မရောက်တာကြာပြီဖြစ်သော ညောင်ပင်ကုန်းရွာသို့ ကိုခြိုက်တစ်ယောက် သွားလည်ဖြစ်ခဲ့သည်။
ထိုရွာကိုရောက်သည့်နေ့ကား လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုဖြစ်သည်။ ကိုခြိုက် ညောင်ပင်ကုန်းရွာသို့ ရောက်ရောက်ချင်း ထူးဆန်းသလို ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော် ရွာ၏ အနေအထားမှာ တစ်ခုခုလွဲနေပုံရ၏။ ယခင်က မြို့နှင့်နီးသော ဒီရွာသည် လမ်းပန်းခရီး သွားလာရလွယ်ကူပြီး စည်ကားသည်။ အိမ်ခြေ ရာကျော်သာရှိသော်လည်း လူမပြတ်ပေ၊ ရွာထိပ်တွင် နှစ်ရှည်ညောင်ပင်ကြီး တစ်ပင်ရှိသည်။ ထိုညောင်ပင်ကို အကြောင်းပြု၍ ရွာအမည်ပေးထားဟန်တူပါသည်။ ယခင်က ထိုညောင်ပင်ကြီးအောက်တွင် ကလေးများ ပျော်ရွှင်စွာဆော့ကစားလေ့ရှိကြသည်။
ယခုတစ်ခါတွင်မူ ရွာအ၀င်တွင်ပင် ကလေးမဆိုထားနှင့် ခွေးတစ်ကောင်ပင်မရှိ၊ ညောင်ပင်ကြီးအောက်တွင်လည်း ညောင်မြစ်ရှည်များတွဲလောင်းချိတ်လျက် အမှိုက်များ သစ်ရွက်ခြောက်များဖြင့် ရှုတ်ပွနေသည်။ တချိန်က အလွန်စည်ကားပြီး နေချင်စဖွယ်ကောင်းသော ညောင်ပင်ကုန်းရွာသည် ယခုအခါ အလွန်ပင်ခြောက်ကပ် တိတ်ဆိတ်နေလေသည်။
ကိုခြိုက်တစ်ယောက် ရွာလမ်းအတိုင်းလျောက်၍ အခြေအနေကိုလေ့လာကြည့်သည်။ အိမ်တော်တော်များများမှာ တံခါးပိတ်ထားကြပြီး ရွာလမ်းတွင်လည်း လူရိပ်မျှ မတွေ့ရပေ။ ငယ်စဉ်အခါ ရောက်ဖူးတုန်းကနှင့် တခြားစီ၊ အကွာခြားကြီးကွာခြားလွန်းနေပါသည်။ တခြားနေရာ တခြားမြို့ရွာများမှာ ခေတ်စနစ်တွေပြောင်းလဲပြီး တိုးတက်ခါစရှိနေသော်လည်း တချိန်ကစည်ကားလှသော ညောင်ပင်ကုန်းရွာ ယခုအဘယ့်ကြောင့် ခြောက်ကပ်နေသည်ကို ကိုခြိုက် စဉ်းစားမရနိုင်၊ မေးမြန်းစုံစမ်းဖို့လည်း လမ်းမှာလူတစ်ယောက်မှမတွေ့ရ။ ဒီလိုနှင့် ရွာလမ်းအတိုင်းလျောက်လာခဲ့ရာ ကျောင်းနေဖက် ငယ်သူငယ်ချင်း တင်ထွန်းတို့အိမ်သို့ ရောက်ရှိခဲ့လေသည်။
နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြသော သူငယ်ချင်းတင်ထွန်းက ကိုခြိုက်ကိုတွေ့သော်လည်း အံသြမှင်သက်ခြင်း ၀မ်းသာခြင်း အလျဉ်းမရှိ၊ သူငယ်ချင်းထက် တစ်စုံတစ်ခုကို စိတ်လှုပ်ရှားနေသည့်ဟန်၊ ကိုခြိုက်လည်း စိတ်ထဲခုလုခလုဖြစ်ကာ မနေနိုင်၍ မေးမြန်းစပ်စုကြည့်သည်။ သို့သော် သူငယ်ချင်းတင်ထွန်းပြောသည်ကား မနက်ဖြန်ဆိုသည့် စကားတစ်ခွန်းသာ. . .။
ထိုည ကိုခြိုက်တစ်ယောက် စိတ်ထဲမကျေမနပ် အတွေးထဲမေးခွန်းပေါင်းများစွာဖြင့် တော်တော်နှင့်အိပ်မပျော်နိုင်ပေ။ နောက်နေ့မနက်ရောက်သောအခါလည်း မနေ့ကထက်ကိုပင် ရွာကား တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ ထိုအကြောင်းကို မည်သူမှလည်း ပါးစပ်က စေ့စေ့မဟရဲ၊ ရွာသူရွာသားများသည် လွန်စွာထိပ်လန့်ဖွယ်ကောင်းသော အရာတစ်ခု ရောက်ရှိလာမည်ကို ကြောက်ရွံ့နေပုံရသည်။
တောဓလေ့တောသဘာဝ လပြည့်ညသည် အေးချမ်းသာယာပြီး ပျော်စရာကောင်းပါ၏။ ကိုခြိုက်လည်း ငယ်ငယ်က ညနေထမင်းစားပြီး သူငယ်ချင်းများစုကာ လရောင်အောက်က ရွာလမ်းမပေါ်မှာ ပြေးလွှားဆော့ကစားခဲ့ကြတာတွေကို ယနေ့တိုင် မေ့မရ။
ယခု ညောင်ပင်ကုန်းရွာ လပြည့်နေ့ ညနေရောက်သည်နှင့် တစ်ချို့ အိမ်များမှာ အိမ်တံခါးအား အပြင်မှသော့ခတ်၍ လူကပြတင်းပေါက်မှကျော်ဝင်ကာ အိမ်ထဲတွင်လူမရှိသည့်ပုံစံဖြင့် နေနေကြသည်။ တစ်ချို့ အိမ်ထောင်စုများမှာ မနက်ကတည်းက မိသားစုလိုက် ပြောင်းရွှေ့သွားကြသည်လည်းရှိသည်ဆို၏။
ရွာကား တိတ်ဆိတ်ခြောက်ကပ်လျက် မကောင်းသည့်ကံကြမ္မာဆိုးဝင်မည့်အလား တုန်လှုပ်ခြောက်ခြားဖွယ်ရှိသည်။ ညနေနေ၀င်သည်နှင့် ရွာအနောက်က ခွေးအူသံရှည်များကြားရ၏။ သူငယ်ချင်းတင်ထွန်းမှာလည်း နဖူးမှချွေးစီးများကျလျက် သူ့အမျိုးသမီးနှင့်ကလေးကို တုန်လှုပ်စွာပွေ့ဖက်ထားလေသည်။
ကိုခြိုက်လည်း စပ်စုချင်လွန်းတာနှင့် အိမ်ထရံကြားမှ အပြင်ဘက်ကို ချောင်းကြည့်မိသည်။ လပြည့်ညမို့ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာမြင်တွေ့ရ၏။ လမ်းပေါ်တွင် မြူများဆိုင်းကာ လူရိပ်လည်းမတွေ့ရချေ။
တိတ်ဆိတ်ငြိမ်သက်လွန်းလှသဖြင့် တော်ရုံမကြောက်တက်သော ကိုခြိုက်တောင် ချွေးစီးများကျလျက် အနည်းငယ်ကြောက်လာမိသည်။ တင်ထွန်းကို "ဘာလဲ"ဟု မျက်စဖြင့်မေးသော်လည်း ဘာစကားမှမပြောပဲ ခေါင်းသာခါပြနေ၏။ ကိုခြိုက်လည်း ချောင်းကြည့်ရာမှထကာ သူတို့မိသားစုနားတွင်ပင် ထိုင်၍စဉ်းစားနေသည်။
"ဒေါက်...ဒေါက်...ဒေါက်"
အားလုံးရှင်းလင်းစွာပင် အိမ်တံခါးခေါက်သံကြားရလေသည်။ ထိုအသံကိုကြားသောအခါ သူငယ်ချင်းတင်ထွန်း မျက်နာသည်ပင် သွေးများမရှိ။ ကလေးသည်လည်း အံကိုကြိတ်၍သာ ငိုနေလေသည်။ သူတို့ကြောက်ရွံ့နေသည့်အရာ သူတို့အိမ်ရှေ့သို့ ရောက်လာဟန်ဖြစ်သည်။
"ဒေါက်....ဒေါက်....ဒေါက်..."
ဒုတိယအကြိမ် တံခါးခေါက်သံ ထပ်ကြားရပြန်၏။ သူငယ်ချင်းတင်ထွန်းမှာကား တုပ်တုပ်မျှမလှုပ်ရဲ၊ ကိုခြိုက်လည်း အားတင်း၍ တံခါးအောက်မှ သွားချောင်းကြည့်သည်။ မြင်ရသည်ကား သာမန်လူခြေထောက်တစ်စုံပင်၊
ဘယ်နည်းနှင့်မျှ နာနာဘဝမဖြစ်နိုင်၊ ကိုခြိုက် တံခါးဖွင့်ကြည့်မည်ပြင်သောအခါ
သူငယ်ချင်း တင်ထွန်းခမျှာ ခေါင်းသွက်သွက်ခါပြ၏။ သူ့ကို စိတ်အေးအေးထားဖို့ လက်ကာပြပြီး တံခါးကိုဖွင့်ချလိုက်လေသည်။
တံခါးပွင့်သွားသည်နှင့် အပြင်မှလူသည် ချက်ချင်းပင် သူကိုင်ထားသောအရာကိုပြကာ
MLM ။ ။"မင်္ဂလာပါအကို ဒီပစ္စည်းလေးကြော်ငြာချင်လို့ပါ။ မန်ဘာကြေးကိုးထောင်ပေးပြီး blah blah..."
ကိုခြိုက် ။ ။ "အမ်...."
MLM ။ ။"ဟုတ်ကဲ့၊ ကျွန်တော်တို့ မာတီလယ်ဗယ်ဟာဆိုရင်ဖြင့် အပင်ပန်းခံပြီးအလုပ်လုပ်စရာမလိုပဲ ဝင်ငွေ........"
ကိုခြိုက် ။ ။ "လခွမ်း မာတီဂျင်းဟ"
MLM ။ ။ "အရမ်းကောင်းတဲ့ MLM စနစ်ကြောင့်တစ်လဝင်ငွေ သိန်းပေါင်းမြောက်များစွာ......."
ကိုခြိုက် ။ ။ "နင့်မေသပ၊ MLM တော့ သူတို့မပြောနဲ့ ငါလည်းကြောက်တယ်ဟ... လခွီးထဲမှ"
ပြောပြောဆိုဆိုနှင့် ကိုခြိုက်တစ်ယောက် ညတွင်းကြီး အထုတ်ဆွဲ ခြေဦးတည့်ရာ ပြေးထွက်လာခဲ့လေသတည်း။
ဟာသအမြင်ဖြင့်တင်ပြခြင်းဖြစ်ပါသည်
steem မိသားစုများ ရယ်မောပျော်ရွှင်ကြပါစေ