လက်ဘက်ရည်ကြမ်း တခွက်သောက်ရင်း တောင်မြောက်
အတွေးများပျံ့မိသည်။ ကလေးဘဝအရွယ် အမေ့တို့ရွာ
သွားစဉ်က ရွာမှ ဆွေမျိုးများက သူရို့အိမ်များသို့
လက်လက်ရည်သောက်လာဖို့ အပြိုင်အဆိုင်ဖိတ်ကြသည်။
မြို့မှ လာသူများမို့ တကူးတက အထူးဖိတ်ရှာ
ကြခြင်းလည်းဖြစ်သည်။ တနှစ်တခေါက်ရောက်ဖို့
လာခဲသော မြို့မှ သူငယ်ချင်းကို စကားများ တဝကြီး
လည်းပြောချင်ရှာကြ၍ ခေါ်ကြခြင်းလည်းဖြစ်
ပေသည်။
ကိုယ်တွေကတော့ ကလေးပီပီ အမေသွားရာ နောက်မှ
လိုက်၍ တအိမ်ဝင် တအိမ်ထွက် ကျွေးသမျှကို
အဝစားသည်။ တအိမ်ပြီး နောက်တအိမ်သာ
ပြောင်းသွားသည် သူရို့ပြောသော လက်ဘက်ရည်က
ယခုထိ လာမချပေးကြပေ။ ကျွန်တော်က အမေ
လက်ဘက်ရည်လည်းလာ မတိုက်သေးဘူး ဟု
အမေ့ကို ပြောရာ။ အမေက သူ့သူငယ်ချင်းမများနဲ့
လေပေးဖြောင့်နေသမို့ ကျွန်တော့ပြောစကား
ဂရုမထားမိပေ။ အမေရဲ့ သူငယ်ချင်းအိမ်တွေသာ
ကုန်သွားသည်။ ကျွန်တော်မျှော်လင့်နေသော
လက်ဘက်ရည်က ယခုထိမသောက်ရသေးပေ။
ကြာလာတော့ ကျွန်တော် သီးမခံနိုင်တော့၍
အမေ အမေ့သူငယ်ချင်းတွေက လက်ဘက်ရည်
လာသောက်အုံးလို့ပြောပြီး လက်ဘက်ရည်လည်း
မတိုက်ကြဘူး။ ထိုအခါ အမေက ရီမောကာ
အိမ်တိုင်းက လက်ဘက်ရည်တိုက်ကြသားပဲ
မင်းမှ မသောက်ပဲနဲ့။ အမေ မညာနဲ့နော် အမေ့
သူငယ်ချင်းအိမ်တွေက တအိမ်မှ လက်ဘက်ရည်
မတိုက်ကြဘူး။ ရော ခက်တော့နေပြီး နင့်ရှေ့က
အကြမ်းပန်ကန်တွေနဲ့ ချပေးတာ အဲ့တာ တိုက်လိုက်
တာပဲလေ။
ဟင်း သူရို့တိုက်တာက ရေနွေးကြမ်းတွေလေ။
ဘယ်မှာလဲ လက်ဘက်ရည် မတွေ့ပါဘူး။ နို့ဆီလည်း
မပါဘူး လက်ဘက်ရည်အရောင်လည်းမဟုတ်ဘူး။
အမေ့က ကျွန်တော်ပြောသည်ကို ဆက်လက်ရီမော
ပြီး။ ငါတို့ရွာက လက်ဘက်ရည်က အဲ့သလိုဟာပဲလေ။
ဧည့်သည်လာရင် လက်ဘက်ရည်သောက် ကြွပါအုံးလို့
ခေါ်ကြ ပြောကြတာ။ ကျွန်တော်က မကျေမနပ်ဖြင့်
အမေ့ကို ပြန်ပြာမိသည်။ ဒါဆိုလည်း အစကတည်းက
ရေနွေးကြမ်းသောက် ကြွကြပါလို့ ပြောပေါ့။
ခုတော့ လက်ဘက်ရည်တဲ့ ကျွန်တော်တို့ မြို့က
လက်ဘက်ရည်လို့လည်း မဟုတ်ပဲ လိမ်ညာပြောပြီး
ခေါ်တာ။
ယခုတော့ မြို့က လက်ဘက်ရည်ဆိုတာကြီးကို
မသောက်ရတာ အတော်ကြာပါပြီ။ အမေ့ရွာက
လက်ဘက်ရည်နဲ့ နှစ်ပါးသွားနေရတာ ကြာပေါ့။
အခုတော့ အမေ့ရွာ လက်ဘက်ရည်ကသာ
ကျန်းမာရေးအတွက် အဆင်ပြေပေသည်။
မြို့က လက်ဘက်ရည်များက အခုအခါမှာတော့
နို့ဆီများက အရည်အသွေးမပြည့်မှီသမို့ သောက်ပြီး
သည့်အခါတိုင်း ရင်ကြပ်ချင်သလို၊ ချောင်းဆိုးချင်
သလိုဖြစ်နေရသည်။ အရည်အသွေးပြည့်သော
လက်ဘက်ရည်ဆိုင်ကြီးများကိုလည်း ခြေဦးမလှည့်
ရဲသေးသမို့ မြို့က လက်ဘက်ရည်ရေ နေနှင့် ပါအုံး
ဆိုသလို။ နေနှင့်အုံးဟုသာ ပြောရသည်။
လက်ဘက်ရည်ကျကျလေး သောက်ပြီးတိုင်း
လူက လေ ထ ချင်နေမိသည်။ အသက်က
လက်ဘက်ရည်အကျကိုတောင် စကားပြောချင်
လာတော့သည်။