အပိုင်း -(၁၁)
ကျွန်တော် B.Tech ပြန်တတ်တဲ့ ပထမနှစ်မှာပဲ ကျွန်တော့ အမ က တောင်ငူတက္ကသိုလ်မှာ ဘွဲ့ယူရပါလေရော။ ကျွန်တော်ပဲ အစစ အရာရာ အကုန်လိုက်လုပ်ပေးရတာပေါ့။ ကိုယ်ကတောင်ငူ ကို နယ်မြေကျွမ်းနေပြီကိုး။အဲ့ဒီမှာ အဖြစ်အပျက်တစ်ခု လေး ပြောပြဦးမယ်။ အမ ဘွဲ့ယူမည့် Final နေ့မှာပဲ အမတို့သူငယ်ချင်းတွေရော သူတို့မိဘတွေရော ကျွန်တော့် အဖေနဲ့အမေ ရော ကားနဲ့သွားကြတာပေါ့။
ကျွန်တော့်ကိုတစ်ပါးတည်းကားနဲ့လိုက်ခဲ့ခိုင်းတယ်။ ဒါပေမည့် ကျွန်တော်က အဆောင်က သူငယ်ချင်း ရဲ့ ဆိုင်ကယ်နဲ့ လိုက်မယ်ဆိုပြီးနောက်က ဆိုင်ကယ်နဲ့လိုက်ရော။ တောင်ငူတက္ကသိုလ်မရောက်ခင် လဲဘူး ဆိုတဲ့ကျေးရွာမှာ ကျွန်တော့်ဆိုင်ကယ်က ဘီးပေါက်ပါလေရော။ ဘွဲ့နှင်းသဘင် အခမ်းအနားကစတော့မယ်။ ကျွန်တော်က ဆိုင်ကယ်ပြင်နေတုန်း ရှိသေးတယ်။ ပြီးလည်းပြီးရော ကမန်းကတန်းမောင်းတာ ကံကောင်းတယ်ဗျာ၊ ဟိုလည်းရောက်ရော အခန်းအနား စဖို့နည်းနည်းပဲလိုတော့တယ်။ ဒါနဲ့ကမန်းကတန်း မိသားစု ဓာတ်ပုံကို အသည်းအသန်ရိုက်ရတာပေါ့။
အခမ်းအနားထဲမှာတော့ကျွန်တော်မဝင်ရဘူးလေ၊ အဖေ နဲ့အမေ ပဲဝင်တာ။ အဲ့ဒီဘွဲ့နှင်းသဘင်ခမ်းမထဲမှာ စစချင်း ဘွဲ့နှင်းသဘင် တီးလုံးလည်းတီးရော အမေဟာ မျက်ရည်တွေကျတယ်။ ဝမ်းသာမျက်ရည်ပေါ့။ သူ့ဘဝမှာ ပထမဦးဆုံးအကြိမ် ဘွဲ့နှင်းသဘင် ခမ်းမထဲဝင်ရတာလေ။ ဒါကြောင့် ဝမ်းသာပီတိဖြစ်ပြီး ငါ့သမီးလေးတော့ ဘွဲ့ရသွားပြီ ဆိုပြီး ဝမ်းသာမျက်ရည် ကျတာပေါ့ဗျာ။ကျွန်တော်က အပြင်ကကြည့်နေတော့ မြင်ရတာပေါ့။ အဖေကတော့ ဘာမှ မပြောပေမည့် သူလည်း အတူတူပဲထင်မှာပါ။ အဖေ တွေက ဘယ်တော့မှ သူတို့ရဲ့ခံစားချက်ကို ထုတ်ဖော်မပြောဘူးလေ။ ဘွဲ့နှင်းသဘင် လည်းပြီးရော အမက အမှတ်တရဓာတ်ပုံတွေတွဲရိုက်ကြတဲ့အခါ ကျွန်တော်က Camera man ပေါ့။
တစ်ခေါက်မှာ အမ က ဓာတ်ပုံ ရိုက်ပေးပါတဲ့ သူငယ်ချင်းတွေအားလုံးနဲ့အပြင် ပါချုပ်ကြီးတွေနဲ့ရိုက်ပေးပါဆိုလို့ ရိုက်ပေးလိုက်ရော။ နောက်မှသိရတာက သူတို့နဲ့ ဓာတ်ပုံတွဲရိုက်တဲ့ ပါမောက္ခချုပ်က အခု လယ်/ဆည် ဝန်ကြီး ဖြစ်နေတဲ့ ဒေါက်တာအောင်သူ ဗျား။
အဲ့ဒီလိုနဲ့ နောက်နေ့ကျတော့ အမ တို့က ပြန်ကြရော၊ အဖေ နဲ့အမေက ကျွန်တော့အဆောင်ကိုလာတယ် ပြီးတော့ အဆောင်မှူးနဲ့စကားပြောပြီး နောက်နေ့မှ ကျွန်တော်ပါ အတူတူပြန်ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော် အဆောင်ပြောင်းခဲ့တယ်။ ကန်ရိုးကနေကျောင်းတက်ရာတာဝေးလွန်းတော့ မြို့သစ်ကကျောင်းနားမှာပဲ အဆောင်ငှါးနေလိုက်တော့တယ်။ အဲ့ဒီလိုနဲ့ B.Tech first စာမေးပွဲ ဖြေဖို့အချိန်ရောက်လာပါရော။
....
....
....
photo credit by Google and facebook
....
....
အပိုင်း( ၁၂)
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238