ယနေ့ခေတ်ကာလကို ကြည့်လိုက်ရင် ဆိုရှယ်မီဒီယာအသုံးပြုမှု ကျယ်ပြန့်လာတာကိုတွေ့ရပါတယ်။အသုံးပြုမှုများပြားလာသလို အသုံးပြုတဲ့ပမာဏလည်း များပါတယ်။နည်းပညာတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာလို့ တိုးတက်လာတယ်လို့ပြောရပေမယ့် အကျိုးရှိအောင်သုံးတဲ့ပမာဏက နည်းတာကိုလဲတွေ့ရပါတယ်။ဆိုရှယ်မီဒီယာတွေ ဘယ်လောက်ပဲကျယ်ပြန့်ကျယ်ပြန့် အကျိုးရှိအောင်အသုံးပြုသူနည်းနေသရွေ့ ငွေကုန်လူပန်းဖြစ်တာကလွဲလို့ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။
အဓိကကတော့ လူငယ်တွေပဲဖြစ်ပါတယ်။စာမဖတ်ကြတော့ဘူး။စာဖတ်ဖို့အချိန်မရဘူးလို့ ပြောကြပါတယ်။တစ်နေ့တာအတွက် ကျောင်းကိစ္စ၊လူမှုရေးတွေရယ်ပေါင်းလိုက်တော့ စာဖတ်ဖို့အချိန်မကျန်တော့ဘူး။ယခင်က စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေ၁သောင်းအထက်မှာရှိတယ်။အချို့စာအုပ်တွေဆိုရင် အကြိမ်ပေါင်းမနည်း ပြန်ထုတ်နိုင်တယ်ဆိုတာကို သက်ကြီးစကားသက်ငယ်ကြားလို့ သိရပါတယ်။ခုနောက်ပိုင်း စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေ ၅ရာ၁ထောင် ဒီထက်မပိုတော့ပါ။အုပ်ရေထောင်ဂဏန်းလောက်ထုတ်နိုင်တာပဲ ဝမ်းသာရမလိုလိုဖြစ်နေပါပီ။
စာဖတ်သူနည်းလာလို့ ရပ်နားသွားတဲ့ စာအုပ်တိုက်တွေလည်း အများအပြားတွေ့ရပါတယ်။မဂ္ဂဇင်းတွေ စာစောင်တွေလည်းရှိပါတယ်။စာဖတ်သူနည်းသွားတာရယ် ငွေကြေးအခက်အခဲဖြစ်တာရယ်ကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ပါ။
လူငယ်တွေစာဖတ်ဖို့ လိုပါတယ်။စာဖတ်လို့နိမ့်ကျတယ်ဆိုတာမရှိပါဘူး။စာပေအမျိုးမျိုးရှိကြပါတယ်။ကဗျာကြိုက်သလား၊ကာတွန်းကြိုက်သလား။သုတ၊ရသကြိုက်သလား။ကြိုက်ရာနယ်ပယ်ကို ဖတ်လို့ရပါတယ်။သုတမှာလည်း ကြိုက်ရာရွေးဖတ်လို့ရပါတယ်။ရသမှာလည်း ဒီလိုပါပဲ။ခေတ်သစ်လား၊ခေတ်ဟောင်းလား အားသန်ရာကို ရွေးနိုင်ပါတယ်။စာပေမှာအကုန်ရှိတယ်။ဘာကိုစိတ်ဝင်စားသလဲ။ဘယ်စာမျိုးဖတ်ချင်တာလဲ။လူမှုရေးလား၊စီးပွားရေးလား၊အတွေးအခေါ်လား၊တက်ကျမ်းတွေလား၊သိပ္ပံလား အားလုံးရှိပါတယ်။နည်းပညာတွေလေ့လာချင်တာလား အစုံရှိပါတယ်။ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ဖတ်လို့ရပါတယ်။စာပေအတွက် အချိန်ကုန်၊ငွေကုန်၊အပင်ပန်းခံပြီး စာတစ်အုပ်လုံး ကွန်ပျူတာပြန်စီပြီး တင်ပေးကြတယ်။Pdfဖိုင်တွေ တင်ကြတယ်။အဲဒီိလို အချိန်တွေ၊ငွေတွေအကုန်အကျခံပြီး စာပေဘက်လှည့်လာအောင် အမျိုးမျိုးကြိုးစားကြတယ်။ဒါပေမယ့် စာဖတ်သူကဘထင်သလောက်အရေအတွက် ရှိမလာဘူး။လက်မမျိုးဆက်လို့ ခေါ်နေကြသလို ဖုန်းပွတ်နေကြတယ်။
လူငယ်တွေ ဝေလေလေနဲ့အချိန်ကုန်မသွားစေချင်ပါဘူး။နေ့ရောညရော အချိန်ပြည့် ဘောပွဲကြည့်ရင်း အချိန်တွေဖြုန်းပစ်ကြတယ်။လက်ဖက်ရည်ဆိုင်တွေ၊ဘီယာဆိုင်တွေ၊အရက်ဆိုင်တွေ၊ကေတီဗွီတွေမှာ အချိန်တွေဖြုန်းကြတယ်။အချိန်ဖြုန်းရင်းနဲ့ အသက်တွေကြီးလာကြတယ်။အပျော်အပါးဖက်ကိုသိပ်မလိုက်စားစေချင်ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့ကို မိနစ်၂၀၊၃၀လောက်တော့ စာဖတ်စေချင်ပါတယ်။
စာဆိုတာ ကျောင်းတွေ၊ကျူရှင်တွေက သင်မှစာမဟုတ်ပါဘူး။ပြင်ပစာတွေရှိပါတယ်။စာများများဖတ်လေလေ အသိပညာဗဟုသုတ များလေလေပါပဲ။
စာဖတ်တဲ့လူတစ်ယောက် စာမဖတ်တဲ့လူထက် အသိပညာတွေ ဗဟုသုတတွေပိုများနေမှာလဲအမှန်ပါ။ရွယ်တူချင်းဖြစ်နေရင်တောင် စာဖတ်တဲ့သူက ပိုပြီးသာပါတယ်။ဒါဟာ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေပါ။ဒါကြောင့် လူငယ်တွေစာဖတ်ကြပါလို့ ပြောချင်တာပါ။
စာဖတ်တဲ့လူမျိုးဟာ အမြဲတိုးတက်နေတာပါပဲ။တိုးတက်နေတဲ့လူမျိုးတွေဟာလည်း စာဖတ်နေကြပါတယ်။ခေတ်မှီနည်းပညာတွေ ဘယ်လောက်ပဲ ထွန်းကားထွန်းကား စာကိုတော့ကောင်းကောင်းဖတ်ကြတာ တွေ့ရပါတယ်။ဆိုရှယ်မီဒီယာတွေဘယ်လောက်ပဲ ကျယ်ပြန့်ကျယ်ပြန့်၊ခေတ်မှီနည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်တိုးတက်၊နည်းပညာတွေတိုးတက်လာတာတို့၊ဖျော်ဖြေရေးတွေ များပြားလာတာတို့ကို အကြောင်းပြုပြီး စာဖတ်နှုန်းတွေ ကျမသွားပါဘူး။ပိုလို့ပင်တိုးတက်လာပါတယ်။တိုးတက်အောင်လည်းလုပ်ကြပါတယ်။စာဖတ်မှ အများထက်အသိပညာဗဟုသုတ ကျယ်ပြန့်မှာကို သိကြတယ်။သိလို့လည်း စာဖတ်ရှိန်တွေမြှင့်ကြတယ်။စာဖတ်အားကောင်းလာတာနဲ့အမျှ ဥာဏ်ရည်ဖွံ့ဖြိုးလာတယ်။အသစ်အဆန်းတွေတီထွင်လာကြတယ်။နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ကြတယ်။ကျနော်တို့နိုင်ငံမှာ စာဖတ်အားမြင့်ဖို့နေနေသာသာ လက်ရှိစာဖတ်နှုန်းလေး လျော့မသွားအောင် မနည်းထိန်းနေရတဲ့အခြေအနေပါ။
စာမဖတ်တော့ အတွေးအခေါ်အယူအဆတွေ တိမ်းပါးပြီး လမ်းမှားပေါ်ရောက်တတ်ကြပါတယ်။အပြစ်မဆိုစလောက်လေးနဲ့ ရန်ပွဲတွေဖြစ်နေကြတယ်၊လူသတ်၊မုဒိန်းမှူတွေဖြစ်ကြတယ်၊လမ်းမှားပေါ်ရောက်ပီး မူးယစ်ဆေးရဲသားကောင်တွေဖြစ်နေကြတာကိုလည်းမျက်မြင်တွေ့နေကြရမှာပါ။ဒါကြောင့် လူငယ်တွေစာဖတ်စေချင်ပါတယ်။လူကြီးတွေကလည်း စာဖတ်ဖို့တိုက်တွန်းစေချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်စာဖတ်ချင်လာအောင် ဖေးမပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Photo Credit###Google Photo
MSU-035