photo ctedit to image source.
ကျွန်တော်နှင့်မန္တလေး ထမင်းပေါင်း
(original writing by )
ကျွန်တော်က ရွာမှာနေတယ်ဗျ။ရွာမှာ တိုလီမုတ်စ ဗျုတ်စဗျင်းတောင်း ပစ္စည်းလေးတွေရောင်း အိမ်ဆိုင်လေး ဖွင့်ထားတယ်ပေါ့ဗျာ။အဲဒီတော့ ကျွန်တော်တို့ ရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ ကျွန်တော့ဆိုင်မှာ ရောင်းချဖို့အတွက် မိတ္ထီလာမြို့ကို ၅ရက် တစ်ကြိမ် ဈေးဝယ်သွားရတယ်ဗျ။ဈေးဝယ်သွားတာကတော့ ဆိုင်ကယ်နဲ့ သွားတာပေါ့ဗျာ။ဈေးဝယ်ထားတဲ့ ပစ္စည်းတွေကိုတော့ ရွာကထွက်တဲ့ ဈေးပတ်ကားပေါ်တင်ပြီး ရွာကို ပြန်သယ်ပါတယ်။ရွာရောက်တော့ ဈေးပတ်ကားက အိမ်ထိအောင် ပစ္စည်းလာချပေးတယ်ဗျ။
photo credit to image source.
ပုံမှန်ဆိုရင်တော့ ကျွန်တော်တစ်ယောက်တည်း ဈေးသွားဝယ်တာပါပဲ။ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းသွားရမှာ ပျင်းနေတာနဲ့ အိမ်နားက အသက် ၁၅/၁၆ လောက် ကောင်လေးတစ်ယောက်ကို အဖော်ခေါ်သွားလိုက်တယ်။ဒီကောင်လေးကလည်း တော်တော်ရိုးသဗျ။မိတ္ထီလာမြို့ကိုလည်း မရောက်ဖူးဘူးတဲ့။အဲဒါနဲ့ ကျုပ်လည်း ''မင်း လိုက်ခဲ့ကွာ။မြို့ရောက်ရင် မင်းကို ဗဟုသုတရအောင် နေရာစုံလိုက်ပို့မယ်ကွာ။ပြီးတော့ မင်းမစားဖူးတာတွေလည်း ဝယ်ျကျွးမယ်ကွာ'' ဆိုပြီး အဲ့ဒီကောင်လေးကို အဖော်အဖြစ် ခေါ်သွားလိုက်ပါတယ်။
photo credit to image source.
မိတ္ထီလာရောက်တော့ ကျွန်တော်တို့ ဈေးဝယ်ပြီးတော့ ၁၂ နာရီ ထိုးနေပါပြီ။ဝယ်ထားတဲ့ ပစ္စည်းတွေကို ဈေးပတ်ကားပေါ် ကျွန်တော်တို့ကိုယ်တိုင် ပို့စရာ မလိုပါဘူး။ဆိုင်ရှင်တွေက အလုပ်သမားတွေနဲ့ ဈေးပတ်ကားပေါ်အရောက် ပို့ပေးကြပါတယ်။ကျွန်တော်တို့လည်း နေ့လည်စာစားဖို့ မိတ္ထီလာမြို့က နာမည်ကြီး သိန်းဝင်း ခေါက်ဆွဲဆိုင်ကို ထွက်လာခဲ့ပါတယ်။
သိန်းဝင်းခေါက်ဆွဲဆိုင်က ဈေးချိုတာရယ်၊စားလို့ကောင်းတာရယ်ကြောင့် တော်တော်နာမည်ကြီးပါတယ်။သျှမ်းခေါက်ဆွဲ၊ဆီချက် စတာတွေအပြင် ထမင်းကြော်၊ခေါက်ဆွဲကြော်၊ကြာဇံကြော်၊ထမင်းပေါင်းနဲ့ တရုတ်အစားအစာ အကုန်လုံးရပါတယ်။နေ့လည် ၁၂ နာရီလောက်သွားရင် ထိုင်စရာခုံ မရှိတော့အောင်ကို လူစည်ပါတယ်။
photo credit to image source.
အဲဒီနေ့ကတော့ ကျွန်တော်တို့ ကံကောင်းစွာနဲ့ပဲ ထိုင်စရာခုံ နေရာလွတ်ရခဲ့ပါတယ်။ဆိုင်ရောက်တော့ ''ဟျောင့်။မင်းဘာစားမလဲ''ဆိုတော့ ''အကိုကြီး မှာချင်တာမှာပါ''တဲ့။ကျွန်တော်လည်း မြို့ရောက်တုန်းဆိုတော့ သူမစားဖူးတဲ့ အစားအစာ ကျွေးဖို့ စဉ်းစားလိုက်တယ်။
ထမင်းကြော်တို့ ခေါက်ဆွဲကြော်တို့ဆိုတာက ဒီကောင်စားဖူးလောက်တယ်။ဘယ်သူမဆို ကိုယ်တိုင် လုပ်စားဖူးကြတာပဲလေ။အဲဒီတော့ ရွာမှာမစားရနိုင်တဲ့ ''ထမင်းပေါင်း'' ကို သူ့အတွက်မှာပေးလိုက်တယ်။သိန်းဝင်းဆိုင်မှာ ရန်ကုန်ပေါင်းနဲ့ မန္တလေးပေါင်းဆိုပြီး ထမင်းပေါင်း ၂မျိုးရတယ်။ရန်ကုန်ပေါင်းဆိုတာ အသီးအနှံ များများနဲ့။မန္တလေးပေါင်းက အသီးအနှံမပါ၊အသားများများနဲ့။ရွာသားဆိုတော့ အသီးအနှံက နေ့တိုင်းစားနေရတာ။ဒါ့ကြောင့် ကျွန်တော်တို့နှစ်ယောက်လုံးအတွက် အသားများများ ပါတဲ့ မန္တလေး ထမင်းပေါင်းနှစ်ပွဲမှာလိုက်တယ်။ပြီးတော့ စားကြတယ်ပေါ့ဗျာ။
ကျွန်တော်ကတော့ ဗိုက်ဆာနေတာနဲ့ ထမင်းပေါင်း တစ်ပွဲကို ခနလေးနဲ့ ကုန်သွားတယ်။
ပြီးတော့ ဒီကောင့်ကို လှမ်းကြည့်လိုက်တော့ ထမင်းပေါင်း ပန်းကန်ထဲမှာ ခြေရာလက်ရာ မပျက်သေးဘူး။ကြည့်ရတာတော့ တစ်ဇွန်းနှစ်ဇွန်းပဲ စားရသေးတယ် ထင်ပါရဲ့။
''ဟျောင့်။ဘာဖြစ်လို့လည်း။စားလေကွာ။မင်းမကြိုက်လို့လား။မကြိုက်ရင် တခြားဟာ ထပ်မှာပေးမယ်လေ'' ဆိုတော့ ''မဟုတ်ဘူး အကိုကြီး။ကျွန်တော် ဗိုက်ပြည့်နေလို့ပါ'' တဲ့။''စာသလောက်လေးတော့ ထပ်စားပါဦးကွာ'' ဆိုတော့လည်း ''ကျွန်တော် ဗိုက်ပြည့်နေလို့ပါ''ချည်း ပြောနေတော့တာပဲ။
အဲဒီနောက် ကျွန်တော်တို့လည်း ပိုက်ဆံရှင်းပြီး ရွာပြန်လာခဲ့တယ်ပေါ့ဗျာ။ရွာရောက်တော့မှ သေချာမေးကြည့်တော့ ''ဟာဗျာ---- အကိုကြီးကျွေးတဲ့ ထမင်းကြီးကလည်း ဘယ်လိုကြီးလဲမသိဘူး။ချိုတရဲရဲကြီးနဲ့။အရိအရွှဲတွေကလည်း ပါသေးဗျာ။ခွေးအံဖတ်ကြီးကျနေတာပဲဗျ။အဲဒါနဲ့ ကျွန်တော် ရွံလို့ ဘယ်လိုမှ စားမဝင်လို့ မစားတာပါဗျာ'' တဲ့။
အော်---- သူပြောမှ ကျွန်တော်လည်း သေချာပြန်စဉ်းစားကြည့်လိုက်တော့ ဟုတ်သားပဲ။သူ့အတွေးနဲ့သူတော့ ဟုတ်နေတာပဲ။
ကျွန်တော် နောက်အခေါက်တွေ သိန်းဝင်းဆိုင်ရောက်တိုင်း ထမင်းစားဖို့မှာတိုင်း အဲ့ဒီကောင်လေးပြောတဲ့ စကားတွေကို သတိရပြီး အမြဲတမ်း တစ်ယောက်တည်း ပြုံးမိတယ်။
photo taken by myself.
''ဟာဗျာ---- အကိုကြီးကျွေးတဲ့ ထမင်းကြီးကလည်း ဘယ်လိုကြီးလဲမသိဘူး။ချိုတရဲရဲကြီးနဲ့။အရိအရွှဲတွေကလည်း ပါသေးဗျာ။ခွေးအံဖတ်ကြီးကျနေတာပဲဗျ။အဲဒါနဲ့ ကျွန်တော် ရွံလို့ ဘယ်လိုမှ စားမဝင်လို့ မစားတာပါဗျာ''
မိတ်ဆွေ အားလုံး ရွှင်လန်းပျော်ရွှငနိုင်ကြပါစေဗျား။
Author - kohlashwe