လူငယ်များစာဖတ်ပါဟုဆိုလေတိုင်း ကျွန်တော့်အတွေးထဲတွင် အကြောင်းအရာတစ်ချို့ဝင်လာခဲ့ပါသည်။ လူငယ်များစာဖက်နိုင်ရန်အတွက် အနည်းဆုံး မြို့တစ်မြို့တွင် စာအုပ်ဆိုင်တစ်ဆိုင်ရှိသင့်သည်။ လူငယ်များစိတ်ဝင်စားပြီး စာဖတ်ခြင်းကို စတင်အစပျိုးနိုင်သည့် ရုပ်ပြ ကာတွန်း ဝတ္ထုများမှ စတင်ကာ ဘဝ ရသ အတွေး အခေါ်များပါရှိနေသည့် ကျောင်းစာကြည့်တိုက်များ ရှိသင့်သည်။ ထိုစာအုပ်ဆိုင် စာကြည့်တိုက် ကျောင်းစာကြည့်တိုက်များတည်ရှိလာလျှင် လူငယ်များစိတ်ဝင်စားလာအောင် ထပ်မံစွဲဆောင်ရမည်။ စာပေ၏အကျိုးကိုသိရှိအောင် လမ်းဖွင့်ပေးရမည်။ စာဖတ်ပါဟုဆိုသော်လည်း စာအုပ်ပေးဟုဆိုလာပါလျှင် အခက်တွေ့နိုင်သည်။ ထို့ကြောင့် လူငယ်တို့၏ မျက်မြင်တွင် စာအုပ်များရှိနေခြင်းသည်။ သူတို့အတွက် စာဖတ်စေခြင်းအခွင့်အလမ်းတစ်ရပ်ဖြစ်မည်ထင်ပါသည်။
ထို့ပြင် လူငယ်များပင် စာဖတ်နေ၍မရပါ။ လူကြီးတို့လည်းစာဖတ်ရပါမည်။ မည်သည့်စာအုပ်ကို ဖတ်သင့်သည် မည်သို့စာဖတ်သင့်သည် စာပေတွင် မည်သို့သောအကျိုးတရာများရှိသည် မည်သည့်စာအုပ်ကမည်သို့ အကြောင်းများဖြင့် မည်သို့တွေးခေါ်ပုံကိုပေးသည် စသည့်လမ်းပြမှု သွန်သင်မှု ဦးဆောင်မှု ပြုလုပ်နိုင်ရန် လူကြီးများလည်းစာဖတ်ရပါမည်။ ဘီယာဆိုင် လက်ဖက်ရည်ဆိုင် ကာရာအိုကေခန်းမှနေ၍ 'မင်းတို့လူငယ်တွေ စာဖတ်ကွာ' ဟုဆိုပါလျှင်မူဖြစ်နိုင်မည်မထင်ပါ။ထို့ကြောင့် မိမိလက်ထဲတွင် စာအုပ်တစ်အုပ်ရှိနှင့်နေ၍ သည်စာအုပ်မှာမည်သို့ကောင်းကြောင်း စိတ်ဝင်တစားပြောနိုင်ပါလျှင် လူငယ်တို့လည်း လိုက်ပါလာနိုင်ပါသည်။
ခေတ်၏ပြောင်းလဲမှုအရ စာဖတ်ခြင်းဟူသည် စာအုပ်ရှိနေစရာမလိုဟု အချို့ဆိုကြပါသည်။ Ebook များ Social Media များပေါ်တွင် စာကောင်းပေမွန်များရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် စာအုပ်တစ်အုပ်ကိုကိုင်၍ စာဖတ်ခြင်းအရသာနှင့် ဖုန်းမျက်နှာပြင်တွင် ဖတ်ရသည့်အရသာသည် ကွဲပါသည်။ ထို့ပြင် ဖတ်ရှုရသည့် ကြည့်ရှုရသည့် မျက်လုံးအားသည်လည်း များစွာပြောင်းလဲလာပါသည်။ ဖုန်းပေါ်တွင် စာဖတ်ရသည်မှာ မျက်လုံးကို ခဏတာကောင်းမွန်သည်။ ရေရှည်တွင် မျက်လုံးကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
နောက်ထပ်တစ်ချက်မှာ ဖုန်းတစ်လုံးကို လူငယ်လက်ထဲသို့ ထည့်လိုက်သည်နှင့် စာဖတ်သည့်ဖက်သို့ ရောက်ရှိသည်မှာ ရာခိုင်နှုန်းတော်တော်နည်းမည်ဟုထင်ပါသည်။ လူငယ်များမက လူကြီးများလဲ ထို့နည်းတူ ဖြစ်ပါလိမ့်မည်။ အချို့ဂိမ်းဆော့မည်။ သတင်းများဖက်မည်။ မိတ်ဆွေများစကားစမည်ပြေမည်။ မိမိလုပ်ဆောင်ချက်များကိုတင်မည်။ အခြားသူများ၏လုပ်ဆောင်ချက်များကို ဝေဖန်မည်။ ပြောမည်။ ထိုသို့ဖြင့် အချိန်သည် ကုန်မှန်းမသိကုန်၍ ဘဝထဲမှ အချိန်တို့သည် မသိမသာပေးဆပ်လိုက်ရရင်းဖြင့် ကုန်ဆုံးသွားတတ်သည်။
ယနေ့အချိန်ကာလသည် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ကလေးစာပေပွဲတော်များ ပြန်လည်ပြုလုပ်လာသည်ကို အားရဖွယ်ရာတွေ့မြင်ရသည်။ ထိုမှတစ်ဆင့် ကလေးတို့၏ လက်ထဲ ကလေးတို့၏ လွယ်အိတ်ထဲ ကလေးတို့တက်ရာကျောင်းနှင့် ကလေးတို့ နေထိုင်ရာအိမ်တွင် စာအုပ်များ ပြန်လည်ရောက်ရှိလာနိုင်ရန် မျှော်လင့်မိပါသည်။ ရောက်ရှိစေချင်သည်။
'စာအုပ်မရှိသောအခန်းသည် အသက်မရှိသောခန္ဓာကိုယ်နှင့် တူ၏' ဟုဆိုပါသည်။ အသိဥာဏ်ရှိရန် ဖွံဖြိုးရန် ဘဝတွင် တည့်မတ်စွာလျှောက်နိုင်ရန်အတွက် မိမိခန္ဓာကိုယ်ကဦးဆောင်၍မရဘဲ မိမိ၏အသိဥာဏ်မှ ဦးဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် စာအုပ်များကို ပို၍ပို၍ပျံ့နှံ့စွာ ပြန်လည်ရောက်ရှိစေချင်သည်။
လူငယ်များစာဖတ်ရပါမည်။ လူကြီးတို့လည်း စာဖတ်ရပါမည်။ တစ်ဦးတစ်ယောက်မှသည် အားလုံးပါဝင်ဖတ်ရှုလာပါလျှင် မိမိ၏ဘဝအပြင် မိမိဝန်းကျင်နှင့် တိုင်းနိုင်ငံပါ စည်းကမ်းပြည့်ဝလာမည်။ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် 'ကြီးငယ်မဟူ အတူတူ ညီတူစာဖတ်စို့'ဟု တိုက်တွန်းစကားလေးဆိုလိုက်ရပါတော့သည်။
MSU-007