မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Steemit Platform ပေါ်တွင် ဆောင်းပါးများရေးတင်ရာ၌ တခါတရံ ၊ ခေတ်စမ်းများ ၊ Steemit Platform နှင့် ပါတ်သက်သော ဗဟုသုတ များနှင့် ကျွန်တော် တွေ့ကြုံခဲ့ရသော ပြင်ပ အတွေ့အကြုံများ ၊ cryptocurrency ငွေကြေး အကြောင်းများ စသည်စည်ဖြင့် ရေးသားနေခဲ့ပါသည်။
ယခု တဖန် ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူအတွေ့ အကြုံ " ကျွန်တော်ပြောသော စင်္ကပူ အပိုင်း ၁၄ " အား ဖေါ်ပြပေးလိုက်ပါသည်။ ဤ အပိုင်း -၁၄ အား တိုက်ရိုက် ဖတ်ရှု လျင် အနည်း ငယ်စိမ်း နေမည်ဖြစ်သောကြောင့် ကျွန်တော် ရေးသားထားသော " ကျွန်တော် ပြောသော စင်္ကပူ အပိုင်း-၁ မှ ၁၃ အထိ သီးခံဖတ်၍ ဤအပိုင်း ၁၄ ကို ဖတ်ရှုလျင် ပို၍ ဆက်စပ်မိ နိုင်သောကြောင့် အပိုင်း-၁ မှ ၁၃ အထိ အား ကျွန်တော့ blog တွင်အလျင် သွားရောက်ဖတ်ရှုစေချင်ပါသည်။
ကျွန်တော်၏ စင်္ကပူ လုပ်ငန်းခွင်အကြောင်း ဆက်ပါအုံးမည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ ၉ ယောက် ငြမ်းအဖွဲ့မှာ ငြမ်းဆင် ပစ္စည်း များဖြင့် ရင်း နှီးစေရန် ငြမ်း စတိုတွင် တလ ခန့် အလုပ်လုပ်ရပြီးနောက် တော့ သင်္ဘောကျင်း တွင် ငြမ်း လက်တွေ့ ဆင်ရန် စေလွတ်ခြင်းခံရပါတော့သည်။
ငြမ်းဆင်ရသော တကယ့် လက်တွေ့ဘဝမှ ခါးသီး လွန်းလှပါသည်။ ကျွန်တော်တို့ ပထမဦးဆုံး ငြမ်းဆင်ခဲ့ရသော သင်္ဘောကျင်းမှာ Keppel Hitachi ခေါ် Keppel Benoi ဖြစ်ပါသည်။ ပင်လယ်ကူ ရေနံတင် သင်္ဘောများ ၊ ကွန်တိန်နာတင် သင်္ဘောကြီးများ ပြင်ဆင်သော သင်္ဘောကျင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ပထမဦးဆုံး တက်၍ ငြမ်းဆင်ခဲ့ရသော သင်္ဘောမှာ အမေရိကန် အလံလွင့်ထူထားသော APL Philippine ဖြစ်ပါသည်။
ထိုနေ့က မိမိတို့ အား supervisor မှ သင်္ဘော၏ pump room ထဲတွင် ပိုက်ဆက် များ ဖြုတ်လဲ ရန် အတွက် ငြမ်းဆင်ရန် နေရာ သုံးခု ခန့် ပြထားခဲ့၍ သူ ပြန်ထွက်သွားပါသည်။ ကျွန်တော် လည်း လိုအပ်သော ပစ္စည်း များ တွက်ချက်၍ သင်္ဘော Main Deck ဟုခေါ်သော ကုံးပတ်မှာ pump Room အထိ ငြမ်းပစ္စည်း များ စတင် သယ်ယူပါသည်။
ကျွန်တော့ အထင် သင်္ဘော ကုန်းပါတ်မှ အောက်သို့ ၅ ထပ်ခန့် ဆင်းရသည်ဟု ထင်ပါသည်။ ဤသည်မှာ ပထမတခေါက် ပစ္စည်း သယ်ရာတွင် သိပ်မသိသာသော်လည်း သုံး ခေါက် ခန့် ဤ ၅ လွာခန့် အား အတက် အဆင်းလုပ်၍ ပစ္စည်း သယ်လိုက်သောအခါ အားလုံး ငြမ်းပင် မဆင်ရသေး ချွေးများဖြင့် ဟောဟဲ ဆိုက်နေပါတော့သည်။
ဤ ငြမ်းဆင်သော ပထမဆုံး နေ့မှာပင် ကျွန်တော်တို့ အဖွဲ့ ရန်ဖြစ်ကြပါသည်။ အားလုံး မည်သူမှ ငြမ်းကို ကျွမ်းကျင်စွာ မဆင်တတ်သဖြင့် ဟိုလို ဆင်မယ် ဒီလို ဆင် မယ် ငြင်း ခုန်ကြရင်း ရန် ဖြစ်ကြပါတော့သည်။ အဖွဲ့ အတွင်းမှ တယောက်ကလည်း ရေသွားခပ်မယ် ပြောပြီး ပျောက်သွားသလို အခြားတယောက်ကလည်း သေးသွားပေါက်မယ် ပြောပြီး ပျောက်သွားပါတော့သည်။
ထို့ နောက် တယောက်ပြီး တယောက် ဘယ်ရောက်ကုန်မှန်း မသိ။ တကယ်တန်း ငြမ်းဆင်နေကြသူမှာ ၅ ယောက်ခန့်သာ ရှိပါတော့သည်။ ကျွန်တော်တို့ကလည်း ငြမ်ကို ပုံ စံမထုတ်တတ်သဖြင့် ခက်ခက်ခဲခဲကို ဆင်နေရပါသည်။ အမှန်မှာ သင်္ဘောကျင်း တွင် ကျွန်တော်တို့ ကဲ့သို့သော လူသစ်များ ရောက်လာလျင် supervisor တယောက်မှ ငြမ်းများကို မည့်သသည့်နေရာတွင် မည် သို့ ဆင်ရမည်ကို အနီးကပ် သင်ကြား ပြသပေးရမည် ဖြစ်ပါသည်။ သို့ သော် ကျွန်တော်တို့အား အလုပ်ပေးသွားသော အန္ဒိယ ကုလား supervisor မှာ အလုပ်ပေးပြီး လက်လွတ်စပယ် ထွက်သွားလိုက်ခြင်း ဖြစ်ပါသည်။
အမှန် ပြောရလျင် ကျွန်တော်တို့ ကဲ့သို့သော လူသစ်များသင်္ဘောကျင်း ရောက်လာလျင် supervisor များက သဘောမကျ ကြပါ။ အဘယ့် ကြောင့်ဆိုသော် လူသစ်များကို အလုပ်လုပ်ခိုင်းရာတွင် အနီးကပ်ကြီးကြပ်နေရသလို အလုပ်လုပ် နှေးခြင်း မတော်တဆ ထိခိုက်ဒါဏ်များလည်း ရတတ်သဖြင့် လူသစ်များကို မည်သူ မျှ မလိုချင် ကြပါ။
ဆိုခဲ့သည့် အတိုင်း ထိုနေ့က ငြမ်း ဆင်ရာတွင် ထိုကုလား supervisor မှ ပြန်လာကြည့်သောအခါ ငြမ်းမှာ အလုပ်လုပ်ရန် မြင့် လွန်းသဖြင့် အား လုံး ပြန်ဖျက်၍ သူပြသည့် အတိုင်း ပြန် ဆောက်ရပါသည်။ ထို့နောက် သူပြခဲ့ သည့် ပုံစံအတိုင်း အခြား နှစ်နေရာတွင်လည်း ထို ကဲ့သို့ ငြမ်းဆင်လိုက်ရာ ခဏလေး ဖြင့် ပြီး သွားပါတော့သည်။
သို့သော် ပြသနာ မှာ ကျွန်တော်တို့ သယ်ယူထားသော ငြမ်း ပစ္စည်း မှာ များလွန်းလှသဖြင့် ထိုပို နေသော ပစ္စည်းများအား ကုန်းပါတ်ပေါ်သို့ ပြန်ပို့ရမည် ဖြစ်သဖြင့် ကျွန်တော်တို့ အားလုံး စိတ်ပျက်သွားကြပါသည်။ ဤသို့ ပစ္စည်းများ ပြန်ပို့ ရာတွင်လည်း အဖွဲ့သားများ ပျောက်ပျောက်ကုန်သဖြင့် ထိုသူများ ပြန်ရောက်လာသောအခါ ရန် ဖြစ်ကြပါတော့သည်။
ကျွန်တော်တို့ အဖွဲ့ထဲမှ ဇမ်ကြီး ဟုခေါ်သော ချင်းမှာ ထို အချောင်ခို သူများအား မအေနှမ နှင့် ဆဲသဖြင့် supervisor ရှေ့မှာ ပင် ထသတ်ကြပါတော့သည်။ ဇမ်ကြီး နှင့် ရန်ဖြစ်သူ အခြားတယောက် မှာ ရန်ကုန်သားဖြစ်၍ ကျွန်တော် နာမည် မမှတ်မိတော့ပါ။
ကျွန်တော်တို့ သင်္ဘောကျင်း အလုပ် သမားများမှာ အများအားဖြင့် နာမည် အမှန်ကို သိပ်မသိကြပါ။ မျက်မှန်တပ်ထားသူအား မှန်ကြီး ၊ ကိုယ်လုံး သေးညှက်သူ အား စာကလေး ၊ အရပ်ပုသူအား ဂျပု ၊ ကျောင်းဆရာ လုပ်ခဲ့ဘူးသူအား ကျောင်းဆရာ ၊ စင်္ကပူ တွင် ဆေးစစ်၍ ဆေး မအောင် သော်လည်း သောက်ဆေး များ သောက်၍ နောက်တခါ ဆေး စစ်သော အခါ ဆေး အောင်သွားသူ ၏ အမည် မှာ " ပိုးထိ " ဖြစ်ပါသည်။
ထို့ နောက် မှတ်မှတ်ရရ တရုတ်ကာပြားလေး တယောက်နှင့်လည်း တွေ့ဘူးပါသည်။ ထိုတရုတ်ကလေး ထံတွင် မြန်မာ နာမည် ရှိပါသည်။ သို့ သော် မည် သူမျှ သူ့မြန်မာနာမည်ကို မခေါ်ပါ။ လူတိုင်း သူ့တရုတ် နာမည် " အားဖုံ " ဟူသော နာမည်ကို သာ ခေါ်ပါသည်။ သို့သော် ပီပီသသ ခေါ်ကြသည်မဟုတ်ပါ။ သူ့အားတွေ့လျင် ဟေ့ကောင် “ အဖုတ် " ဟူ၍သာခေါ်ကြပါသည်။
ကျွန်တော့ အထင် ကျွန်တော်တို့ မြန်မာ လူမျိုးများမှာ နာမည် ဖျက်ရသည်ကို ကြိုက်သည်လား အလွယ်လိုက်သည် ဟုပဲ ဆိုမည်လား မသိပါ ၊ သူတပါး နာမည်အား ဖျက်ဆီးရာတွင် အလွန်တော်ကြပါသည်။ သင်္ဘောကျင်း တခုတွင် ငြမ်း Supervisor တယောက်နှင့် ဆုံဘူးပါသည်။ ကုလားလူမျိုး ဖြစ်၍ နာမည် အပြည့် အစုံမှာ Kumaran Boyer ( ကုမာရန် ဘိုယား ) ဖြစ်ပါသည်။
အခြားသူများက သူ့အား Kumaran ဟုသာ ခေါ်ကြသော် လည်း မြန်မာများက သူ့ အားတွေ့၍ နှုတ်ဆက်လျင် " Good morning ဘောယား" ဟူ၍ သာနှုတ်ဆက်ကြပါသည်။ ထိုကုလား supervisor များတွင်လည်း မြန်မာတို့ ပေးထားသော နာမည်ပြောင်များ ရှိကြပါသေးသည်။ ထော့ကျိုး ၊ ခေါင်းကြီး ၊ လျှာမည်း ၊ ကြိုးကြီး အစရှိသော နာမည် ပြောင်များပေးထားကြပါသည်။ ကြိုးကြီး ဆိုသူကုလားမှာ ရွှေဆွဲကြိုး တုတ်တုတ်ကြီး ဆွဲထားသောကြောင့် ဖြစ်ပါသည်။
ဤသည်မှာ အလျဉ်သင့်၍ ကျွန်တော်တို့ ၏ နာမည် ပြောင်များ အကြောင်း ဖေါ်ပြရခြင်း ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော် ၏ နာမည်ပြောင်မှာ “ကချင်ကြီး “ ဖြစ်ပါသည်။ Henry Aung ဟူ၍ မည်သူမျှ မသိကြပါ။ ဆိုခဲ့ သည့် အတိုင်း အလုပ်ဆင်းသော ပထမဆုံး နေ့တွင် supervisor ရှေ့မှာ ပင် ထသတ်ကြသဖြင့် နောက်တနေ့ ဒုတိယနေ့တွင် အားလုံး ရုံးချုပ်သို့ သွား၍ အဆူခံရပါသည်။
ရုံးချုပ်မှ နောက်တခါ ရန် ဖြစ်လျင် တဖွဲ့လုံး ပြန်ပို့ ပြစ်မည်ဟူ၍ ခြိမ်ခြောက်သဖြင့် ကျွန်တော်တို့လည်း ရန်မဖြစ် တော့ပါရန် ခံဝန်ထိုး၍ ပြန်လာခဲ့ကြပါတော့သည်။ တတိယနေ့တွင် ထိုသင်္ဘောကျင်းသို့သာ ဆက်သွား ရသော်လည်း အခြားသော Supervisor လက်အောက်တွင် လုပ်ရခြင်း ဖြစ်ပါသည်။
ထို supervisor မှာ ဘင်္ဂလား လူမျိုး ဖြစ်၍ အမည်မှာ Anawar ( အဏဝါ ) ဖြစ်ပါသည်။ အလွန် သဘောကောင်း၍ လူသစ်များအပေါ် အလွန် စိတ်ရှည်ပါသည်။ ကျွန်တော်တို့ကလည်း လေးလေးစားစား ကို အဏဝါ ဟုသာခေါ်ပါသည်။ ကိုအဏဝါ ၏ သင်ပြပေးမှု ဖြင့် ထို APL Philippine သင်္ဘောပေါတွင် ငြမ်းဆင် ငြမ်း ဖျက် တလခန့် လုပ်ခဲ့ရပါသည်။
ထိုသင်္ဘော မှာ ပြင်ဆင်မှုများပြီး၍ နောက်ဆုံး Dry Dock ဟု ခေါ်သော လွန်းကျင်း မှ ထွက်ခွာသွားသော အခါ ကျွန်တော်တို့လည်း အလုပ်မလုပ်ပဲ ကမ်းစပ်မှ နေ၍ ငေးကြည့် နေကြပါသည်။ ထို့နောက် တွန်းသင်္ဘော ဆွဲ သင်္ဘောများ ဖြင့် APL Philippine ကွန်တိန်နာတင် သင်္ဘောကြီး အား ရေဖြည့် ထားသော Dry Dock မှ ဆွဲထုတ်၍ ပင်လယ်ပြင်သို့ တရွေ့ရွေ့ ဆွဲထုတ်သွားကြပါတော့သည်။ ကျွန်တော်တို့ ကလည်း စင်္ကပူ တွင် ပထမဦးဆုံး တက်ဘူးသော သင်္ဘောဖြစ်သဖြင့် ဝမ်းနည်းသလိုတော့ ခံစားရပါသည်။
ထို စဉ် ကျွန်တော်တို့ အဖွဲ့ထဲမှ " မွန်လေး " ဆိုသူမှာ စင်္ကပူ တွင် ပထမဦးဆုံး တက်ရသော သင်္ဘော ဖြစ်သဖြစ် အမှတ်တရဖြစ်စေရန် အလို့ ငှာ ထိုသင်္ဘောပေါ်တွင် သူ့လက်ရာ ချန်ထားခဲ့ကြောင်း ပြောပြပါသည်။ အခြားသူများက မည်ကဲ့သို့ လက်ရာချန်ထားခဲ့ကြောင်း မေးကြသောအခါ သူ ပြန်ဖြေသည်မှာ “ ငါ သင်္ဘော ဦးထိပ် အထိသွားပြီး လူမမြင်နိုင်တဲ့ သင်္ဘောနံရံ မှာ သံချွန်နဲ့ မွန်လေး လို့ ဆိုင်းထိုးထားခဲ့တယ် " ဟူ၍ ပြောပြပါတော့သည်။ ထို့ ကြောင့် စာရှုသူ အနေဖြင့် APL Philippine သင်္ဘောပေါ်သို့ တက်ခွင့်ကြုံလာလျင် မွန်လေး ထိုးထားသော လက်မှတ်ကို ရှာကြည့် နိုင်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001