ကျတော်တို့ မနက်စာ စားနေရင်း ရေကတက်လာပြီဗျာ။ ချစ်သူများကျွန်းကိုသွားတဲ့နေရာ ရေတွေမြုပ်ကုန်ပြီ။ ဒေသခံလူတွေကို လျှောက်စပ်စုတော့ ကျွန်းကိုသွားရင် ရေမတက်ခင်သွားပြီး ပြန်လာကြတဲ့သူတွေများတယ်၊ ရေတက်ရင်မသွားကြတော့ဘူး။ ကိစ္စတော့မရှိပါဘူး ရေတက်တုန်းသွားမယ်ဆိုလဲ မော်တော်နဲ့သွားလို့ရပါတယ်တဲ့။ အင်းပေါ့လေ ကိစ္စရှိမှတော့ကိစ္စရှိပေါ့ဆိုပြီး ကိုယ်တွေလဲ ရေထဲဆင်းကဲတာပါပဲ..ခိခိ၊ အတော်ကြာအောင် ရေစိမ်ဆော့ လှိုင်းတွေစီးလိုက် ခရုခွံတွေလိုက်စမ်းကောက်လိုက်ပေါ့။ ပျော်တော့ပျော်စရာပါပဲ။
နမြင့်လာတော့ မှ ရေထဲကတက်တော့တယ်။ အဲ့မှာ အသားအရေကတော့ နဂိုညိုတဲ့အသားက အတော်မှောင်ဆင်းသွားတယ်..အဟီး။ လူကလဲမောသွားတာပဲ၊ ကမ်းခြေမှာခနနား အုန်းစိမ်းရေသောက်ပြီး အခန်းပြန်ရေပြန်ချိုး အ၀တ်စားတွေလဲ ပြန်ထွက်လာကြတယ်။ ငွေဆောင်ရွာကိုသွားကြမယ်ပေါ့။ ရောက်မှမရောက်ဖူးတာ။ ဒါနဲ့ ဆိုင်ကယ်သမားကိုဖုန်းဆက်ခေါ် လိုက်ပို့ခိုင်းရတယ်။ ၁၀မိနစ်လောက်မောင်းရမယ်ထင်တယ်၊ ငွေဆောင် ဆိုတဲ့ ရွာလိုလို မြို့လိုလို လူတွေစည်တဲ့ ကမ်းခြေရွာတန်းရှည်ကြီးကို ရောက်ခဲ့ပါရောဗျာ....။ အဲရွာတန်းရှည်ကို လျှောက်ကြည့်၊ အဲမှာ ငါးခြောက်တွေ ပုသိမ်ဟာလ၀ါတွေ ထိုးမုန့်တွေ အလွန်ပေါ့တာဗျ။ ကိုယ်တွေလည်း ငွေဆောင်ပြန် လက်ဆောင် နဲနဲပါးပါးဝယ်ပြီး နေ့လည်စာ စားကြပါတော့တယ်။
ညစာကိုတော့ လင်ပန်းနဲ့ရွက်ရောင်းတဲ့ အကင်သည်နဲ့ ချိတ်ဆက်ပြီးတော်ကီထုမေးလိုက်တော့ ထမင်းရော ဟင်းတွေ ပါချက်ပို့ပေးသတဲ့။ အဲ့မှာ မှာစားတော့တာပါပဲ။ ဟင်းတွေကတော့ ပင်လယ်ဂဏန်းမဆလာချက်၊ ဂုံးချက်တွေ ငါးချဉ်စပ်တွေပါတယ်။ လက်ရာအတော်ကောင်းပြီး အစပ်လည်းမလွန်လှဘူး ငပိရည်လည်းပါတယ်။ သူတို့ဖျော်ထားတဲ့ ငပိရေက တစ်မျိုးလေးကောင်းတယ်ဗျ။ တို့စရာက သခွားသီး သရက်သီးတွေ၊ အကုန်အကျတော့ ဟိုတယ်တွေထက်တော့ သက်သာတာပေါလေ။ သူတို့က ပန်းကန်တွေ ဇွန်းတွေပါ တစ်ခါတည်း ယူလာပေးတာမျိုး။ အဲတော့ အခန်းကနေ တစ်ဖ၀ါးမှမခွာရပဲ အဆင်သင့် စားရုံလေးပေါ့လေ။ ညမိုးချုပ်မှ ပင်လယ်ကမ်းခြေမှာ လေညှင်းလေးခံပြီးစားလို့လားမသိဘူး အတော်တော့ စားဝင်တယ်ဗျာ။
အဲ့မှာ အကင်သည်က အတင်းတုတ်သွားသေးတယ်။ အခန်းကနေ လှမ်းခေါ်မှ အခန်းနား လာလို့ရတာတဲ့ အကင်ဗန်း ခေါင်းပေါ်ရွက် လျှောက်အော်သွားပေမယ့် သောင်ပြင်ကနေပဲ ဈေးရောင်းသွားလို့ရတယ်တဲ့။ အင်း အင်းပေါ့လေ..။
ထူးထူးခြားခြားကတော့  ညဖက်ကြီး ဒေသခံတို့ လူစိမ်းတို့ ဖြတ်လျှောက်တာ မတွေ့ရဘူး။ အခန်းတိုင်းလိုလိုက သူတို့အ၀တ်တွေ အပြင်မှာ ဒီအတိုင်းလှမ်းထားကြတာမျိုးပဲ။ အစောင့်လူငယ်လေးတွေ ကြိုးကြား ကြိုးကြားဖြတ်လျှောက်တာလေးပဲ တွေ့ရတယ်။ ကမ်းခြေရဲ့ ညနက်ပိုင်းတွေက လူခြေတကယ်တိတ်တာမျိုးပဲ။ ကိုယ့်အခန်းနဲ့ကိုယ်သာ နေကြလှုပ်ရှားနေကြတာလောက်ပဲ ကမ်းခြေကနေ ပြန်ကြည့်ရင် မြင်နေရတာမျိုးပေါ့လေ...။ သွားတဲ့အချိန်က လူပါးနေတာမျိုးမို့နဲ့ တူပါရဲ့။ ညနက်ခါနီးမှာ တစ်ချို့တွေ သောင်ပြင်မှာ မီးရူးမီးပန်းဖေါက်တာမျိုးတော့ရှိတယ်။
ပင်လယ်လှိုင်းသံဟာ ညလူခြေတိတ်ဆိတ်ငြိမ်လွန်းသွားတဲ့အခါမှာ နေ့ဖက်ထက် ပိုကျယ်လောင်လာသလိုပါပဲဗျာ။ အသေအချာ အကြာကြီး ပင်လယ်လှိုင်းသံကို နားထောင်ကြည့်နေတဲ့ အခါ ပထမ တဝေါဝေါနဲ့ လေတိုးသံကြီးလိုလာနေပြီးမှ ကမ်းခြေကို လှိုင်းရိုက်ချိန်မှာတော့ ၀ုန်း..၀ရော....ဆိုပြီး အသံရှည်ကြီးနဲ့ လှိုင်းရိုက်သွားတာမျိုး။ အဲ့ပထမ ဝေါ....ဆိုတဲ့ လေတိုးသံလိုလိုကြီးနဲ့ ပင်လယ်လှိုင်းသံကြီးဟာ နာဂစ်တုန်းက မုန်တိုင်းလေတိုးသံနဲ့တူလို့  နာဂစ်ကိုတောင် သတိရလိုက်သေးတယ်။ အဲ့လောက်လှိုင်းသံက ပြင်းတယ် ၊ ကြောက်စရာဖက်က လှည့်တွေးရင် ညဖက် ညနက်နက်မှာ ကြားနေရတဲ့ ပင်လယ်လှိုင်းသံတွေဟာ ကြောက်စရာကောင်းတယ်။ ညနက်နက်မှာ ပင်လယ်စပ်ကို ဆင်းရဲဖို့ဆိုတာ အတော်ရဲမှ ဖြစ်မှာပါလေ။
ဆက်ရန် >>>
ဖတ်ပေးတာကျေးဇူးတင်ပါတယ်
မြန်မျာ steemit များ အောင်မြင်ကြပါစေ