မန္တလေး- ပြင်ဦးလွင် ခရီးစဉ်ကား မရည်ရွယ်ဘဲ သွားဖြစ်သည်ဟု ဆိုရမည်။ မိမိလည်း တစ်ခေါက်မှ မရောက်ခဲ့ဖူးသောကြောင့် မယ်တော်ကြီး ဦးဆောင်သည့် ETM ငွေကြေးဝန်ဆောင်မှု လုပ်ငန်းဌာနမှ ဝန်ထမ်းများနှင့် အတူခရီးထွက်ခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်မှ ညနေခြောက်နာရီလောက် အန်စာတုံးကားခေါ် ( Hi - Ace ) ကားဖြင့် စတင်ထွက်ခွာလာပြီး၊ လမ်း၌ ခရီးတစ်ထောက်နားပြီးသည်နှင့် မန္တလေးသို့  မဟာမြတ်မုနိဘုရားကြီး မျက်နှာတော်သစ်အမှီ ရောက်အောင် မောင်းလာသောကြောင့် ကုသိုလ်ထူးစွာပဲ နံနက်ငါးနာရီ ဘုရားကြီး မျက်နှာတော်သစ်ချိန် ရောက်ခဲ့ပါသည်။ မန္တလေးမြို့၏ ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးကား ကြည်ညို၍မဝ ဖူးမြော်၍ မဝအောင်ရှိလှပါသည်။
မဟာမြတ်မုနိဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှုပူဇော်ပြီးသွားသောအခါ နံနက်စာအတွက် မန္တလေးလက်ရာ နန်းကြီးသုပ် စသည် စားသောက်ပြီး မန္တလေးတောင်သို့  တတ်လေသည်။ မန္တလေးတောင်သည်ကား " အသက်လေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို " ဆိုသည့်အတိုင်း တောင်ကြောတစ်လျှောက် အသက်အရွယ်စုံ လူကြီး လူငယ် ကလေးများ မိသားစုများ လမ်းလျှောက်ထွက် ကိုယ်လက်လှုပ်ရှားမှုများလုပ်နေသည်မှာ အားကျစရာ ပျော်စရာပင် ကောင်းလှပေသည်။ တောင်ပေါ်မှ ဆင်းပြီး ရှေးမူမပျက် ရှေးလက်ရာများဖြစ်သော ရွှေကျောင်းကြီးနှင့် ကျောင်းဟောင်းကြီးတို့ ဆီ သွားလည်လည်ပတ်ရင်း ရှေးခေတ်မြန်မာတို့ ၏ အနေအထိုင် ယဉ်ကျေးမှုများ သိခွင့်ရခဲ့သည်။
ရေပတ်လည်း ဝိုင်းလျက်ရှိသော မန္တလေးကျုံးနှင့် နန်းတော်မြို့ရိုးများ ၊နန်းဆောင်များကား မန္တလေး၏ ဂုဏ်ကျက်သရေဟုပင် ထင်မိပါသည်။ ထိုနန်းတော်ထဲမှာလည်း လက်ရာမြောက်သော ပန်းချီ ပန်းပုစသည်တို့ ကိုလည်း မြင်တွေ့ခဲ့ရပါသည်။
ထို့ နောက် ကမ္ဘာအကြီးဆုံး စာအုပ်ဟုနာမည်တွင်သည့် ကုသိုလ်တော် ဘုရားဝင်းအတွင်းမှ ကျောက်စာချပ်များကို လည်းကောင်း၊ မန္တလေးမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သော ဦးပိန်တံတားကြီးသည်လည်းကောင်း ကြည့်ရှု၍မဝနိုင်အောင်ကို လှပလေသည်။
ညနေစောင်း မှောင်စမပျိုးခင်အချိန်မှာတော့ ကားဖြင့် ပြင်ဦးလွင်တောင်တတ်လမ်းသို့  တတ်ခဲ့သည် ။" မေမြို့ ( သို့ မဟုတ် ) ပြင်ဦးလွင် တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ ပင် " ဆိုသည့်အတိုင်း မြူများဆိုင်းလျက် အေးချမ်းသာယာလှသော အပန်းဖြေမြို့တစ်မြို့ဖြစ်ပေသည်။ တောင်လှေကားမြို့တော်ဟု ဆိုရလောက်အောင် လမ်းများက စီစီရီရီနှင့် အထပ်ထပ်လေး ဖြစ်နေသည်။ မြို့ထဲရောက်ချိန်မှာတော့ ဘယ်မှ မလည်ဖြစ်တော့ပါ ၊မှောင်စပျိုးနေပြီဖြစ်သည့်အတွက် WIN UNITY ဟိုတယ်၌ အနားယူရင်း ပြင်ဦးလွင်၏ အအေးဓာတ်ကို အံတုလို့  အိပ်စက်ခဲ့ကြသည်။
မနက်ခင်းကျတော့ အားလုံးလိုလို အိပ်ရာထနောက်ကျလေသည်။ ပြင်ဦးလွင်မြို့ရဲ့ အအေးဓာတ်ကို မတွန်းလှန်နိုင်ပဲ အနွေးထည်နှင့် စောင်များခြုံရင်း ကွေးမြဲကွေး၊ နွေးမြဲနွေးအောင်သာ နေလိုကြသည် ။သို့ ပေမဲ့ ပြင်ဦးလွင်၏ အလှအပကိုကြည့်ဖို့  အားလုံးနိုးထ ပြင်ဆင်ပြီး အမျိုးသားကန်တော်ကြီးပန်းခြံသို့  ပထမဦးစွာ ဝင်ခဲ့ကြသည်။ ပန်းခြံတစ်ခုလုံး အရောင်အသွေးစုံ ပန်းမျိုးစုံတို့ ဖြင့် လှပသာယာပြီး ပန်းမြို့တော်ဟု တင်စားရလောက်အောင်ကို ပန်းများစုံစုံလင်လင် တွေ့မြင်ရသည် ။ပန်းခြံတွင်း၌ အရင်ကထက် လူပိုစည်သည်ဟု ပြောရမည၊် နာမည်ကြီးရုပ်ရှင် မင်းသား မင်းသမီးများ ဇာတ်လမ်းလာရိုက်ကြ၍ လူများ ကြိတ်ကြိတ်တိုးလျက်ရှိသည် ။ပန်းခြံထဲတွင် လှည့်လည်ကြည့်ရှုရင်း နေ့ တစ်ဝက်ကုန်မှန်းမသိကုန်သွားလေသည် ။
နေ့ ခင်းပိုင်းမှာတော့ ပိတ်ချင်းမြောင် မဟာနန္ဒမူ လှိုဏ်ဂူတော်သို့  သွားရောက်လေ့လာခဲ့ကြသည်။ လှိုဏ်ခေါင်းအတွင်းမူကား ရှေးဟောင်းတန်ခိုးကြီး ဘုရားများ သဘာဝ ကျောက်သားရုပ်ထုများဖြင့် ထူးခြားစွာ တည်ရှိလေသည် ။နိုင်ငံခြားသားများလည်း များစွာ လာရောက်မှတ်တမ်းတင်သော နေရာလည်း ဖြစ်သည်။ လှိုဏ်ဂူကြီး၏ အဝင်ပေါက်ဝကား တသွင်သွင်စီးနေသော ရေတံခွန်ငယ်လေးက ပို၍ တင့်တယ်အောင် အားဖြည့်ပေးထားလေသည်။
နောက်ထပ် ပြင်ဦးလွင်မြို့၏ နာမည်ကြီးဖြစ်သော ဒီဇင်ဘာခြံသို့  သွားရောက်လည်ပတ်ပြီး စတော်ဘယ်ရီသီးများ ခူးဆွတ်ခဲ့ကြသည် ။ပွဲကောက် ရေတံခွန်ရောက်တော့ အနားယူ ရေချိုးကြပြီး၊ အနွေးထည်များ လက်ဆောင်ပစ္စည်းများ ဝယ်ယူကြပြီး နေမဝင်ခင်မှာပင် မန္တလေးသို့  ကားဖြင့် ပြန်ဆင်းကြလေသည်။ ပြင်ဦးလွင်တောင်တက်ကားလမ်းကား မိုးချုပ်မှသွားလျှင် အန္တရာယ်များလှသောကြောင့် အလင်းရောင်ရှိချိန်တွင် မောင်းနှင်ခြင်းက ပို၍ အန္တရာယ်ကင်းပါသည် ။
ထို့ နောက် အပြန်ခရီးတွင်လည်း မန္တလေးမြို့တွင် တစ်ထောက်နားပြီး ရန်ကင်းတောင် ငါးရံ့မင်း လှိုဏ်ဂူတော်နှင့် ကျောက်စိမ်းစေတီတော်မြတ်ကြီးအား ဖူးမြော်ပြီး ရန်ကုန်သို့ ပြန်လည်ထွက်ခွာလာခဲ့ပါသည်။ နှစ်ညအိပ် သုံးရက်ခရီးစဉ်ဆိုသော်ငြား ၊မမြင်ဖူး မတွေ့ဖူးသော အလှအပများဖြင့် ပြည့်နှက်နေသည့် ဒေသများသို့  လည်ပတ်ခဲ့ရသောကြောင့် မောရပန်းရမှန်းမသိဘဲ ပျော်ရွှင်စရာအတိပင်ဖြစ်ပါတော့သည်။