ကျွန်တော်လည်း အွန်လိုင်း ငွေကြေး ၀န်ဆောင်မှုလောကထဲ အတော်ကျင်လည် မိလိုက်လို့လား မသိဘူး။ ကုန်ပစ္စည်းတစ်ခုဟာ သာမန် ပေါက်ဈေးထက် အဆများစွာ လျော့ပေးနေပြီဆို ဦးနှောက်ထဲ အလိုလို alarm တွေမြည်လာတော့တာ ။ ငွေလိမ်မလို့လား ပစ္စည်း ဂျင်းထည့်မလို့လား အခြား ဘာအကျိုးအမြတ်အတွက် အဲ့လို ဈေးနဲ့ချပေးနိုင် တာလဲ ဒီဘက်မှာ ဈေးချပေးတာအတွက် ဘယ်ဘက်က ဘာပြန်ယူမှာလဲ ဆိုတဲ့ သံသယ မေးခွန်းတွေက တစ်ခုပြီးတစ်ခု စီထွက်လာတော့တာပဲ။
တစ်ခါတစ်လေ တကယ့်ကို စေတနာနဲ့ အများအဆင်ပြေအောင်ရောင်းပေးတဲ့ ကုန်ပစ္စည်းမျိုးဆို စေတနာကိုစော်ကားမိသလိုဖြစ်မှာ စိုးမိတယ်
များသောအားဖြင့်တော့ အဲ့လို သံသယ ၀င်မိတာမျိုးတွေက ကိုယ် နစ်နာနိုင်တာတွေကို ကာကွယ်ပေးပြီးသားတော့ ဖြစ်ပါတယ်။
သံသယ ဆိုတာကလည်း နာမည်ကိုက သံသယ ဆိုတော့ သံသယ ဆိုတာ သံသယပဲပေါ့။
ဒါပေမဲ့ သတိဆိုတာကလည်း ပိုတယ်မှမရှိတာလေနော့။
စကားစပ်လို့ ကျွန်တော် တွေ့ဖူးတဲ့ အွန်လိုင်းလိမ်နည်းတွေ အချို့ နဲ့ အဲ့ဒီလိမ်နည်းတွေကို ဘယ်လိုရှောင်နိုင်တယ် ဆိုတာရေးပြပါဦးမယ်။
အချို့ကတိုက်ရိုက်လိမ်ပြီးတော့အချို့ကတော့ ခုတုံးလုပ်တဆင့်ခံ သားကောင်ပါ အသုံးချတတ်ပါတယ်။
တိုက်ရိုက်လိမ်နည်းထဲမှာ အမျိုးသမီးအကောင့်ဟန်ဆောင်ပြီး ဖုန်းဘီလ်လိမ်ယူတာမျိုးလည်းရှိပါတယ်။ အဲ့တာမျိုးတွေအတွက် မက်ဆင်ဂျာကနေ စာနဲ့ချပ်ယုံဖြင့် မည်သူ့ကိုမှ မယုံပါနဲ့။ အကောင့်နာမည်က မိန်းခလေးနာမည်ဖြစ်ပေမဲ့ တကယ်က ယောက်ကျားကြီးတွေဖြစ်နေတာအများကြီးပါ။ အဲ့လိုလာလိမ်တာကိုဖော်ချင်ရင် ဗီဒီယိုကောလ် ခေါ်ခိုင်းပါ။ ဆက်မပြောဘဲ ပြေးသွားပါလိမ့်မယ်။
နောက် အများစုကိုလိမ်တဲ့နည်းတစ်ခုရှိပါတယ်။ အဲ့တာက နိုင်ငံခြားသားဟန်ဆောင်ပြီးလိမ်တာပါ။ အရင်ဆုံး မက်ဆင်ဂျာကနေ ရင်းနှီးမှုယူပြီး အပြန်အလှန်စကားလာပြောပါလိမ့်မယ်။ သိပ်မကြာခင်မှာ မြန်မာကို ငွေလှုချင်ကြောင်း ဆိုတာမျိုးစကားစခင်းပါလိမ့်မယ်။ အဲ့တာအတွက် မြန်မာကနေ ကူညီပေးစေချင်ကြောင်း ဘာညာဆို ပြောပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ငွေကိုအိပ်တစ်လုံးနဲကထည့်ထားပြီဖြစ်ကြောင်း ဓါတ်ပုံပို့ပေးပါလိမ့်မယ်။ အဲ့ ငွေအိပ်ကိုလေယာဉ်နဲ့ ပို့မှာဖြစ်ကြောင်း လေဆိပ်မှာထုတ်ယူတဲ့အခါမှာတော့ လေဆိပ်က အခွန်အရာရှိတွေကို ငွေအန်ညးငယ်အခွန်ဆောင်ရမည်ဖြစ်ကြောင်း။ ထိုအလှုငွေထဲမှာ သင့်အတွက် ဘယ်လောက် ယူလိုက်ပါဆိုတာမျိုး ကြိုပြောထားတာမို့ ဒေါ်လာ တစ်သိန်းကျော်ရဖို့ ငွေ သိန်း ၁၀ ဂဏာန်းလောက်တော့ အခွန်ကြိုဆောင်တာဘာမှမဖြစ်ဘူးလို့သင်တွေးမိပါလိမ့်မယ်။ မြန်မာကိုလှုချင်ပါတယ် သင့်အတွက်လည်း ၀န်ဆောင်ခ ဘယ်လောက်ပေးချင်ပါတယ်ဆို ရင်အချိန်ကုန်မခံဘဲ စကားဖြတ်လိုက်ပါ။ ဒါမှမဟုတ် ဆက်ပြောချင်တယ်ဆိုရင် ငွေပေးမယ်ဆိုတဲ့သူကို တော့ဘာမှမပြောဘဲ ပို့ခိုင်းလိုက်ပါ။ ငွေ ထုတ်ဖို့ ခေးတဲ့အခါ ကိုယ့်ဘက်က လုံးဝ ငွေမပို့ပါနဲ့ ငွေလည်းမပေးပါနဲ့။ အိမ်ကိုလာပေးပါ။ အိမ်လာပေးရင်ချက်ချင်းငွေချေပေးပါမယ်။ အိမ်လာပေးတဲ့ဝန်ဆောင်ခပါပေးမယ် ပြောပါ။ လူလိမ်များ က လာမထုတ်ရင် ဒဏ်ငွေဘာညာဆိုတာတွေပြောပါလိမ့်မယ်။ အေးဆောင်မယ်လို့သာပြောလိုက်ပါ။ ဘယ်တော့မှ ကိုယ့်ဘက်ကငွေကြို မပေးပါနဲ့ လို့မှာချင်ပါတယ်။
နောက်များ ကြုံရင် အွန်လိုင်းလောက လိမ်နည်းများနှင့် ကာကွယ်နည်းများ ထပ်ရေးပါဦးမယ်။ ခုတော့ ခန နားဦးမည်။
Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056