ဆောင်းရာသီလွန်မြောက် နွေဦးပေါက်ပြီဆိုတာနဲ့ ခရီးသွားလို့ကောင်းတဲ့အချိန်တစ်ခု ဖြစ်လာပါတယ်။ ရာသီဥတုက ပွင့်လင်းသာယာလာပြီး ခြောက်ခြောက်သွေ့သွေ့ ရှိတာကြောင့် အများစုက ဒီအချိန်ဆို ခရီးသွားတတ်ကြပါတယ်။ မိန်းကလေးတွေအနေနဲ့ အလိုချင်ဆုံးကတော့ ခရီးသွားလည်းပဲ အလှမပျက်ချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားတဲ့အခါ ပျိုမေတို့သိထားသင့်တဲ့ အချက်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Images Credit - Original Source
ခရီးသွားတယ်ဆိုတာဟာ စိတ်လက်ပေါ့ပါးလန်းဆန်းပြီး ပျော်ရွှင်ချင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ဖို့လာတဲ့ခရီးမှာ မလိုလားအပ်တဲ့ အသေးအဖွဲကိစ္စရပ်တွေကြောင့် စိတ်ဖိစီးမခံပါနဲ့။ ဒါဟာ ကိုယ့်ရဲ့အကြည်ဓာတ်ကလေးကို ပျက်စီးစေပြီး ခရီးစဉ်တစ်လျှောက်လုံးမှာ မကြည်မသာဖြစ်တာမျိုး ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့အရာတွေကို လိုက်မခံစားပါနဲ့။ စိတ်ညစ်၊ စိတ်ဖိစီးနေရင် ရုပ်ကလည်း အလိုလိုသုန်မှုန်သွားတတ်တာကြောင့် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွလေးဆိုရင် ပိုပြီးလည်း လှနိုင်ပါလိမ့်မယ် ပျိုမေတို့ရေ။
Images Credit - Original Source
ခရီးသွားမယ်ဆိုရင် မိန်းကလေးတွေ ခေါင်းအစားရဆုံးကတော့ ဘာဝတ်ရမလည်းဆိုတာပါပဲ။ ဖက်ရှင်ကျဖို့၊ လှပနေဖို့ကို စဉ်းစားတာကလည်း တစ်ပိုင်းဖြစ်ပေမယ့် ခရီးထွက်တာဟာ ပွဲတက်တာ မဟုတ်လို့ အကောင်းဆုံးကတော့ သက်သောင့်သက်သာရှိတာကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်စတိုင်လ်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားဒီဇိုင်းလေးတွေ၊ ချစ်စရာကောင်းပြီး ပေါ့ပါးတဲ့ပုံစံလေးတွေကို ၀တ်ဆင်သင့်ပါတယ်။ ဒါဆိုရင်တော့ အ၀တ်အစားကြောင့် စိတ်တင်းကြပ်မှုတွေ ရှိမနေတော့ဘဲ လွတ်လပ်ပေါ့ပါးပြီး သဘာဝအတိုင်း လှနေပါလိမ့်မယ်။
ခရီးသွားတဲ့အခါ မိန်းကလေးတိုင်းနီးပါးဟာ အသားအရေကို မပျက်စီးအောင် ဂရုစိုက်တတ်ကြပါတယ်။ နေလောင်မှာ၊ ၀က်ခြံထွက်မှာတို့ကို စိုးရိမ်တကြီးနဲ့ပဲ ကာကွယ်ထိန်းသိမ်းတတ်ကြပါတယ်။ သို့ပေမယ့် ပျိုမေတို့ မေ့လျော့နေတတ်တဲ့ အရာကတော့ ဆံကေသာဖြစ်ပါတယ်။ တစ်နေကုန် လည်ပတ်၊ လျှောက်သွားနေတဲ့အတွက် ခေါင်းမှာဖုန်တွေ၊ ချွေးတွေနဲ့ကပ်ငြိပြီး ယားယံတာမျိုးတွေနဲ့ နောက်ပိတ်ဆုံး ဗောက်ဖြစ်တာအထိပါ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အသားအရေကို ထိန်းသိမ်းကာကွယ်ဖို့ သတိရသလို ဆံသားနဲ့ ဦးရေပြားကိုလည်း ဂရုစိုက်ဖို့ သတိပြုသင့်ပါတယ်။ skin care ပစ္စည်းတွေ အစုံအလင်ယူသွားသလိုပဲ ခေါင်းလျှော်ရည်ကိုလည်း မမေ့မလျော့ သယ်သွားသင့်ပါတယ်။ နောက်ပြီး ခရီးသွားပြီဆိုရင် နေကာမျက်မှန်ကို မဖြစ်မနေ ယူတတ်ကြသလိုပဲ ဦးထုပ်(သို့မဟုတ်)ပ၀ါတစ်ခုခုကို ယူပြီး အကာအကွယ်အနေနဲ့ ဆောင်းသင့်ပါတယ်။ ဒါမှသာ နေပူဒဏ်ကို ခံနိုင်မှာဖြစ်ပြီး ဖုန်တွေ ဦးရေပြားမှာ ကပ်ငြိလို့ ယားယံတာကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခရီးသွားပြီဆိုရင် ဆံပင်ကို အကြာကြီး ပုံသွင်းရတဲ့ဆံပင်ပုံစံမျိုးတွေ မလုပ်သင့်ပါဘူး။ အချိန်လည်း ကုန်သလို၊ ဖုန်တွေ၊ ချွေးတွေနဲ့ကပ်ပြီး လူပုံလယ်မှာ ခေါင်းတွေယားလာတာမျိုး ဖြစ်တတ်တာကြောင့်ပါ။ အထူးသဖြင့် ဆံသားပုံသွင်း ခရင်မ်တွေ သုံးပြီး ခေါင်းပုံမှန်မလျှော်ဖြစ်ဘူးဆိုရင် ဗောက်တွေပါ ထလာတတ်ပါတယ်။ ဒါဆိုရင် ခရီးစဉ်တစ်ခုလုံး ကုတ်ဖဲ့နေရလို့ ဘယ်လိုမှ စိတ်မလွတ်လပ်နိုင်ဘဲ စိတ်ကသိကအောက် ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် ပျိုမေတို့ရဲ့ ဦးရေပြားကို အမြဲတမ်းအေးမြလန်းဆန်းစေပြီး ဗီတာမင်နဲ့သတ္ထုဓာတ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ဗောက်တွေကို ကာကွယ်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးကို ဘယ်သွားသွား ယူသွားသင့်ပါတယ်။ ဒါဆိုရင်တော့ နေဘယ်လောက်ပူပူ၊ ဖုန်တွေဘယ်လောက်ထူထူ ခေါင်းယားတာမျိုးတွေ မဖြစ်တော့ဘဲ ဘယ်နေရာကိုပဲသွားသွား ခေါင်းလေးအေးပြီး စိတ်ကြည်လင်စေမှာ အမှန်ပါပဲနော်။
ပျိုမေတို့အားလုံးပဲ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ခရီးစဉ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။