လောကတွင် တန်ဖိုးအရှိဆုံးသောအရာမှာ ဘာလဲဟူသော မေးခွန်းကို ဖြေဆိုကြည့်မယ်ဆိုလျှင် အဖြေအမျိုးမျိုးကွဲပြားနေပါလိမ့်မည်။ ဖြေဆိုသူ၏ ကြီးပြင်းလာရသောပတ်ဝန်းကျင် ဘာသာအယူဝါဒနှင့်ဓလေ့ထုံးတမ်းများ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများ မိမိတို့ဖတ်မှတ်လေ့လာခဲ့သည့်များမှ ရရှိလာသည့် အသိဥာဏ်ပညာဗဟုသုတများ စသည့်တို့အပေါ်မူတည်ပြီး အဖြေများမှာ ပုံစံအမျိုးမျိုးဖြစ်နေမည်ဟု ထင်မြင်မိပါသည်။ စာရေးသူအတွက်တော့ လောကတွင်တန်ဖိုးအရှိဆုံးသောအရာမှာ 'အချိန်' ဖြစ်သည်ဟုသာ ဖြေချင်ပါသည်။
ယခုလို အစစအရာရာတိုးတက်လာသော အပြိုင်အဆိုင်များလှသော ခေတ်ကြီးထဲတွင်ငွေသည် ကျွန်ုပ်တို့အတွက် လွန်စွာအရေးပါလှသည်။ ပညာရေး ကျန်းမာရေး လူမှုရေးလောကတို့တွင် ငွေသည်အလွန်အရေးပါလှပါသည်။ ကြိုးစားမှုချင်းအတူတူ ပိုက်ဆံတတ်နိုင်၍ ကျောင်းကောင်းကောင်းထားနိုင်သူက ပိုသာလေ့ရှိပါသည်။ အချို့ဆိုလျှင် ပိုက်ဆံမတတ်နိုင်၍ မိမိကိုယ်၌က ပညာရေးတွင်ဝါသနာပါသော်လည်း ကျောင်းပြီးအောင်ပင် မနေရသူများလည်းရှိပါသည်။ မကျန်းမာသူချင်းအတူတူ ပိုက်ဆံတတ်နိုင်၍ အဆင့်မီသောဆေးရုံ ဆေးခန်းများတွင် သွားရောက်ကုသနိုင်သူက ပို၍သက်သာပျောက်ကင်းနိုင်သည်။ နေ့စဉ်လူမှုဘဝတွင်လည်း ငွေဖြင့်ကိစ္စကြီးငယ်အတော်များများကို ဖြေရှင်းဆောင်ရွက်နိုင်သည်မှာ လောကသဘာဝပင်ဖြစ်ပါသည်။ သို့ရာတွင် ငွေနှင့်အချိန်တန်ဖိုးချင်းနှိုင်ယှဉ်လာလျှင် အချိန်ကသာပို၍အလေးသာပါလိမ့်မည်။ အချိန်ကို တစ်ခါအသုံးပြုပြီးလျှင် ၄င်းကုန်ဆုံးသွားသောအချိန်သည် အပြီးအပိုင် ဆုံးရှုံးသွားပြီဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့အသုံးပြုခဲ့ပြီသောငွေများ သို့မဟုတ်တို့ထက်ပိုသောငွေများကို အခါအခွင့်သင့်လျှင် ပြန်လည်ရှာဖွေနိုင်ပါသည်။ ထို့ကြောင့် အချိန်သည်ငွေထက်များစွာ တန်ဖိုးရှိသည်ဟုသာ ပြောချင်ပါသည်။
ပြင်သစ်ဘုရင် နပိုလီယံသည် ပြင်သစ်-အင်္ဂလိပ်စစ်ပွဲကာလ၌ အင်္ဂလိပ်စစ်ဗိုလ်ချူပ်ကြီးဝယ်လင်တန်ကို တိုက်ခိုက်ရန် ဝါတာလူးစစ်မြေပြင်သို့ ချီတက်ရာတွင် ညနေစောင်း အလွန်အချိန်နောက်ကျမှရောက်သည်။ ၄င်းအချိန်တွင် နပိုလီယံက ဝင်ခါနီးနေလုံးကြီးကိုကြည့်၍ အချိန်နှစ်နာရီလောက်ဆွဲထားနိုင်ရင် ကောင်းမှာပဲဟု ညည်းတွားဖူးလေးသည်။ ကော်စီကာကျွန်းတွင် မွေးဖွားခဲ့သော အညတရကျွန်းသားလေး နပိုလီယံသည် ပြင်သစ်စစ်တပ်တွင် ဝင်ရောက်အမှုထမ်းဆောင်ရာမှ တိုက်ပွဲများအတွင်း သူ၏စွမ်းဆောင်နိုင်မှုကြောင့် နေရာ ရာထူးရလာသည်။ ထိုမှတစ်ဆင့် ပြင်သစ်နိုင်ငံ၏ စစ်ဘုရင်ဖြစ်လာသကဲ့သို့ ဧကရာဇ်ဘုရင်တစ်ပါးလည်း ဖြစ်လာသည်။ 'မဖြစ်နိုင်ဘူးဆိုသည့် ဝေါဟာရသူ၏ အဘိဓာန်တွင် မရှိ' ဟုဆိုသော နပိုလီယံ၏ ပြောစကားမှာထင်ရှားသည်။ ဤမျှလောက်ထိ လုပ်ရည်ကိုင်ရည်ရှိ၍ထက်မြက်သော ပြင်သစ်ဘုရင်နပိုလီယံအနေဖြင့် အချိန် နှစ်နာရီမဆိုထားနှင့် အချိန် နှစ် စက္ကန့်မျှလောက်ကိုပင် ဆွဲထားနိုင်မည်မဟုတ်ပါ။ အချိန်သည် စီးဆင်းနေသော မြစ်ရေကဲ့သို့ မရပ်မနားရွေ့လျားနေသည်။ ထို့ကြောင့် ကုန်ဆုံးသွားပြီးသော အချိန်ကို မည်သူကမှ စက္ကန့်မျှလောက်ပင် ပြန်လည်ဖန်တီး၍လည်း မရမကောင်းချေ။
Author by
MSU-007
coming soon