မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော OneCoin အကြောင်း ဆက်ပါရစေ။ ယခင်စာစုများတွင် OneCoin အနေဖြင့် Blockchain မရှိသော်လည်း မည်သို့လည်ပတ်ပုံ နှင့် မည်သို့ လိမ်လည် ပုံအား ဖေါ်ပြပေးပြီး ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း OneCoin အားရင်းနှီးမြုပ်နှံထားသူတို့က OneCoin Exchange တွင်သာမက OneCoin အား အခြားသော Cryptocurrency Exchange site များတွင်လည်းဝယ်ရောင်းနိုင်ရန် ဖိအားပေးလာသောအခါ OneCoin တာဝန်ရှိသူတို့က ကတိအမျိုးမျိုးပေးကာ OneCoin မည်သို့ကြီးကျယ်လာမည့်အကြောင်း ၊ ယခုအချိန်သည် ငွေဖေါ်ရမည် အချိန်မဟုတ် ၊ OneCoin အား တတ်နိုင်တမျှစုကြပါရန် စကားလမ်းလွဲကြသည့် အပြင် OneCoin စျေးကလည်း တန်ဖိုးထိုးတင်ထားသည့်အတွက် ရင်းနှီးမြုပ်နှံထားသူအများကလည်း သူတို့ ခေါင်းဆောင်များ၏ စကားတွင် နှစ်မျောကာOneCoin အား စထက်တပိုးစုကြလေတော့သည်။
ထိုအချိန်တွင် OneCoin Founder Dr.Ruja ကလည်း ဥရောပတခွင်လည့်လှည်ကာ OneCoin နှင့်ပတ်သက်၍ Promotion များ Event များ လုပ်၍နေသောကြောင့် လူအများက သံသယရှိနေသော်လည်း ခေါင်းဆောင်ကြီး ကိုယ်တိုင် က လူမြင်ကွင်းတွင် ရှိနေသောကြောင့် စိတ်သက်သာရာ ရခဲ့ကြပါသည်။
ဒူဘိုင်း ၊ လန်ဒန် ၊ ဆိုဖီယာ ၊ လစ်စဘွန်း စသည်ဖြင့် နိုင်ငံပေါင်းစုံ တွင် သူရောက်သည့် နေရာတိုင်း OneCoin supporter တို့က ကြိတ်ကြိတ်တိုး စည်စည်ကားကြိုဆိုကြသလို အချို့ကလည်း သူ့အား ဘုရားတဆူတဖွယ် ကိုးကွယ်ယုံကြည်နေကြသည်ဟု ဆိုပါသည်။
ဟုတ်ပါလိမ့်မည် ထိုအချိန်က အပြောကောင်း အဆွယ်ကောင်းသော OneCoin Referrer အရှာကောင်းသူတယောက်၏ ဝင်ငွေသည် တလလျင် ဒေါ်လာ ၉၀၀၀၀ ခန့်ရရှိသူများ ရှိနေသည်ဟု ဆိုကြပါသည်။ ဟုတ်သည် မဟုတ်သည်ကတော့ကျွန်တော်လည်း မသိနိုင်ပါ။
MLM လုပ်သူတိုင်းကလည်း တလတွင် မည်မျှရပါသည် ၊ ဘယ် အဆင့် ရောက်ပါပြီ ၊ Gold level , Diamond Level စသည်ဖြင့် ရှိကြသည်ဖြစ်ရာ ထိပ်ပိုင်းရောက်သူတို့က ထိုကဲ့သော ဝင်ငွေ ရကောင်းရနိုင်ကြပါလိမ့်မည်။ ထိုကဲ့သောသူများကလည်း Dr.Ruja အား နတ်ဘုးရား တဆူသဖွယ် ကိုးကွယ်ရာ အနေဖြင့် ဦးထိပ်တင်ကောင်း တင်ကြပါလိမည်။
ဤသို့ဖြင့် OneCoin သတင်းသည် ပြင်ပတွင် မည်မျှမသင်္ကာစရာ ကောင်းနေသော်လည်း OneCoin အား လူတို့တိုး၍ ယုံကြည်နေကြဆဲဖြစ်ပါသည်။ ဤအခြေအနေမှာ ၂၀၁၇ အောက်တိုဘာလ အထိသာဖြစ်ပါသည်။ ထို ၂၀၁၇ အောက်တိုဘာလတွင် OneCoin ၏ ဘုရားတဆူ ဖြစ်သော Dr.Ruja အနေဖြင့် အေသင်မြို့တွင် OneCoin Supporter များဖြင့် တွေ့ဆုံကာ OneCoin Promotion လုပ်မည့် အစီအစဉ်ရှိနေခဲ့ပါသည်။
ဤအချိန်အထိ Dr.Ruja သည် လူမြင်ကွင်း တွင်ရှိနေသော်လည်း OneCoin နှင့်ပါတ်သက်၍ နိုင်ငံတကာတွင် စတင် စစ်ဆေးနေကြပြီ ဖြစ်ပါသည်။ ၂၀၁၆ ဒီဇင်ဘာတွင် ဟန်ဂေရီနိုင်ငံ ဗဟိုဘဏ်က OneCoin နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ခဲ့သည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံတွင် OneCoin နှင့်ပတ်သက်၍ ထိပ်တန်း တာဝန်ရှိသူတို့ အရေးယူခံရသလို ဒေါ်လာ သန်း၃၀ ပမာဏသော ငွေကြေးများ ထိန်းသိမ်းခံခဲ့ရပါသည်။
၂၀၁၇ မတ်လတွင် ခရိုအေးရှား ဗဟိုဘဏ်ကလည်း OneCoin နှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ခဲ့ကာ OneCoin ရင်းနှီးမြုပ်နှံမှုတွင် အာလုံးစုံ ဆုံးရှုံးသွားနိုင်ကြောင်း OneCoin investors များအား သတိပေးခဲ့ပါသည်။ အီတလီ အစိုးရကလည်း OneCoin ရင်းနှီးမြုပ်နှံမှုသည် တရားမဝင်ကြောင်း ၂၀၁၇ ဖေဖေါ်ဝါရီလတွင် ထုတ်ပြန်ခဲ့ပါသည်။
၂၀၁၇ ဧပြီလတွင် အန္ဒိယ နိုင်ငံက OneCoin နှင့်ပတ်သက်၍ ခေါင်းဆောင်မှုပြုသူ တာဝန်ရှိသူ ၁၈ ယောက်အားဖမ်းဆီး အရေးယူခဲ့ပါသည်။ သူတို့နှင့် စပ်လျဉ်၍ ဘဏ်အကောင့် ၉ ခုတွင် OneCoin ရင်းနှီးမြုပ်နှံထားသူတို့၏ ငွေ ဒေါ်လာ ၃.၇၇ သန်းထိမ်းချုပ်ခံခဲ့ရပါသည်။
အန္ဒိယရဲများ အနည်းငယ်နောက်ကျသွားပါသည်။ ဤသို့ OneCoin တာဝန်ရှိသူများ အဖမ်း မခံရမည် ထိုOneCoin investment fund ဒေါ်လာ ၁၁ သန်းကျော်အား ပြည်ပသို့ လွဲလိုက်နိုင်ခဲ့ကြပါသည်။ ဤသည်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းရှိ အစိုးရတို့က OneCoin အား အရေးယူသော အချို့အကြောင်းအရာများအား ဖေါ်ပြပေးရခြင်းသာ ဖြစ်၍ အခြားသော နိုင်ငံရပ်ခြား အစိုးရများက ဖမ်းဆီးအရေးယူမှုများအား စာလေးမည်စိုးသောကြောင့် ချန်လှပ်ထားခဲ့ပါမည်။
ဤသို့ ဖြင့် ၂၀၁၇ တွင် OneCoin နှင့်ပတ်သက်၍ သသံရှိသူတို့ အဖမ်းခံရ ပိတ်ပင်ခံရ ထောင်ချ ခံရသော အနေအထား ရှိသည့် အချိန်တွင်ပင် OneCoin မှာ မှောင်ခိုစျေးကွက်တွင် ဆက်လက်ရှင်သန်နေခဲ့ပါသည်။ ဤစာစုရေးနေရင်း ဘာသာပြန်နေရင်း ဖြင့် ကျွန်တော်စဉ်းစားမိသည်မှာ လူသားတို့သည် သူတို့ ယုံကြည်ရာအား စွန့်လွတ်ရန် အတော်ကို ခဲယဉ်းသည်ကို ဆင်ခြင်မိပါသည်။
ထို့ကြောင့် ငွေကြေးနှင့် ဖြစ်စေ ဘာသာ ရေးနှင့် ဖြစ်စေ အာဘောင်အာရင်း သန်သန် ဖြင့် အများကြိုက်လိုက်ပြောပေးနိုင်သူတို့သည် ပို၍စီးပွားဖြစ်နေကြသည် မှာ ဤမျက်စိမှိတ်ယုံကြည်ကြသော သူများ ရှိသောကြောင့် ဖြစ်မည်ထင်ပါသည်။
ကျွန်တော့အနေဖြင့် ဤစာစုရေးသားရာတွင် Dr.Ruja မည်မျှ အပြောကောင်းကြောင်း YouTube တွင် ရှာဖွေကြည့်မိပါသည်။ ယနေ့လက်ရှိ အခြေအနေတွင် ကြုံတွေ့နေရသော သတင်းတပုဒ်အား မြင်ယောင်နေမိပါသည်။ အခြားသူမဟုတ်ပါ မြန်မာပြည်တွင် Covid-19 အဓိကဖြန့်ဖြူးသူ ဖြစ်သော ဒေးဗစ်လား ကို မြင်မိပါသည်။
Dr.Ruja ကတော့ OneCoin အကြောင်း ပြောရာတွင် လေအေးအေးလေးနှင့်ပြောကာ ချက်ကျလက်ကျ ပြောသွားပါသည်။ ဒေဗစ်လားကတော့ သူယုံကြည်ရာအား ပြောပြရာတွင် အသံနေအသံထား လိုအပ်လျင် ဟစ်အော် စသည်ဖြင့် အခြားသူများ၏ Attention ရယူသွားခြင်းမှာ အတူတူသာ ဖြစ်ပါသည်။
ကျွန်တော် အံ့ဩသည်မှာ ထိုသူတို့ ဟောပြောချက်မှာ ဖြစ်နိုင်သည် မဖြစ်နိုင်သည် ကို မစဉ်းစားပဲ စင်အောက်မှနေ၍ လုက်ခုပ်တီးနေသူတို့အား ဖြစ်ပါသည်။ Dr.Ruja ၏ OneCoin ဟောပြောမှုတွင်လက်ခုပ်သံများအားကြားရသည့် အပေါ် ကျွန်တော့ အမြင်သာ ဖြစ်၍ စာရှည်သွားလျင် တောင်းပန်ပါသည်။
နောက်တခုအနေဖြင့်ပြောရလျင် ၂၀၁၇ ဆိုသည့် အချိန်အခါ သည် ကျွန်တော်တို့ Cryptocurrency လောကတွင်ကျင်လည် နေခဲ့သည့် အချိန်ဖြစ်သော်လည်း OneCoin အကြောင်း မသိရခြင်း အပေါ် ကျွန်တော်အနည်းငယ် စိတ်ကသိကအောက် ဖြစ်ခဲ့ပါသည်။
အခြားတဖက်က တွေးကြည့်လျင်လည်း ထိုအချိန်က ကျွန်တော်တို့သည် MSC ဟူသော အဖွဲ့အစည်း ဖွဲ့ကာစ ၊ Steemit တွင် မြန်မာတို့ နေရာတနေရာရရန် ကြိုးစားနေကြသော အချိန်ဖြစ်သည့် အပြင် ကျွန်တော်တို့ကလည်း မျက်စိစုံမှိတ်ကာ Steem မှ Steem ဖြစ်နေသော ကြောင့် သတိမပြုနိုင်ခြင်း ဖြစ်ပါလိမ့်မည်ဟုထင်ပါသည်။
Dr.Ruja အကြောင်း ဆက်ကြပါအုံးစို့။ ဆိုခဲ့သည့် အတိုင်း ၂၀၁၇ အောက်တိုဘာတွင် အေသင်မြို့တွင် OneCoin founder Dr.Ruja နှင့် OneCoin Supporters တို့ တွေ့ဆုံရန် စီစဉ်ထားခဲ့ကြပါသည်။ သို့ရာတွင် လူကြိတ်ကြိတ်တိုး စည်ကားနေသော စတိတ်စင်ရှိရာသို့ Dr.Ruja ရောက်မလာခဲ့ပါ။
သူမရောက်လာနိုင်သည့် အကြောင်း လည်း OneCoin တာဝန်ရှိသူ များအားလည်း အကြောင်းမကြားခဲ့ပါ။ ထို အချိန်မှ စ၍ Dr.Ruja သည် လူမြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားသလို OneCoin ၏ စိတ်ပျက်ဖွယ်ရာ နေ့ဆိုး နေ့ရက်များရောက်ရှိလာပါလေတော့သည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung (Kachin)