အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘနှစ်ပါးဆိုကတည်းက ဘုရားနှင့်တစ်ဂိုဏ်းတည်းထားအပ်သော မိဘမေတ္တာပင်ဖြစ်သည်။ ယူဇနာပေါင်းရှစ်သောင်းလေးထောင် အမြင့်ဆောင်သော မြင်းမိုရ်တောင်မကကြီးမာလှသည့် မိဘကျေးဇူးပင်ဖြစ်၏။ နှိုင်းတုလို့ပင်မရနိုင်ချေ။ လောကဆိုသည့် ဘဝသံသရာကိုရောက်မလာမီ သန္ဓေတည်ကတည်းက မိခင်ကပူငန်စပ်ခါးရှောင်ရှား၍ သားသမီးအပေါ်မေတ္တာထားခဲ့ကြသည်။ မမြင်မီကတည်းက မေတ္တာထား၍ မြတ်ဘုရားစီန္ထေထံမှာ တပည့်တော်မ၏ ကလေးကျန်းမာပါစေ။ကိုယ်အင်္ဂါစုံလင်စွာနှင့်မွေးဖွားပါစေ။ ဆွံ့အနားမကြားမဖြပါစေနှင့်ဟု ဝမ်းတွာ၍အခါခါဦးချ ဆုတောင်းနေရကြသူများဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များတစ်နေ့သုံးကြိမ်း သု ဿာန်ကိုမျက်စောင်းထိုးလျက် သေမင်းနှင့် စစ်ခင်းနေရသည်ကိုမေ့နေရှာပြီး သားသမီးအပေါ်တွင် ဂရုစိုက်နေကြခြင်းပင်ဖြစ်သည်။
မိခင်သည်သားသမီးများအပေါ်အဘယ်မျှမေတ္တာတရားထားသနည်းဆိုလျှင် ပြော၍ပင် မကုန်နိုင်ချေ။ ထူးခြားလှသောမိခင်မေတ္တာကို လူသားအများစု မေ့လျော့တတ်ကြသည်။ အခမဲ့ရရှိသောမေတ္တာတရားကို တန်ဖိုးထားရမည်ကို သတိမရချေ။ အဘယ်သို့သော်မေတ္တာနည်း။ သဘာဝတရားဟု ပြောကြလျှင်ပင်အထူးခြားဆုံးသောသဘာဝတရားပင်ဖြစ်သည်။ ထိုအရာသည်ကား မိခင်၏နို့ရည်ပင်ဖြစ်သည်။
လူသားတို့၏ခန္ဓာကိုယ်သည် အသွေးအသားဖြင့်သာ တည်ဆောက်ထားကြခြင်းဖြစ်၏။ ထိုရဲရဲနီသောမိခင်၏သွေးသည် သားသမီးအပေါ် မေတ္တာဓာတ်အပြည့်အဝထားလိုက်သည်နှင့် ဖြူစင်အေးမြသောနို့ရည်များဖြစ်လာရခြင်းမှာ သဘာဝလွန်သော ထူးခြားမေတ္တာဟုသာ ဆိုချင်ပါသည်။ မိခင်၏မေတ္တာသည် ထိုမျှထက်ပင် ထူးခြားပါပေဦးမည်။ ညွန်းဆိုဖွဲ့၍ မမီနိုင်ချေ။ လူ့ဘဝတစ်ခု ရပ်တည်ရေးအတွက် အကြီးမာဆုံးသော မေတ္တာတရားပေးစွမ်းနိုင်သည့် ကရုဏာရှင်များမှာ မိဘများပင်ဖြစ်သည်။
MSU-007