မနက်မိုးလင်း၍ ပြတင်းတံခါးပေါက်ဖွင့်လိုက်သည့်အခါ
ရှေးဦးစွာ ဆီးဖြူသီးပင် အပင်ပျိုက သူ၏ အကိုင်းအခက်
များဖြင့် အိမ်ခေါင်မိုးသွပ်ပြားများကို
ရိုက်ပုတ် ကြည်စယ်သည်။ ဆီးဖြူသီးပင်သည်
လေအဝှေ့မှာ အပျိုဖြန်းလေးပမာ မခို့တရို့
သူ့ကိုင်းဖျားများဖြင့် အိမ်အမိုးကို ကျီစားသည်။
လေအဝှေ့မှာ သယ်ဆောင်လာသော တရုတ်စကား
ပန်းဖြူများက မိုးရေဝသဖြင့် အဆုပ်လိုက်ဖြူဖွေးစွာ
ပွင့်နေသည်။

မိုးရွာထားသဖြင့် ပိတောက်ပင်မှ ပိတောက်ပွင့်အချို့က
ရှက်ရွံ့စွာဖြင့် အရွက်စိမ်းများကြား ဖုန်းခိုကာ
ပွင့်နေသည်။ ကောင်းကင်ပြာပြာမှာ တိမ်ဖြူများက
လေနဲ့ လွင့်ပါနေသည်။ ကောင်းကင်ပြာအောက်မှ
စိန်ပန်းနီနီများက ရဲရဲတောက် လှပစွာပွင့်နေသည်မှာ
မြင်ရသည်က ကြည့်မဝပေ။ မိုးရွာ၍ မြေသားက
စိုစွတ်စွာအေးမြနေသည်။ ကြက်သားအမိက အစာရှာ
ထွက်လာသည်။

သူရို့သားအမိကြောင့် ပူစီနံနှင့် ရှမ်းနံနံပင်ပေါက်လေးများ
ထိုးဆိတ်ခြင်း ခံရသည်။ ထိုအခါ အမက စိတ်ဆိုးစွာဖြင့်
တာယာပွကြီးကို ပွစိပွစီပြောပါသည်။ နင့်
ကြက်တွေ ဘုန်းကြီးကျောင်းသွားပို့လိုက်ဟု ပြောသည်။
ထိုအခါ အမေဟ "ဟယ် မပို့ပါနဲ့ သူတို့ဘာသာ နေပါစေ"
အမေက သူထမင်းစားတိုင်း ထိုကြက်သားအမိကို သူစားသော ထမင်းလုတ်များပစ်ချ ကျွေးသဖြင့် သံယောဇဉ်ဖြစ်နေသည်။

ကြက်မကြီးက ညအိပ်သည့်အခါ သူ့အနားသို့
ကြက်ပေါက်ကို အကပ်မခံပေ။ ကြက်ပေါက်က
ညအခါ သူ့အမေ၏ အတောင်ပံအောက် တိုးဝှေ့ပြီး
အိပ်တတ်သည်။ တနေ့က ကြက်သားအမိသည်
ကြက်အိမ်မှာ မအိပ်ပဲ သရက်ပင်ပေါ်တက်ပြီး
အိပ်ကြသည်။ သရက်ပင်ပေါ် အိပ်ပြီး နောက်တနေ့
မှာ ကြက်မသည် ကြက်ဥ ထပ်မံ ဥ လေသည်။
ကြက်မ ကြက်ဥသဖြင့် အိမ်သားများက အံ့ဩ
ကြသည်။

"ဟာ ကြက်မက ကြက်ထီးမရှိပဲ ကြက်ဥသဟ" ဟု
တာယာပွကြီးက ပြောသည်။ မနေ့ညက သူရို့
သားအမိ သရက်ပင်ပေါ်တက်အိပ်တာ လေဝင်
သွားလို့လားမသိဘူး ဟုလည်းပြောပြန်သည်။
"လေဥ ဥတယ်လို့ ကြားဖူးတာပဲ။ လေဥတွေ
များလားမသိဘူး" ထိုသို့ တာယာပွကြီးက သူ့
ကြက်မနှင့် အလုပ်ရှုပ်နေစဉ်။ အငယ်မက
တမျိုး ပြောလာပြန်ပါသည်။ ကျွန်တော့်ညီမက
ကျွန်တော့်ကို တိုးတိုးပြောသည်။ ကြက်မကြီး
သည် ကြက်ထီးမရှိပဲ ကြက်ဥသည်ကို ကြည့်၍
ပြောခြင်းဖြစ်သည်။
"ဒီလိုမှန်းသိရင် ပုလိပ်က ကြက်ထီးကြီးကို
တကူးတက ခေါ်ထားစရာ မလိုဘူးပေါ့"

ကြက်မ၏ လေ ဥ လား၊ ဘာ ဥ လဲ မသိသော
ဥကြောင့် ကျွန်တော်တို့အိမ်မှာ ခန့်မှန်းချက်များ၊
စဉ်းစားခန်းများ၊ သတ်မှတ်ချက်များ ဒလဟော
ထွက်ပေါ်လို့လာပါတော့သည်။ ယနေ့မှာဆိုပါရင်ဖြင့်
အနှီးကြက်မသည်က လေဥလား ဘာဥလား
မသိသော ဥ ကို နှစ်လုံးတိတိ ဥ ထားပြီးဖြစ်ပါတော့သည်။