အခုတစ်လော နာရေးသတင်းတွေ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။လူတိုင်းက တစ်နေ့ဒီလိုဖြစ်မယ်ဆိုတာ သိပေမယ့် အခုကြားနေရတဲ့သတင်းတွေက အကြွေစောနေတဲ့သူတွေအကြောင်းပါ။"ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဖြစ်မှဖြစ်ရလေ"လို့ ရေရွတ်ရတာလည်း ခဏခဏပါပဲ။
"နေ့မြင်ညပျောက်"ဆိုသလို မနက်ကပဲတွေ့လိုက်သေး။ညဘက်ကျတော့ လောကကြီးကို ကျောခိုင်းသွားပြီလို့ ကြားရပြန်ပြီ။"သေခြင်းတရား"ဆိုတာ မျက်နှာလွှဲလို့ မရပေမယ့် လောကမှာ လူတွေအကြောင်း နှံ့စပ်အောင်မသိသေးခင် အကြွေစောသွားတာ ကံကောင်းလို့ပဲလား။ကံဆိုးတာပဲလားဆိုတာတော့ မဝေခွဲတတ်တော့ဘူး။တရားမရှိဘူးလို့ပဲပြောပြော တစ်ခါတစ်လေ ကိုယ်နဲ့သိကျွမ်းခဲ့တဲ့ သူတွေ အခုလိုအကြွေစောနေတာတွေ တွေ့တော့ မျက်ရည်ကျမိပါတယ်။
အခုလို "အမှည့်တဝင်းဝင်း အကင်းတဖြိုက်ဖြိုက်"ဖြစ်နေတာတွေ တွေ့ကြုံလာတော့ ဆရာမင်းသုဝဏ်ရဲ့ ညီမ စာရေးဆရာမကြီးနုယဉ်ရေးထားခဲ့သော "မြပင်ပျို"ကဗျာလေးကို ပြန်လည်အမှတ်ရလာမိတယ်။
စိတ်ထဲတွင် ပြန်လည်အမှတ်ရလာသော "မြပင်ပျို"ကဗျာလေးကို ဗဟုသုတရစေရန် ဖော်ပြပေးပါမည်။
မြပင်ပျို
*မိုးဦးအဝင် မုန်တိုင်းဆင်၍
မြပင်ပျိုမှ ပြုတ်ကြွေကျသော
ဖွားသစ်စရွယ် သီးကင်းငယ်သည်
ရေဝယ်မျောပါး ပျောက်ဆုံးသွား၏။
သီးကင်းကြွေသော် မိုးရေသို့လျှမ်း
မျက်ရည်စမ်းဖြင့် ဆွတ်လွမ်းတမ်းဆို
မြပင်ပျိုသည် ရှိုက်ငိုကြွေးက
ယိမ်းလှုပ်ရှာ၏။
ထိုအခိုက်ဝယ် မြေ၌ပေါက်ကာ
ကာလကြာသော သက်ဝါကြီးရင့်
ကိုင်းခက်ဆင့်သည့် မိုးမြင့်ရိပ်ညို
ပညောင်အိုက မြပင်ပျိုငယ်
သက်နုရွယ်ကို နာဖွယ်စကား
ဖြေသိမ့်ကြား၏။
မြပင်ပျိုငယ်
အငိုတိတ်တော့ အားမပျော့နှင့်
ညှာကော့သီးကင်း ကျကြွေဆင်းလည်း
ဝါဝင်းရွှေရည် သီးမှည့်သည်လည်း
ကြွေမည်အသင့် သူစောင့်လင့်သို့
ပင်မြင့်ထက်မှာ ရှိသည်သာတည့်
ဖြစ်လာခဏ ပျက်ကြအစဉ်
သဘောမြင်လျက် ငြိုငြင်မရှိ
မိမိဝန်တာ ပွင့်သီးကာဖြင့်
မြေမှာအလှ သင်ဆင်သလျှင်
လောကသာယာ မြင်ကောင်းပါလိမ့်။ ။*
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003