လိုက်သဖြင့် Arsenal တို့ အသာရသွားသည်ဟု ပြောလို့ရ၏။ အဆိုပါ ချေပဂိုး ကိစ္စက အငြင်းပွားစရာ များလှ၏။ တန်းဆင်းဇုန် ဖိအား ရှိနေသည့် West Ham အဖို့ နစ်နာလှ၏။
ကံကောင်းချင်တော့ အဆင့် ၁၇ က Tottenham က Leeds နဲ့ သရေကျသွားခဲ့သည်မို့ West Ham တို့ အနေဖြင့် မျှော်လင့်ချက်တွေ ရှင်သန်နေသေး၏။ Tottenham က ၃၈ မှတ်၊ West Ham က ၃၆ မှတ်ဖြင့် ၂ မှတ်ကွာ အနေအထားမှာ ရှိနေ၏။ ချန်ပီယံ တိုက်ပွဲလိုပဲ တန်းဆင်းဇုန် တိုက်ပွဲကလည်း အခြေအနေ ပုံစံချင်း တူနေခဲ့၏။ ဒီအချိန်မှာ ခြေစွမ်းအပြင် ကံတရားကလည်း စကားပြောလာခဲ့ပြီ ဖြစ်၏။ ဥပမာဆို မနေ့က Al Nassr ပွဲလိုပေါ့။

နိုင်ရင် Al Nassr တို့ ရာသီ သိမ်းဖို့ ၁ ပွဲ အလိုမှာတင် ဖလားရယူနိုင်ပြီ ဖြစ်၏။ Al Nassr တို့ ၁-၀ ဖြင့် နိုင်နေ၏။ ပွဲပြီးဖို့ စက္ကန့်ပိုင်းလေးသာ ကျန်တော့၏။ တာဝန် ရှိသူတွေက ဖလားပေးဖို့ ပြင်နေကြပြီ။ ပရိတ်သတ်တွေကလည်း အောင်ပွဲခံနေကြပြီ။ အဲ့မှာ Al Hilal အသင်း လက်ပစ်ဘော ဂိုးထဲ ပစ်ထည့်၏။ တဖက် တိုက်စစ်မှူး တယောက်မှ မရှိနေသည့် ဘောလုံးကို မိမိ နောက်တန်းလူနှင့်အပြိုင် ဂိုးသမားက ထွက်ဖမ်း ပုတ်ထုတ်၏။ အဲ့မှာ မသေမသပ်ဖြစ်ပြီး ဂိုးဝင်သွားခဲ့၏။
ဂိုးသမား အမှားဟု ဆိုလို့ရ၏။ အန္တရာယ် ရှိနေသည့် အနေအထားမျိုး မဟုတ်ဘဲ ထွက်ဆွဲဖမ်းခြင်း ဖြစ်၏။ မိမိ နောက်တန်း ကစားသမားလည်း ရှိနေတာပဲ။ သူ့သူ ခေါင်းတိုက် ရှင်းလိုက်ရင် ပြီးနေပြီ မလိုအပ်ဘဲ ထွက်ပုတ်ရာကနေ ဂိုး ပြန်ပေးလိုက်ရ၏။ သရေကြပြီး စောစီး ဖလားကိုင်ရမဲ့ အခြေအနေကနေ နောက်ဆုံးပွဲစဉ်အထိ ကစားပြီးမှသာ ဖလားယူနိုင်တော့မည် ဖြစ်၏။ ထို့ကြောင့် ကံတရားကလည်း အရေးကြီးတယ်ဟု ပြောရခြင်း ဖြစ်လေ၏။
EPL ချန်ပီယံက Arsenal လား၊ City လား။
EPL မှာ ရှင်သန် ကျန်ရစ်မှာ Tottenham လား၊ West Ham လား။
(photos from Premier League Page)