မင်္ဂလာပါခင်ဗျား။ ကျွန်တော်ရဲ့ မပြီးဆုံးသေးတဲ့ မန္တလေး ခရီးစဉ်ကို ဆက်ပါရစေ။
ကျွနုပ်ကာ သက်ကိုဇော် ဖုန်းအား အကြိမ်ကြိမ် ခေါ်၏။ ၅ မိနစ်ခြား တကြိမ် ခေါ်၏။ မရ ။ ၁၀ မိနစ်ခြား၍ ခေါ်၏။ စက်ကာ ပိတ်ထားဆဲ ဖြစ်၏။ စဉ်းစားမရ ဖြစ်ချေပြီ။။ သက်ကို ဇော်အား ခေါ်၍ မရလျင်အဘယ်ကဲ့သို့ hotel သို့ သွားမည် နည်း ။ မတတ်နိုင် taxi ခေါ်၍ သွားရုံသာရှိတော့၏။ ဤသို့ စဉ်းစားရင်းဖြင့် မန္တလေး အဝေးပြေးကားကွင်း ဖြစ်သော ကျွဲဆည်ကန်သို့ ရောက်လေတော့၏။
ကားပေါ်မှ ဆင်းသည်နှင့် ဆိုင်ကယ် ကယ်ရီသမားတို့ ကာ အိတ်ဝိုင်းဆွဲကြ၏။ မိမိကလည်း ပြန်ဆွဲ၏။ နောက်တယောက်လာဆွဲပြန် ၏။ အဘယ်သို့နည်း။ မိမိကာဘယ်သွားချင်မှန်းမသိ အတင်းကာရော " ရောက်တယ် အစ်ကို မန်းလေး တမြို့လုံး ရောက်တယ် " ဟူ၍ ပြောပြနေကြ၏။ မသိလျင် မန္တလေး တမြို့လုံး အလကား လိုက်ပို့ ပေးမည်ကဲ့သို့ပင်။
တယောက်တပေါက်ဖြင့် မေးနေကြသည်မှာ စိတ်ရှုပ်စရာပင်ကောင်းနေသေးတော့၏။ " အခန်း ငှားမလားအစ်ကို ၊ မန္တလေး မှာ အသိရှိသလား အစ်ကို ၊ ဖုန်းဆက်ပေးရမလား အစ်ကို ၊ မန္တလေး ဘယ်နေရာကို သွားချင်လဲအစ်ကို ဈေးနည်းတဲ့ hotel လိုက်ပို့မယ်လေ " ဆိုသူကလည်း ရှိ၏။
မိမိလည်း သက်ကို ဇော်အား ဖုန်ခေါ်၍ မရသဖြင့် စိတ်ပေါက်လာ၍ " ဘယ်မှ မသွားဘူး ဘယ်မှ မသွားဘူး " ဟူ၍ ဟစ်အော်ထွက်လာခဲ့၏။ မိမိလည်း hotel သို့ သွားမည့် အစား မိမိတို့ အလှူ အတန်းလုပ်မည် ဖြစ်သော စိတ်ရောဂါကု ဆေးရုံသို့ သာ တန်းသွားချင်စိတ်ပေါက်မိတော့၏။
အဝေးပြေးကားတို့ကာ တစီးပြီး တစီး ဆိုက်လာ၏။ ခရီသည်များကာ တရုန်းရုန်း ဆိုင်ကယ် ကယ်ရီသမားများကလည်း "ဘယ်သွားချင်သလဲ ဘာလုပ်ပေးရမလဲ " တမေးတည်း မေးနေကြ၏။ အန်တီကြီးတယောက်ကာ စိတ်ရှည် ဟန်မတူ ကလော်တုတ်ဆဲတော့၏။ ဟုတ်လည်း ဟုတ်၏။ သူ့အိတ်အား ဟိုလူ လာဆွဲ ဒီလူလာဆွဲနှင့်။
ကလော်တုတ်သည်မှာ အားရစရာ " ကိုယ်မေကိုယ်----- တွေ ဘယ်လို ဖြစ်နေကြတာလဲ --ါ တန်းမီးလောင်တာကျ နေတာပဲ " ဟူလို ။ ကားတစီး ဆိုက်လာလိုက် လူတွေဝိုင်းအုံသွားလိုက်။ နောက်တစီး ဆိုက်လာလိုက် ဝေါကနဲ ပြေးအုံး လိုက်ဖြင့် အပုပ်ကောင်အား ယင်ကောင် ဝိုင်းအုံ နေသကဲ့သို့ပင်။
မိမိလည်း လူအတန်ငယ်ရှင်းသော ကားကွင်း ခြံစည်းရိုးနားသို့ ကပ်လာခဲ့၏။ ဤမျှ ရှုပ်ရှက်ခပ် နေသော နေရာတွင် ခြံစည်းရိုး နားတွင် လူရှင်း နေရခြင်း မှာ အကြောင်း ရှိ၏။ မစင် ပုံတို့ကာ ဟို တပုံ သည်တပုံ။ ညဘက် မှောင်ရိပ်ကျသော နေရာ ဖြစ်တန်ရာ၏။ သို့သော် အလင်း ရောက်လာသည်နှင့် ထိုမြင်ကွင်းတို့ကာ အကျည်းတန်လှ ၏။
နိုင်ငံခြားသားများ မြင်လျင် အဘယ်သို့ ထင်ကြမည်မသိ။ ရှိစေတော့ မိမိလည်း လူရှုပ်သော နေရာ နှင့် ဝေးရာသို့ ဖယ်ကျဉ်း ရ၏။ သက်ကို ဇော်ဖုန်းကာ ပိတ်ထားဆဲ။ မိမိလည်း ခရီဆောင်အိတ်လေး တလုံး ကိုင်၍ ယောင်လည် ယောင်လည် နှင့် ခိုးရာ လိုက်မည့် ကောင်မလေး မိမိ ကောင်လေးကို မျှော်သကဲ့သို့ ရှိနေ၏။
အတန်ကြာမှ ပြည့်စုံခင်ခင်ထံသို့ ဖုန်းခေါ်ရန် သတိရ၏။ သို့သော် နံနက် ၆ နာရီဝန်းကျင်ခန့်သာ ရှိ၍ အားနာရသေး၏။ ထိုကလေးမလေးကာ ညနက်သန်ခေါင်းအထိ on line ပေါ်တွင် ရှိတတ်၍ နံနက်စောစော မနိုးတန်ရာ။ ဤအချိန် တွင် ပါးစောင်မှ အာပုပ်ရည်များ စီးကျ၍ အိပ် ပျော်နေတုန်းပင် ဖြစ်လိမ့်မည်။
မိမိလည်း ကြံရာမရ ဖြစ်ချေပြီ။ မတတ်နိုင်။ သက်ကိုဇော်၏ ဖုန်းအား မည်သို့ မျှ ခေါ်မရသည့် အဆုံး ပြည့်စုံထံသို့ ဖုန်းခေါ်ရ၏။ ကံကောင်း၍ ပြည့်စုံ မှ ဖုန်းကိုင်၏။ " ဝါး " ဟူ၍ တချက်သမ်းလိုက်သေး၏။ ပြီမှ " ဟယ်လို ၊ ကိုကျိ လား..? မန်လေး ရောက်ပြီလား..? ကသက် လာကြိုလား ..? " ဟူ၍ ၅ ရက်ခန့် ထမင်းမစားရသေးသော လေသံဖြင့် ကျွန်တော့အား မေးခွန်းထုတ်နေတော့၏။
မိမိလည်း ကျွဲဆည်ကန်သို့ ရောက်နေကြောင်း ရှင်းပြရ၏။ နောက်ထပ် နာရီဝက်ခန့် မတ်တပ်ရပ်၍ မိမိရှေ့တွင် ခွက်တလုံး ချထားလျင် သနားကမား ဖြစ်နေသော မိမိပုံစံကြောင့် MSC အလှူငွေများ ရနိုင်သည်ဟုလည်း ရှင်းပြရ၏။ ပြည့်စုံမှ မိမိအား သက်ကိုဇော် ၏ အခြားသော ဖုန်းနံပါတ်အား မက်ဆေ့ရှ် ပို့ပေးမည်ဟူ၍ ဖုန်းချသွား၏။
ရပါလေပြီ ဖုန်နံပါတ်။ ထိုဖုန်းအား ခေါ်သောအခါ " ဟာ.. ကိုဟင် လာ..? ကျွန်တော် သက်ကိုဇော်ပါ ၊ ကိုဟင့်ကို တညလုံး မအိပ်ပဲ စောင့်နေတာ ၊ အခုဘယ်မှာ လဲ ၊ ကိုဟင် ခရီးပန်းနေရောပေါ့ ၊ ပင်ပန်းနေပြီလား ၊ အစ်ကို့ ညီက စိတ်ပူနေတာ ကိုဟင် ဖုန်းမခေါ်လို့ " အစရှိသော ပျားရည် ၊ သကြား နှင့် ထန်းညှက် လုံးများ ရောထားသော ချိုသာသော စကားများဖြင့် လောကဝတ်ပြုသဖြင့် ကျွနုပ်မှာ ချောင်းပင် ဆိုးယူရ၏။
သကောင့်သားမှာ ခရီးသည်ချ သော ကားကွင်းတွင် မစောင့်ပဲ ကားလက်မှတ်ဖြတ်သော ရုံးခန်းတွင် မိမိအား စောင့်နေသည် ဟူသတတ်။ ကျွနုပ်လည်း သူရှိရာနေရာသို့ သွားရ၏။ တွေ့ပါလေပြီ။
ရှုလော မိတ်ဆွေ ။ သက်ကိုဇော်ကာ ကွာတား ဘောင်းဘီ ဝတ်ထား ၏။ ခါးတွင် ဝက်ပွဲစား များ ပတ်သော ပိုက်ဆံအိတ် ခါးပတ်ကို ပတ်ထား၏။ ဆံပင်ကာ နီကြောင်ဘုတ်သိုက် ဖြစ်၍ ခေါင်းလိမ်း ဆီနှင့် ဝေးနေသည်မှာ လ အတန်ကြာပြီ ဖြစ်တန်ရာ။ တညလုံး မအိပ်ထားသဖြင့် မျက်လုံးတို့ကာ ပြူးကြောင်နေ၏။
ကွမ်းတို့ စားထားသည်မှာလည်း နှုတ်ခမ်းတို့ကာ ရဲပတောင်းခတ်လျက်။ နံနက်စော စော အုန်းရည် သောက်ထား၍ ထင့် စကားပြောလျင်လည်း အုန်းစိမ်းရည်နံ့ သင်းသင်းရ၏။ ဤသို့ ရုပ်ရည်ရူပကာ ရှိသော သက်ကိုဇော်မှာ ကျွန်တော့ ခရီးဆောင်အိတ်ကိုယူ ၍ ဂျိန်းစဘွမ်း ဟု ခေါ်သော သူ့အစ်ကိုအား ပေး၍ " Victoria hotel မှာ ငါ့ကို စောင့်နေ " ဟူ၍ မှာလိုက်၏။
ဂျိမ်းစဘွမ်းလည်း မိမိအိတ်ကိုယူ၍ ဆိုင်ကယ်အား ဝူး ကနဲ့ မောင်းထွက်သွား၏။ မိမိမှာ အဘယ်သို့ ရှေ့ဆက်ရမည်မသိ မိမိအိတ်ကတော့ပါသွားလေပြီ။ ထို့ နောက် သက်ကိုဇော်အား အဘယ်ကြောင့် ဖုန်းခေါ်မရကြောင်း မေးသောအခါ " ညက ဖုန်းရော ဆိုင်ကယ် ရော အခိုး ခံ လိုက်ရတယ် ကိုဟင် " ဟု ပြန်ဖြေ၏။
ကျွနုပ်လည်း မသင်္ကာ၍ " အခု စီးမဲ့ ဆိုင်ကယ်က ဘယ်သူ့ ဥစ္စာ လဲ ?" ဟူ ၍ မေးသော အခါ သူပြန်ဖြေသည်မှာ " ကျွန်တော့ ဆိုင်ကယ် သူများ ခိုးသွားလို့ ကျွန်တော်လည်း သူများဆိုင်ကယ် ပြန်ခိုး လာတာ" ။ မြတ်စွာ ဘုရား ။ မိမိမှာ မန္တလေး တို့ ခြေချရုံသာရှိသေး ခိုးရာပါ ဆိုင်ကယ်စီးရတော့မည်။ ဘေးဘီတို့ အားကြည့်ရသေး၏။
မြန်မာ ပေါ ကား နောက်ဆုံး ခန်းတို့ အတိုင်း" ဟေ့ကောင်တွေ လက်မြှောက်လိုက် ၊ မင်တို့ကို ပြည်သူ့ ရဲတွေ ဝိုင်းထားပြီ " ဟူ၍ ရဲများပေါ်လာလျင်ခက်ချေပြီ။ ဖြစ်ပါမည်လောဟု သက်ကို ဇော်အား မေးသော အခါ " စိတ်ချ လက်ချ နောက်ကနေ တက်စီးလိုက်ပါကိုဟင်ရာ သက်ကိုဇော် မန်းလေးမှာ ရှိနေသ၍ ကိုဟင်ဘားမှ မဖြစ်စေရဘူး" ဟူ၍ အာမခံ၏။
မတတ်နိုင် ။ ရွေးချယ်စရာလမ်းမရှိ မိမိအိတ်လည်း ယူသွားလေပြီ။ မိမိလည်း ဆိုင်ကယ်စီးရန် ဦးထုပ်တောင်းသောအခါ " ဆိုင်ကယ်ခိုးလာတာ ဦးထုပ်ခိုးဖို့ မေ့သွားတယ် " ဟူလို။ " လာပါကိုဟင်ရာ... စောစောစီးစီ ဘယ်ရဲမှ မဖမ်းဘူး" ဆို၍ သက်ကိုဇော်ဆိုင်ကယ်နောက်မှ လိုက်စီးလာခဲ့၏။
လမ်းတွင် စဉ်းစားမိသည်မှာ ဤသူသည် မိမိသိသောသက်ကို ဇော်လော... သို့မဟုတ် မိမိအားပြန်ပေးဆွဲလို၍ သက်ကိုဇော် အယောင်ဆောင်ထားသော မန္တလေး မြို့၏ ခိုး၊ဆိုး ၊လု ၊ နှိုက် ခေါင်းဆောင်တယောက်လော။ မတတ်နိုင်လက်ရှိ အခြေအနေတွင် မိမိမှာ သူ့ ခိုးရာပါ ဆိုင်ကယ်နောက်တွင် ရောက်နေပြီမဟုတ်လော။ လက်ထိပ်စော်ကတော့ နံနေပြီဖြစ်၏။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001