မင်္ဂလာပါ မိတ်ဆွေတို့ ။
ကျွန်တော်တို့ တွေအတွက် ဘယ်အရာဟာ အလိုအပ်ဆုံးလို့ ထင်ပါသလဲ။ ကျွန်တော့်အမြင်တင်ပြရရင် စိတ်နှလုံးအေးချမ်းစွာနေထိုင်နိုင်ဖို့ ဟာ အလိုအပ်ဆုံးလို့ ထင်ပါတယ်။ တရားအရသာဟာ အေးချမ်းလှပါတယ်။ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့် အရာပါ။ တရားဓမ္မတွေကိုဘာသာရေးလို့ မမြင်ဘဲ လောကမှာမသိမဖြစ်ပညာရပ်တစ်ခုလို သဘောထားစေချင်တယ်။ ဖြစ်နိုင်ရင် တရားတော်တွေကို နေ့စဉ်နားကြားနိုင်ရင် အကောင်းဆုံးပါ။ လုပ်ချင်စိတ်ကို နှိုးဆွပေးသလိုဖြစ်ရုံမကဘူး အသိတွေလည်း တိုးစေပါတယ်။ စိတ်ကိုအေးချမ်းအောင်နေတတ်ဘို့ လေ့လာထားသင့်သလို လေ့ကျင့်ပွားများနေသင့်ပါတယ်။ ဘယ်သူ့ အတွက်မှမဟုတ်ပါဘူး။ မိတ်ဆွေတို့ အတွက် ပါ။ စိတ်အေးချမ်းမှုတို့ တရားအရသာတွေဆိုတာ ကိုယ်လုပ်မှ ကိုယ်ရတာပါ။ ရေဆာတာကို ကိုယ်တိုင်ရေသောက်မှ ရေငတ်ပြေတာပါ။ ဘေးလူက ရေသောက်ပေးလို့ မရပါဘူး။
[crd.org.source](
လူဘဝဆိုတဲ့အချိန်ဟာ ခဏလေးပါ။ တရားဓမ္မကို လုပ်ချင်စိတ်ဖြစ်ပေါ်တဲ့အချိန်လေးဟာလည်း ဖြစ်ပေါ်ခဲကြပါတယ်။ တော်တော်များများက အသက်ကြီးမှလုပ်ရမယ့်အလုပ်တစ်ခုလို သတ်မှတ်ထားကြတာများပါတယ်။ နောက်မှနောင်တရတဲ့အဖြစ်မျိုး မဖြစ်စေချင်ပါ။ ငယ်တုန်းမှာ တစ်ခါလောက်ထိထိမိမိလုပ်ဖူးစေချင်ပါတယ်။ သတိကိုထားတတ်သွားရင် လုပ်ငန်းခွင်မှာလည်းအဆင်ပြေပါတယ်။ စိတ်ပူလောင်တဲ့အရသာနဲ့ စိတ်အေးချမ်းတဲ့အသာဟာ တော်တော်ကွာခြားပါတယ်။ ကိုယ်တိုင်လည်း ဖန်တီးခွင့်ရရဲ့သားနဲ့ စိတ်မအေးချမ်းရင် ကိုယ့်လိုအပ်ချက်လို့ မြင်မိတယ်။ ဒီအလုပ်ဟာ ကိုယ့်ဘာသာကို လုပ်နေပေမယ့် သတ္တဝါအများအတွက်လည်း အကျိုးဖြစ်စေသောအရာပါ။ သီလနဲ့ပြည့်စုံသော အကျင့်စရဏနဲ့ ပြည့်စုံသောသံဃာတော်တစ်ပါးကြောင့် အကျိုးဖြစ်ထွန်းတဲ့ဒကာ ဒကာမတွေ အများအပြားဖြစ်ထွန်းစေပါတယ်။ ဆိုလိုချင်တာက မိမိကိုယ်ကိုတရားအားထုတ်နေခြင်းဟာ မြတ်စွာဘုရားသာသနာကို စောင့်ရှောက်ခြင်းလည်းဖြစ်စေပါတယ်။ ဒီဘဝကသေရင်ဘယ်ဘုံဘယ်ဘဝရောက်မှန်းမသိ။ ကိုယ်အတွက်သေချာစေမယ့်အလုပ်တစ်ခုကိုတော့ ရတ့အချိန်လေးမှာ လုပ်ကိုလုပ်ထားရမှာပါ။
ဝိပဿနာအားထုတ်ခြင်းရဲ့အကျိုးဟာ နည်းတဲ့ပဏာမမဟုတ်ပါဘူး။ ဒါကြောင့်ပြောတာပါ။ တန်ဘိုးသိမှ တန်ဘိုးရှိတာပါ။ တန်ဘိုးမသိတော့ တန်ဘိုးရှိသောအရာကို မပိုင်ဆိုင်ဘူးပေါ့။မခံစားရဘူးပေါ့။ ကျွန်တော်ကတော့ သိသလောက်လေးနဲ့  ထပ်ခါထပ်ခါသတိပေးနေမှာပါ။ မိမိကိုယ်ကိုယ်ကိုလည်း သတိပေးရာရောက်အောင် မိတ်ဆွေတို့ ကိုလည်း လုပ်ချင်စိတ်ဖြစ်အောင် မကြာမကြာ နိုးဆော်နေမှာပါ။
နောက်တစ်ခုတင်ပြချင်တာက ဘယ်စိတ်ခံစားမှုမဆို အခိုက်အတန့် လေးပါဘဲဆိုတာ ကြိုသိထားသင့်တယ်။ဘယ်စိတ်မဆို ဖြစ်နေတုန်းသာ ကြီးကျယ်တယ်လို့ ထင်နေတာ အချိန် တစ်ခုလွန်မြောက်သွားတာနဲ့ ထိုစိတ်ခံစားမှုဟာ မရှိတော့ပါဘူး။ ဖြစ်နေတုန်းကတော့ အကြာကြီးဖြစ်နေမယ် ခံစားနေရမယ်လို့ ထင်ပေမယ့် အစားထိုးစရာ ရုံတစ်ခုခု ဝင်တာနဲ့  ထိုစိတ်ခံစားမှုဟာ မရှိတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်တောင့်ခံထားပါ။ ပြီးသွားမှာပါ။ ပူနေရင် အေးသောအရာတစ်ခုခုနဲ့ အစားထိုးတတ်အောင် လေ့ကျင့်ထားပါ။ စိတ်နှလုံးအေးချမ်းနေရင် ဘယ်အခြေအနေမဆို ဖြတ်သန်းနိုင်ပါတယ်။ ဘဝရဲ့အနှစ်သာရကို သဲသဲကွဲကွဲ ရှင်းရှင်းလင်းလင်းမြင်စေချင်တယ်။သိစေချင်တယ်။ ဒါကြောင့် MEDITATION ကို မဖြစ်မနေ လုပ်ရမယ့်အလုပ်လို့ တင်ပြနေခြင်းဖြစ်ပါတယ်လို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ပါတယ်။