
မင်္ဂလာပါ။ နှစ်သစ်ကတာ့ တား၍ မရသည့် အရဆိုတော့ နောက်တနှစ်သို့ ကူးသွားပါလေပြီ။ လွန်ခဲ့သော ၂၀၂၁ -၂၀၂၂ ကာလများ၏ အခါကြီးရက်ကြီးများတွင် အဆင်ပြေပါစေကြောင်း ကံကောင်းပါစေ ပျော်ရွှင်ပါစေကြောင်း တခါမျှ ဆုမွန်ကောင်း မတောင်းမိခဲ့ပါ။
လူအများကလည်း အချို့က ပျော်ရွှင်ကြ / အချို့က ပျော်ရွှင်ရပါမည်လော ဟူ၍ ထေ့ကြငေါ့ကြ / အချို့က တိတ်တဆိတ် နေနကြ / အချို့ကတော့ ဝမ်းနည်းနေကြ။ မည်သို့ ပင်ဆိုစေ ရာသီစက်ဝိုင်းကတော့ လူသားများအား ထားခဲ့ကာ ဆက်လက် လည်ပတ်နေအုံးမည်သာ ဖြစ်ပါသည်။
နှစ်သစ်ကူး ပြီတော့ ဇန်နဝါရီလ ကုန်မည် ထို့နောက် ဖေဖော်ဝါရီလ စသည် ဖြင့် ၁၂ လပြည့် ပြီးသွားလျင် နောက် တနှစ် ထပ်ကုန်ရအုံးမည်။ တနှစ်တာ ကာလအတွင် လ အလိုက် ပျော်ရွှင်စရာ / စိတ်ပျက်စရာ / စိတ်အားထက်သန် စရာ စသည်ဖြင့် အမျိုးမျိုး ကြုံတွေ့ကြရအုံးမည်။
ပျော်ရွှင်စရာ ကောင်းသည် ဖြစ်စေ စိတ်ပျက်စရာ ကောင်းသည် ဖြစ်စေ နှစ်ကတော့ ကုန်လွန်သွားမည်သာ ဖြစ်ပါသည်။ ထို့အတူ ကျွန်တော်တို့တွင်လည်း ဘားမှ မကျန်တော့ဟူသည်တိုင် Hive Platform လေးတော့ ကျန်နေပါသေးသည်။
၂၀၂၃ အတွက် ဘာလုပ်မည်လဲ မေးလာလျင် စာရေးမည်။ Cryptocurrency စုမည်။ ကျန်းမာအောင် နေမည်။ မိဘ ညီအစ်ကို မောင်နှမ များအား အချိန်ပို၍ ပေးမည်။ အခြေအနေပေးလျင် ပြည်ပ ခရီးထပ်ထွက်မည်။ မသေချာ မှုများလှသည့် နိုင်ငံသား တယောက်မို့ သေချာသည့် အရာများအား ပို၍ အာရုံစိုက်ရပါအုံးမည်။
၂၀၂၂ သည် တွင် ပညာ / ငွေကြေး မစုဆောင်း မိသော်လည်း ဗဟုသုတ (အကောင်း အဆိုး )တော့ စုဆောင်းမိပါသည်။ ၂၀၂၃ သည်လည်း မည်သို့ ဖြစ်လာအုံးမည်မသိ။ သို့သော် လောကဓံ ဟူသော အရာသည်ကာ အရှုံးပေးရန် မဟုတ် ရင်ဘတ်ဖြင့် စည်းခံ၍ အနိုင် တိုက်ရမည့် အရာသာ ဖြစ်ပါသည်။
မနက်ဖြန်ဆိုလျင်ပင် နှစ်သစ်ကူးပြီး ၃ ရက်မြောက် ဖြစ်တော့မည် ။ ၄ ရက်နေ့ဆိုလျင် လွတ်လပ်ရေး နေ့ ရောက်ပါလေပြီ။ တွေးမိနေသည်ကတော့ လွတ်လပ်ခြင်း၏ အရသာအား လွတ်လပ်နေသူတို့သာ အပြည့်အဝခံစား ရနိုင်သည်ဟူသော အကြောင်းအရာ ဖြစ်ပါသည်။
အထက်တွင် ပြောခဲ့သကဲ့သို့ ယခု ဤစာသည်လည်း နှစ်သစ်ကူး ဆုတောင်းစာ မဟုတ်ပါ။ သင်္ကြန် လည်း ဆုမွန်ကောင်း မတောင်းခဲ့သလို သီတင်းကျွတ် / တန်ဆောင်တိုင် နှင့် ခရစ်စမတ်လည်း ဆုမွန်ကောင်း မတောင်းခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော် " သာယာပျော်ရွှင်ဖွယ်ကောင်း သော ခရစ်မတ် အချိန်ကာလ" ဟူ၍ အစချီလိုက်သည်နှင့် မီးလောင်ပြင်တွင် ငုတ်တုတ် ငိုကြွေးနေကြသူများ / အိုကြီးအိုမ ဖြင့် လျှိုမြှောင် အတွင်း ပုန်းနေကြရသူများ မဝ ရေစာ စားရင် အိမ်ပြန်စရာ အိမ်မရှိသော သူများ အတွက် လှောင်ပြောင် နေသကဲ့သို့ ခံစားရပါသည်။
ထို့ကြောင့် ဤစာသည်လည်း နှစ်သစ်ကူး အလာသပလာသ စာတပုဒ်သာ ဖြစ်ပါကြောင်း...အမှန်တော့ ကျွန်တော် ယခင်ကဲ့သို့ စာကောင်း ပေမွန် / ဗဟုသုတရစရာ / ဟာသ တိုတို ထွာထွာများ ရေးချင်ပါသည်။ သို့သော် စာရေးမည် ဆိုလိုက်တိုင်း ရေးရမည့် အကြောင်းအရာ အားတွေးရင် စိတ်ကသိကအောက် ဖြစ်ကာ မရေးဖြစ်တော့သည်မှာ အခါခါ။ အဘယ့်ကြောင့် ဆိုသော် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း မလွှတ်လပ်သော ကြောင့် ဖြစ်ပါသည်။
မိတ်ဆွေတို့ သတိထားမိသည်လားတော့ မသိပါ။ ကျွန်တော်တို့ ၏ အချိန်များက မသိမသာ သိသိသာသာ ကုန်လွန်သွားနေကြသလို ကျွန်တော်တို့ အသိုင်းအဝိုင်း ( သေးငယ်သော Hive Myanmar အသိုင်းအဝိုင်း ) တွင်လည်း တဖြည်းဖြည်း လူမစုံ ဖြစ်လာသည့် အခြေအနေ အားသတိထားမိသူ နည်းပါလိမ့်မည်။
တခါတရံ ကျွန်တော့ Post များအား Vote ပေးရာတွင် နှင့်
၏ Vote များတွေ့တိုင်း ကျွန်တော်တာဝန် မကျေသေးဟု ခံစားရပါသည်။ အချိန်အခါ ပေးလျင် ကျွန်တော်တို့ လုပ်စရာ များစွာကျန်နေပါသေးသည်။
Henry Aung ( Kachin )
02/01/2023 - Monday- 18;09 Pm ( KL )