ဂျင်းပြိုင်ပွဲ
သူမနဲ့တွေ့ပြီးနောက်ပိုင်းမှာ သူတို့နဲ့ ဆုံရခြင်းဖြစ်သည်။ သူမနဲ့ စတွေ့ပုံက စူပါမားကတ်ထဲ ဆေးလိပ်ဝင်ဝယ်ရာက စသည်။ မြန်မာနိုင်ငံသား ဖြစ်ရတာ ကံကောင်းလွန်းသဗျ။ ဆေးလိပ်တွေဆိုတာ ရောင်စုံ၊ တံဆိပ်စုံ။ ပြာပြာ၊ ဝါဝါ၊ နီနီ၊ ဖြူဖြူ နဲ့ ဘာတွေမှန်းပင် မသိတော့။ သူများနိုင်ငံ ဆေးလိပ်တဘူး ဒေါ်လာ ၂၀လောက်ကို ကိုယ့်ဆီမှာ ၁ဒေါ်လာလောက် ပေးသောက်ရသည်။ များများသောက်လေ မြန်မြန်သေဖို့ အခွင့်အလမ်းများလေ၊ ဘာမှအားမစိုက်ရပဲ ဒီလောက်ရှုပ်တဲ့ လူ့ဘဝက မြန်မြန်ကိစ္စချောလေ၊ ဘယ်လောက်နိပ်တုန်း။
ဒါနဲ့ ကောင်တာက အရောင်းဝန်ထမ်းလေးခေါ်ပြီး ဟိုဆေးလိပ်ဘူးမေးကြည့်၊ ဒီဆေးလိပ်ဘူး ကိုင်ကြည့်နဲ့ စပ်စုရင်း ဟိုဒီလျှောက် အကြည့်
'ဟယ် အကိတ်!'
ဟုတ်ပ လှလိုက်တာ၊ ခန့်ခန့်ငြားငြား၊ တောင့်တောင့်တင်းတင်း၊ ဘယ်ချိန်ကြည့်ကြည့် သူများထက်ကို ထင်းလို့နေသည့် သူမ။ ဘယ်လိုကြည့်ကြည့် ညိုစစနှင့် နန်းဆန်သည့် ဟန်ပန်မူရာတို့က အပြည့်။ ဟန်ပင် မဆောင်နိုင်တော့ပဲ အနားကပ်ကြည့်မိသည်။
'မှန်း! အယ်နာဖဲ
MANDALAY RUM !!!
EXPORT QUALITY ဆိုပါ့လား နိပ်ဟ!
အယ်လ်ကိုဟောလ်ကလည်း ဖော်တီးပါဆင့် အပြည့်ဆိုတော့ ကွက်တိ။ Export ဆိုတော့ ရိုးရိုး ရမ်ထက် သာနေဦးမှာ အသေအချာ။ အမယ် မြန်မာပြည်ရဲ့ ပထမဆုံးသော အရက်ချက်စက်ရုံမှ ထုတ်လုပ်သည် ဆိုပါ့လား။ စိတ်ထဲ ကနောင်မင်းသားကြီးတို့ တသိုက် ဒါလေးထောင်ပြီး အတော်ဇိမ်ကျခဲ့မည့်ပုံတို့ မြင်ယောင်မိသည်။ ခုမှ အသစ်ထုတ်တယ် ဆိုလား တစ်လီတာဝင် လေးဒေါင့်ပုလင်းကြီးက စင်ပေါ်မှာ ကြွားကြွာဝင့်ဝင့် နေရာယူလို့နေသည်။
တဆက်တည်း ဘီယာဆိုင်မှာ အတူထိုင်ခဲ့ဘူးသည့် သူဌေးကြီးတယောက် စကားကိုပါ နားထဲ ပြန်ကြာလာရသည်။
'တို့ ငယ်ငယ်တုန်းက ဇိမ်ခံတယ် ဆိုတာ ဟောသလို ရမ် လေးကို ဆော်ဒါလေးရော၊ ကြက်ဥမွှေကြော်လေးနဲ့မြည်းရတဲ့ အခိုက်အတန့်ကို ဆိုလိုသကွ!!! ဆိုတဲ့ အရက်ခွက်ကလေး လှုပ်ကာ လှုပ်ကာ ပြောနေသည့် စကားသံကိုပါ ဆက်တိုက်ကြားယောင်လာသည်။
'ဇိမ်ခံတယ် ဆိုတာ!!!'
'ဇိမ်ခံတယ် ဆိုတာ!!!'
'လာလေရော့ ငါလည်း ဇိမ်ခံပြမယ်!
၂ လုံးထည့်စမ်း ညီလေး အဲ ဆိုဒါလေးပါ ၄လုံးထည့်!'
ဝမ်းသာလုံးဆို့လို့ အားမရနိုင် မားဖြိုးကို ဖုန်းလှမ်းဆက်ရသည်။ မားဖြိုးဆိုတာက ရေကြောင်းသိပ္ပံဆင်း ဒုတိယ သင်္ဘောအင်ဂျင်နီယာ၊ ခုတော့ ပထမ အင်ဂျင်နီယာစာမေးပွဲ ရေးဖြေအောင်ပြီး၊ အပြင်တခါထွက်ရင် အလှပြင်လို့ မပြီးနိုင် မစီးနိုင် လုပ်လွန်းလို့ ဆမင်ကတ်ကတ်နှင့် အမည်သညာ ခေါ်တွင်ပေးထားတာ မားဖြိုး ဆိုပြီး။
'မားရေ ဒီမှာ မားဆွဲဖို့ အဆင်လေးတွေ ဥလာဒယ်! ကြက်ဥမွှေကြော်လေး မှာထားဦး!' အရေးထဲ ဘယ်ကအဆင်လည်း စပ်စုနေသဖြင့် ဖုန်းဘေလ်မရှိဘူးဆိုကာ စကားအမြန်ဖြတ်ရသည်။
ဟိုရောက်တော့ 'ဘယ်မလည်း နင့်အဆင်' တမေးထဲ မေးနေသဖြင့် 'ရော့! ဟောဒမှာ အဆင်ပဲ' ဆိုပြီး ပုလင်းအတောင့်လိုက်ထုတ်ပြတော့ အနုလုံ ပဋိလုံ ကြည့်နေပြန်သည်။ ကြည့်ရင်း ကြည့်ရင်း မားဖြိုး မျက်နှာကြီး ဝင်းကာ ဝင်းကာနှင့် ခေါင်းထောင်လာသည်။
'နိပ်လှချည်လားဟ မောင်ကြည်ရ! နင်ဘယ်က ရှာတွေ့ခဲ့တာလည်း ခလိန်းကို!'ဖြေမည်ကြံကာမှ ဖုန်းဝင်လာသဖြင့် ကြည့်လိုက်တော့ နံပါတ်အစိမ်း။
'ဟဲလို ဒီနေ့တော့ အကို အရမ်းကံကောင်းတဲ့နေ့လေး ဖြစ်သွားဘီ!
အကို့ ဖုန်းနံပါတ်နဲ့ ညီမတို့ ကုမ္ပဏီမှာ မဲပေါက်တယ် သက်လား'
အဟော် လက်စသတ်တော့ ဒင်းတို့ကိုး။ မဲသော ခဲသော မလိုချင်ဘူး ဘာဘူး ပြန်ဖြေမည်အလုပ် စိတ်ကူးပေါက်လာသဖြင့် ကျော်ရဲအောင် လေသံ ပြောင်းလိုက်ကာ
'ဟေ! ဟုတ်လား! ဘယ်ကမဲတုန်း ကလေးမ!'
'ဟုတ်ကဲ့ ညမတို့ MSC ကုမ္ပဏီက နှစ်စဉ် ဖုန်းနံပါတ်တွေ မဲဖောက်ပေးတဲ့အခါ အကို့နံပါတ်က ထူးထူးဆန်းဆန်း ၂ခါတောင် ပေါက်လို့ ဆက်သွယ်လိုက်တာပါ!
ပေါက်မဲတွေကတော့ ထိုင်ဝမ်နိုင်ငံလုပ် i Ph နဲ့ ကွာလတီတူ ဟန်းဆက် တလုံး၊ နားကျပ်တစုံ၊ ကာဗာ၊ အားသွင်းကြိုး၊ ဘလူးတု စပီကာ စတာတွေအပြင် လက်ဆောင် ၁၅မျိုးကို 'တစ်သိန်း သုံးသောင်း ခြောက်ထောင်နဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်ရှင်!'
'ဟယ် ကောင်းလိုက်တာ! ဘယ် ဘယ်မှာ ထုတ်ရမလည်း ကလေးမ!'
'အကိုက ဘယ်နယ်ကလည်ရှင့်! အကို့ရဲ့ နာမည် လိပ်စာ ပြောပြပေးရင် ညမတို့ MSC ဖုန်းကုမ္ပဏီက အိမ်တိုင်ရာရောက် လာရောက်ပေးအပ်မှာ ဖြစ်ပါတယ်!'
'ဟေ ညည်းတို့ ကုမ္ပဏီက သဘောကောင်းလှချည်လား!'
ခနလေး ဦးကြီးမိန်းမကို မေးဦးမယ်!
(အမှန်တော့ ဘေးမှာ အရက်သမားတွေပဲရှိတာ၊ ခလိန်းက ခုထိ ယင်မတောင်မသန်းဘူးရှာသော ဘာမိန်းမမှ မရှိတဲ့ လူပျိုလေး ခ်ခ်) ဖုန်းခန အသံပိတ်ပြီး ဟိုမေး သလို ဒီမေးသလို လုပ်ပြီးမှ
'ဟဲ့ ကလေးမ ညည်းတို့က လိမ်နေတာဆို! ငါ့ကို မညာနဲ့နော်!'
'အယ် မလိမ်ပါဘူး ဦးလေးရယ်! ဦးလေး လက်ထဲ ပစ္စည်းရောက်မှ ပိုက်ဆံရှင်းရမှာပါ! ပြီးတော့ ရမယ့် လက်ဆောင်တွေကလည်း $&##*$@- '
ခုနက ၁၅မျိုး ထပ်ပြောပြန်သည်။ ဘာတွေမှန်း ကိုယ်တောင် သေချာမသိ။ ကိုယ့် ဂျင်းထည့်မှန်း သိသိကြီးနဲ့ ထိုင်နားထောင်နေရတာ တမျိုးတော့ အရသာရှိသား ဟီးဟီး။ ဒါနဲ့
'နို့ i Phက ထိုင်ဝမ်က ထုတ်တာ!'
'ဟုတ်ကဲ့ရှင့် i Phရော၊ ဆမ်ဆောင်းရော၊ HTC ရော ထိုင်ဝမ်မိတ်တွေပါ၊ ခုလည်း အဲဒီဖုန်းတွေထုတ်တဲ့ ကုမ္ပဏီက MSC ဖုန်းပါ'
'ဟေ! ထိုင်ဝမ်က တယ်ဟုတ်ပါလား!
ဟို ဟာဝေး ဆိုတာကရော!
'ဟာဝေးလည်း ထိုင်ဝမ်ပါရှင့်!' (ဖြစ်ရတယ် အကုသိုလ်က လိမ်တာတောင် ဘာမှမလေ့လာထားဘူး)
'အိမ်းကွယ် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒါပေမယ့် လောလောဆယ် ဦးကြီး လက်ထဲ ပိုက်ဆံမရှိဘူးကွယ့်'
'ပဲလေး ဘာလေးပေါ်မှ လက်ထဲ ပိုက်ဆံရှိမှာ ခု ပဲဈေးတွေက ကျနေတော့!'
'ရပါတယ်ရှင့်! ဦးကြီး အဆင်ပြေမယ့် ရက်သာပြောပါ နာမည်လေးနဲ့ လိပ်စာလေးသာ ပြောထားပေးပါ'
သနားအောင် ပြောကြည့်သေးသည် မရ။ အတင်းစွတ်ရောင်းနေသည်။
'လိပ်စာက မကွေးမြို့၊ ရပ်ကွက်က စကားဝါ ရပ်၊ သံသုမာလမ်း၊ အိမ်နံပါတ် ၆၂'
ပါးစပ်ထဲရှိရာ လျှောက်ပြောသမျှ သေချာလိုက်မှတ်နေသည်။ အမယ် သူက ကိုယ့်ပဲ မဲ နေတာ။ ဒီက ထိုင်နေတာ ကျောက်မြောင်း။
'ဟုတ်ကဲ့ လိပ်စာလေး ပြန်ပြောပါ့မယ် $%&*$#
နာမည်က!'
'ကိုဒိန်း!'
'ရှန်! ကိုသိန်း လားရှင်!'
'ဒိန်း!!! တလုံးထဲ ကိုဒိန်း!'
အမယ် နာမည် ကြားတော့ ဝမ်းသာလုံးဆို့ကာ ရယ်နေကြသေးသည်။ နာမည်က ချဉ်တူးနေတာကိုး။ ဒီကလည်း တမင်ရွေးထားရတာ အဲ့ နာမည်က။
'သြော် ဟုတ်ပါပြီ ကိုဒိန်း ရှင့်!
ဘယ်နေ့ လာပို့လို့ အဆင်ပြေမလည်းရှင့်!
'အယ် ဒီလဆုတ် ၁၀ရက်လောက်ဆို ရမယ်ထင်တယ် ကလေးမ!'
ပြက္ကဒိန် လှန်ကြပြန်သည်။ ရှုပ်လေ သောက်လုပ်။ သူများကျ လိမ်ချင်ပြီး။
'ဟုတ်ကဲ့ ဒါဆို ဒီလ ၂၀ရက်နေ့ နောက်ပိုင်း လာပို့ပါ့မယ်ရှင့်'
'ရပါတယ်ဗျ! အဲ ဒီမယ် ကလေးမ ညည်းတို့ သူများကို အရင် မရောင်းနဲ့နော်!'
'နို့ဆို ငါက ပိုက်ဆံရှာထားပြီးမှ လာပြီးတော့!
'သြော် မရောင်းပါဘူး ဦးလေးရယ်! သမီးတို့က မဲပေါက်တဲ့ သူတွေပဲ ဝန်ဆောင်မှုပေးတာပါ'
'အေး အေး ဒါဆိုလည်း ပြီးရော ငါ့သေချာ ဖုန်းဆက်နော်!'
'ဟုတ်ကဲ့ပါ နက်ဖြန် ညီမတို့ မန်နေဂျာ ဦးလေးဆီ ဖုန်းဆက်ပြီး ပြောပါလိမ့်မယ်
အဲဒီကျရင် ဦးလေးက ဟုတ်ပါတယ်လို့ တခွန်းပဲ ဖြေပေးပါ ဒါဆို ရပါပြီ'
အဟော် ဒင်းက ကပ်စတန်မာကို အမိန့်ပေးရသေးတယ် ရာရာစစ။
'အေးကွယ့် ကလေးမ! မနက်အစောကြီးတော့ မဆက်နဲ့နော် ၁၂နာရီနောက်ပိုင်းမှ ဆက်!
ငါ မနက်ကျ ရွာထိပ် ဘုန်းကြီးကျောင်းမှာ ဥပုသ်ဝင်ရမှာ၊ ခုတောင် ပုတီးစိတ်မလို့ ညည်းဖုန်းဝင်လာတာ!'
အမှန်က ကသိုဏ်းရှုနေတာ ရှေ့က အရက်ပုလင်းကြည့်ပြီး။ မားဖြိုး ကြည့်နေရင်း တခစ်ခစ်ရယ်သည်။
'ဟုတ်ကဲ့ပါ ပုတီးစိပ် ပျက်ရင် ဆောရီးပါနော် ဦးလေးဒိန်း! နက်ဖြန် ၁၂နာရီနောက်ပိုင်း ဆက်သွယ်ပါ့မယ်'
'အေးကွယ့်! နို့ ညည်းတို့ ကုမ္ပဏီ နာမည်က'
'MSC! Myanmar Smart Phone Company ပါရှင့်!' ပြောပြီး ဖုန်းချသွားသည်။
တွေ့ကြသေးတာပေါ့ MSC ဖုန်းကုမ္ပဏီရယ်။ ဟမ် ရိုးသားပြီး ဘုရားတရားလိုက်စားတဲ့ သူတော်ကောင်း တောင်သူဦးကြီး တစ်ယောက်ကိုတောင် ကိုယ်ချင်းမစာ ဇာတ်လမ်းထွင်နေသေးတယ်။ ဒီကလည်း စာရေးစရာ ကုန်ကြမ်းပြတ်နေလို့ ဇာတ်လမ်းရှာနေတာ အတော်ပဲ။
လာစမ်း ရမ်လေးတပက်ကို ဆော်ဒါလေး ထပ်ထည့်ပြီး ဇိမ်လေးနဲ့ ဇာတ်လမ်းဆင်ရအောင်။
ကောင်းလိုက်တဲ့ Export လေး !
ဆက်ရန်
ကြည်လွင်ဖြိုး
photo credit from google
21/Jan/2018