မင်္ဂလာပါ။ လွန်ခဲ့သော ရက်က ကျွန်တော့ အဘိုး၏ တိုက်ပွဲ အတွေ့အကြုံများမှ ရွှေချောင်းများ တွေ့ရုံသာ တွေ့ခဲ့ရ၍ မပိုင်ဆိုင်ခဲ့ရသော အကြောင်းကို ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤတွင် စာဖတ်သူများ အနေဖြင့် တွေးမိကောင်း တွေးမိပါလိမ့်မည်။ အဘိုးအနေဖြင့် စစ်ကြီး ပြီးသွားသော်လည်း အဘယ့်ကြောင့် ထို ရွှေများကို အနည်းဆုံး တခေါက်လောက် ပြန်၍ ကြိုးစားပြီး ရှာသင့် သည့်အကြောင်း။ ကျွန်တော့်အနေဖြင့်လည်း ထိုသို့ တွေးမိပါသည်။
မိမိ မှတ်ညာဏ်ထဲတွင် ရှိနေသော ထိုပတ်ဝန်းကျင်၏ အနေအထားများကို မှတ်မိနေသေးသ၍ ကြိုးစား၍ တခေါက်လောက်တော့ ရှာကြည့်သင့်သည်ဟုထင်ပါသည်။ သို့သော် အဘိုးအနေဖြင့် ထိုအခွင့် အရေး မရခဲ့ပါ။ စစ်ကြီး ပြီးသွား ပြီးနောက် လွတ်လပ်ရေးရသည်နှင့် ရောင်စုံသူပုန်များ ထကြွ သောင်းကျန်လာကြပြီး ထိုကာလ အတွင်း ခရီးသွားလာရခက်ခဲသလို အဘိုး အနေဖြင့် အဘွား ဖြင့် အိမ်ထောင်ကျပြီး အလုပ် အလွန်များလွန်းသောကြောင့် ထိုရွှေချောင်းများ ထပ်မံရှာ ဖို့ရန် အခွင့် အရေး မရခဲ့ခြင်း ဖြစ်ပါသည်။
အဘယ့်ကြောင့် အဘိုးအလုပ်များသည်ကို ဖေါ်ပြပေးပါမည်။ အိမ်ထောင်ကျပြီးနောက်အဘိုး မည်မျှ အလုပ်များသနည်း ဆိုလျင် ကျွန်တော့ အဘွား ဆိုရှယ်လစ် မိခင်ကောင်းဆု ရခဲ့သည် အထိပင်ဖြစ်ပါသည်။ သားသမီးများ မွေးဖွား လိုက်သည်မှာ စုစု ပေါင်း ၁၆ ယောက် ဖြစ်ပါသည်။ ကျွန်တော့ ဖခင်၏ ညီအစ်ကို မောင်နှမများမှာ ယောက်ျားလေး ၁၀ ယောက် ၊ မိန်းခလေး ၆ ယောက်ဖြစ်ပါသည်။
ကျွန်တော့ ဦးလေး များ အန်တီများ အိမ်ထောင်ကျ၍ သူတို့ မှ မွေးဖွားလာကြသော ကျွန်တော့ တူ၊ တူမ များ ပေါင်းလိုက်လျင် ကျွန်တော့ ဆွေမျိုး အသိုက်အဝန်း မည်မျှ တောင့်တင်းသည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ဤသည်မှာ အဖေဘက်မှ ဆွေမျိုးများသာ ရှိပါသေးသည်။ ကျွန်တော့ အမေ ဘက်မှ ဆွေမျိုးများ ထည့်ပေါင်းလိုက်လျင် ရွာတရွာ တည်လို့ ရနိုင်လောက်ပါသည်။
ဤသည်မှာ ကျွန်တော့ အဘိုး အလုပ်များရခြင်း အကြောင်း နှင့် ထိုတိုက်ပွဲ အတွင်း တွေ့ခဲ့သော ရွှေချောင်းများထပ်မံ ရှာဖို့ရန် အခွင့် အရေး မရခဲ့ခြင်း အကြောင်း ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ကျွန်တော် မှတ်မိနေသေးသော အဘိုး ပြောပြခဲ့သည့် တိုက်ပွဲတခု အကြောင်း ဖေါ်ပြပေးချင်ပါသည်။
အဘိုး ပြောပြချက်အရ ထိုတိုက်ပွဲမှာ တနိုင်း ၊ ဟူးကောင်းချိုင်းဝမ်း ဘက်ရှိ တောနက်တနေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဘိုးပြောပြခဲ့သည်မှာ အင်ဖာဘက်မှ တပ်ပျက်၍ ဆင်းလာကြသော ဂျပန်များအား လမ်းခုလတ်တွင် ဖြတ်တိုက်ကြခြင်း ဖြစ်ပါသည်။ ထိုဂျပန်တပ်များ နောက်လိုက်လံတိုက်ခိုက်ရင် ထိုတပ်ပျက်နေသော ဂျပန် တပ်စု လေးမှာ တောင်ကုန်း တနေရာတွင် အခိုင်အမာ တပ်စွဲ ထားသော ဂျပန် တပ်ခွဲ တခွဲ နှင့် သွားရောက်ပူးပေါင်း မိသည်ဟု ဆိုပါသည်။
ထို့ နောက် အဘိုးတို့မှာ ထို တောင်ကုန်းအား ရရှိရန် တိုက်ခိုက်ကြသည်မှာ နံနက် ၁၀ နာရီ ခန့်မှ တိုက်လိုက်သည့် တိုက်ပွဲ နောက်တနေ့ ညနေ ၂ နာရီ ခန့်ရောက်မှ ထိုတောင်ကုန်းအား ရရှိခဲ့သည်ဟုဆိုပါသည်။ ထို့ နောက် ထိုတောင်ကုန်းအား စွန့်ခွာပြေးကြသော ဂျပန်များ နောက်သို့ ထပ်ကြပ်မကွာ လိုက်၍ လိုက်လံခြေမှုန်းကြပါတော့သည်။ ဤသို့ ဂျပန်တပ်များနောက် လိုက်ရင်း သူပစ် ကိုယ်ပစ် ဖြင့်တိုက်ပွဲ ဖြစ်နေစဉ် တနေရာ ရောက်သော အခါ အလွန်မွှေးကြိုင်သော ရနံ့ကို ရကြောင်း ပြောပြပါသည်။
အဖိုး ပြောပြသည်မှာ ယမ်းနံ့များ ကြားမှပင် ထို အမွှေးနံ့မှာ တတောလုံး ကြိုင်လှိုင်၍ ရှိနေသည် ဟုဆိုပါသည်။ အဘိုးတို့လည်း တိုက်ပွဲ အတွင်းဖြစ်၍ မိမိကိုယ်ကို မသေစေရန်သာ သတိထားနေကြရသဖြင့် ထို အမွှေးနံ့အား တောပန်း တမျိုးမျိုး၏ အမွှေးနံ့ဟုသာ ထင်နေခဲ့ကြောင်း ပြောပြပါသည်။
တနေရာရောက်သော အခါ သစ်ဆွေးပင်ကြီးတပင် လဲကျနေသည်ကို တွေ့၍ အဖိုးလည်း ထို သစ်ဆွေးပင် အား အကာအကွယ်ယူ၍ ဂျပန်များအား ခံပစ် နေသည်ဟု ဆိုပါသည်။ ရုတ်တရက် ထို သစ်ဆွေးပင်အား သတိထားကြည့် မိလိုက်သော အခါ အောက်ဘက်တွင် သစ်သားများ ဆွေးမြေ့ ပြတ်ကျ နေခဲ့၍ တဝက်တပျက် ကျန်ရှိနေသော သစ်ဆွေးပင်အတွင်း ၌ လူကြီးပေါင်လုံး ခန့်ရှိ၍ အရည်လဲ့နေသော သစ်မွှေး ဆီခဲကို တွေ့ရပါတော့သည်။
ထို တတောလုံး မွေးကြိုင် နေရသော အကြောင်း အရင်း မှာ ထိုသစ်မွှေး ဆီခဲကြောင့် ဖြစ်ပါသည်။ အဖိုးလည်းထို သစ်မွှေး ဆီခဲကြီးအား အတန်ကြာကြည့် နေခဲ့သည်ဟု ဆိုပါသည်။ သို့ သော် " တက် " "တက်" "ပစ် "ပစ် " "အသေသတ်" ဟူသော စစ်မိန့်များ အောက်တွင် ရှေ့တို့သာ ပြေးတက်၍ ဂျပန်များ အား လိုက်လံပစ်ခတ် နေခဲ့ရသောကြောင့် ထိုသစ်မွှေး ဆီခဲ မည်သည့် နေရာတွင် ရှိနေခဲ့သည်ကို လည်း မမှတ်သားနိုင်ခဲ့ကြောင်းပြောပြခဲ့ပါသည်။
ယခု ကာလပေါက်ဈေး သစ်မွှေးဆီ တကီလို လျင် ဒေါ်လာ ၅၀၀၀၀$ ခန့် တန်ကြေးရှိသော အချိန် ထို လူကြီး ပေါင်လုံးခန့်ရှိ၍ အရှည် မည်မျှရှိအုံးမည် မသိသော ထိုသစ်မွှေး အဆီခဲကြီးမှာ ဟူကောင်း ဒေသရှိ တောနက်တနေရာတွင် ရှိနေအုံးမည်လား ၊ ထိုက်သင့် သောသူ ရရှိသွား ပြီလား ဆိုသည်ကို တော့ ကျွန်တော်လည်း ပြောနိုင်စွမ်းမရှိပါ။ ကျွန်တော့ အနေဖြင့် သစ်မွှေးပင်လည်း မမြင်ဖူးသလို သဘာဝအတိုင်း တောတောင်တွင် ပေါက်ရောက်နေသော သစ်မွှေးပင်များလည်း မည်မျှ ကြီးထွားနိုင်ကြောင်း မသိပါ။
ကျွန်တော် ကိုယ်တိုင်လည်း မမြင်ဘူးလိုက်ရ၍ ဤကဲ့သို့သော အရွယ်အစားရှိသော သစ်မွှေး ဆီရှိသည်ဟူ၍ သာ အဘိုးပြောပြခဲ့၍ သိခဲ့သည် အတိုင်း ပြန်လည် ဖေါက်သယ်ချ ရခြင်း ဖြစ်ပါသည်။ မယုံလျင် ပုံပြင်ဟုသာ မှတ်ကြ စေလိုပါသည်။
သို့သော် အဖိုး ပြောပြသော တောတွင်း တိုက်ပွဲ အတွေ့အကြုံများတွင် ဤကဲ့သို့ သဘာဝရတနာများ ၊ အံ့သြဖွယ်ရာ တောတွင်း သားကောင်များ ၊ သစ်ပင် ပန်းမန်များ အကြောင်း ကို အလျင်သင့်လျင် ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit :Original source
Author : Henry Aung ( Kachin )
MSC : 001