
မင်္ဂလာပါ။ ကျွန်တော်တို့ Hive ကလည်း ပြား ၄၀ ရောက်ရန် အတွက် အတော်လေး ကြိုးစား ရုန်ကန် နေသည်ကို တွေ့ရပါသည်။ ရက်ခြား ၃၇ ပြား / ၃၈ ပြား / ၃၉ ပြား စသည်ဖြင့် တထစ်ခြင်း အပေါ်သို့ အားယူတက်နေပါသည်။
ကျွန်တော်ကလည်း Hive ဈေး တက်စေချင်သူဆိုတော့ အားမလိုအားမရ ဖြစ်မိပါသည်။ အခြားသော Crypto များက တရိပ်ရိပ် တရိပ်ရိပ် ဖြင့် တက်နေကြသည်မှာ အားရစရာ။ Cryptocurrency နှင့်ပတ်သက်၍ အခြားသူငှာ များကတော့ မည်သို့ရှိသည် မသိပါ။ ကျွန်တော်တို့ Hive Power အားကိုး အားထားနေရသူ အဖို့ကတော့ အတော်လေး အထနှေးသည်ကို တွေ့ရပါသည်။
ပြောရမည်ဆိုလျင် ယခု Hive $100 ဈေး ဖြစ်စေအုံးတော့ မိမိရှိထားသော Hive Power မှ HP500 ခန့် ထုတ်ရောင်း နိုင်လျင် အတော်လေး ဟန်ကျနေပြီ ဖြစ်ပါသည်။သို့သော် Hive $100 ဈေးတွင် ထုတ်ရောင်း လိုက်သော HP500 အား ပြန်စုရန်မှာ နှစ်နှင့် ချီ၍ အချိန်ပေးရတော့မည် ဖြစ်ပါသည်။
သို့သော်လည်း မိမိ ဝရိယ ဖြင့် စုထားသော Hive များဖြင့် တကြိမ်တခါ တော့ အချီကြီး ရသင့်သည်ဟု ထင်ပါသည်။ အကယ်၍ မိတ်ဆွေ အနေဖြင့် Hive ကြောင့် သိန်း ၁၅၀ ခန့် ရလိုက်သည်ဆိုလျင် မိတ်ဆွေအနေဖြင့် ဘာလုပ်မည်ဟု စဉ်းစားထားပါသနည်း။
အခြေခံစီးပွားရေး တခုခု လုပ်မည်လား / သို့မဟုတ် Crypto တွင်ပဲ ထပ်မံ ရင်းနှီးမြှုပ်နှံ မည်လား / သို့မဟုတ် ဈေးနည်းသော မြေကွက်တကွက် ဝယ်ထားမည်လား ? ။ အမှန်ဆိုရလျင် လက်ရှိအချိန် လက်ရှိ အနေအထားတွင် Hive ဈေးတက်လာလျင်လည်း ရွေးချယ်လုပ်ကိုင်စရာ အတော်လည်း ခက်ခဲပါသည်။
အဘယ့်ကြောင့်ဆိုသော် သိန်း ၁၅၀ ဆိုသည့် ငွေကြေးပမာဏသည် လက်ရှိအချိန်၌ တကယ်တမ်း တခုခု စလုပ်လိုက်သည်နှင့် တတိတိ တခဏအတွင်း ကုန်ဆုံးသွားမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။ အမှန်တော့ ကျွန်တော်လို့ လိုချင်နေသော Hive ၏ အောင်မြင်မှုမှာ HP ထုတ်ရောင်းစား၍ ရသော လုံးခနဲ ရသည့် ငွေမျိုး မဟုတ်ပါ။
Hive ဈေးတက်လာခြင်း အပေါ် ရရှိသည့် မိမိ Reward ကြောင့် တပတ်လျင် တသိန်း ၂ သိန်း ခန့် ပုံမှန် ဝင်ငွေရနေသော အနေအထား မျိုးအား လိုချင် ကြခြင်း ပင်ဖြစ်ပါသည်။ ကျွန်တော်တို့ ထိုအနေအထား ရောက်ရန် ၂၀၁၇ နှစ်လယ် ပိုင်း မှ စ၍ လမ်းဖေါက်ခဲ့ကြခြင်း ဖြစ်ပါသည်။
အကြောင်း အမျိုးမျိုးကြောင့် Steemit ဟူသော လမ်းကြောင်း မှ Hive ဟူသော လမ်းကြောင်း သို့ ပြောင်းသွားသော်လည်း ရည်ရွယ်ရာ ပန်းတိုင်ကတော့ တခုတည်း ပင်ဖြစ်ပါသည်။ ယခင်ကတော့ Steemit ဟူသော ရထားစီးသည် ယခုတော့ Hive ဟူသော အမြန်ရထား ပြောင်း စီးနေကြခြင်းသာကွာပါသည်။
ကျွန်တော်တို့၏ ရည်မှန်းချက် သည် ၂၀၂၅ ဖြစ်ပါသည်။ ဤ လမ်းပေါ်သို့ ပုံမှန် လျှောက်ခဲ့ကြသူများ ကတော့ ယခု အချိန်တွင် ဖုန်းဘေဖိုး အင်တာနက် ဖိုးလောက်တော့ Hive မှ ထုတ်ယူနေကြပြီ ဖြစ်ပါသည်။ ၂၀၂၅ ရောက်လျင် ကျွန်တော်တို့ Hive Platform မှ ပုံမှန် လစာ ထုတ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေပါသည်။
Henry Aung ( Kachin )
24/01/2023 - Tuesday - 18;09 Pm ( KL )