
ဒီနေ့ မနက် ၁ နာရီခွဲမှာတော့ United vs Brentford ပွဲစဉ် ကစားသွားခဲ့၏။ ဒီရာသီ United ၏ ပွဲချိန်တွေက သန်းခေါင်ကျော်တွေ အတော်လေး များနေခဲ့၏။ UCL မကန်ရတော့ United fan တွေ အိပ်ရေး မပျက်တော့ဘူးပေါ့ဟု စနောက်ကြသူများကို ဘာပြန်ပြောလို့ ပြောရမယ် မသိတော့ပေ။ ပွဲချိန်တွေသာ ကြည့်တော့ကွာဟု ပြောလိုက်ချင်တော့၏။
ဒီတပတ်မှာ Aston Villa က ရှုံးသွားပေမဲ့ Liverpool က နိုင်ထားတော့ အဆင့် ၃ နေရာကို ဖိအားပေးသူက ဆက်လက်ရှိနေဆဲပင်။ Leeds ကိုသာ မရှုံးခဲ့ရင် United အနေဖြင့် ယခုထက်ပို၍ အမှတ်ဖြတ်ထားနိုင်မည် ဖြစ်၏။ Brentford နဲ့ ပွဲမကန်ခင်မှာ Liverpool က ၅၈ မှတ်ဖြင့် အဆင့် ၄၊ Aston Villa ကလည်း ၅၈ မှတ်ဖြင့် အဆင့် ၅ နေရာမှာ ရပ်တည်နေ၏။ United အနေဖြင့် ယခုပွဲစဉ်ကို အနိုင်ရဖို့ လို၏။

ရှေ့တပတ်က Chelsea ကို နိုင်ထားတော့ ဒီတပတ် Brentford နဲ့ ပွဲစဉ်ကို စိတ်ပူတာတော့ အမှန်ပင်။ အသင်းကြီးတွေကို နိုင်လေ့ ရှိပေမဲ့ အလယ်အလတ်အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရလေ့ ရှိ၏။ ထို့ကြောင့် အိမ်ကွင်းပေမဲ့ မနိုင်ခဲ့ရင်တောင် သရေကျအောင် ကစားနိုင်ဖို့ မျှော်လင့်ထားမိ၏။ ပထမပိုင်းမှာ ကတည်းက ၂-၀ ဖြင့် ဦးဆောင်ထားတော့ အနည်းငယ်တော့ စိတ်အေးသွားခဲ့ရ၏။ သို့ပေမဲ့ ယတိပြတ်တော့ နိုင်ပြီဟု မတွေးရဲသေးပေ။
တကယ်လည်း တွေးထားသည့်အတိုင်း ဖြစ်လာခဲ့၏။ Brentford အနေဖြင့် Come back moment တွေ ဖြစ်ပေါ်လာဖို့ နီးစပ်ခဲ့ပေမဲ့ United ဂိုးသမား လက်စွမ်းပြ ကာကွယ်နေလို့သာ တော်သေးသည်ဟု ဆိုရပေလိမ့်မည်။ United အနေဖြင့်ကလည်း အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့သောကြောင့် ဂိုး ထပ်မရတော့ပေ။ အမှန်ဆို ယခုထက်ကို ဂိုးပြတ်သွားရမှာ ဖြစ်၏။ ၈၇ မိနစ်မှာ Brentford တို့ ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ၂-၁ ဖြင့် ပွဲပြီး သွားခဲ့၏။
အဆင့် ၃ နေရာနှင့် UCL ဝင်ခွင့်အတွက် လက်ကျန် ပွဲစဉ်တွေကို အာရုံစိုက်ထားဖို့ လိုမည် ဖြစ်၏။ လက်ကျန် ၄ ပွဲကိုသာ သေချာ အားစိုက်လိုက်ရင် အဆင့် ၃ နေရာဖြင့် ပန်းဝင်မည် ဖြစ်၏။ လာမယ့် တပတ်မှာတော့ အိမ်ကွင်းမှာ Liverpool နဲ့ ကစားရမည် ဖြစ်၏။ အနီးကပ် ဖိအားပေးနေသည့် ပြိုင်ဘက်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရတော့မည် ဖြစ်၏။
(photos from Premier League Page)