ဖုန်းသံမြည်လာတာနှင့် နိုးလာခဲ့သည်။ မနက်လေးနာရီ။ အငယ့်ကိုတံခါးဆင်းဖွင့်ပေးပြီး အိပ်ယာထဲပြန်လှဲနေပေမယ့် အိပ်မပျော်တော့။ တဖက် ကုတင်မှာ အိပ်နေတဲ့အငယ်ကောင်ကို ကြည့်ရင်း သက်ပြင်းချမိသည်။ ဘယ်အချိန်ထိများခုလို ဖြစ်နေမှာပါလိမ့်။ ရင်မောရသည်။ မေတို့မှာမောင်နှမလေး နှစ်ယောက်ရှိတာ။ အမေမွေးထဲကနေတစ်သက်လုံးက အကောင်း။ ခုအရွယ်ရောက်ခါမှ သူများပြုစားသလိုလို စိတ်ဖောက်ပြန်သလိုလိုနဲ့။ အတော်ဆုံးဆိုသည့် စိတ်ရောဂါကုဆရာဝန်တွေနှင့်ပြတော့လဲ မရ။ ဆေးတွေသောက်ပြီးရင် ပိုလို့တောင်ဆိုးဆိုးလာသည်။ မူးယစ်ဆေးဝါးသုံးသလားဟု အမျိုးတွေမှ ၀ိုင်းပြောကြ၍ မူးယစ်ဆရာဝန်နှင့်လဲ ပြသည်။ ဒါလဲမထူးခြား။ တနှစ်ကနေနှနှစ် ကြာလာတော့ မေကိုယ်တိုင်လဲရူးချင်သလိုဖြစ် နေပြီ။ စိတ်လဲတအားညစ်ရသည်။ မေမေရှာသမျှလဲကုန်ပြီ။ မေတို့ဘ၀လဲ လမ်းဘေးမရောက်ရုံပင်။ တခါတခါဖြစ်ရင် မျက်လုံးကြီးတွေပြူးလာတာအရမ်းကြောက်ဖို့ကောင်းတယ်။ သူကနေမကောင်းဖြစ်ပြီဆို အရမ်းကြောက်လာသည်။ တနေရာရာက တခုခုထွက်လာပြီးသူ့စီလာတော့မယ်။ သူအရမ်းကြောက်တယ်ဟုဆိုကာ မေတို့ကိုအနားမှမခွာခိုင်းတော့။ သူ့အနားမှာနေရင်လဲ အသေကောင်လိုနေရသည်။ အသက်ရှုသံထွက်ရင်တောင် သူတကိုယ်လုံးတုန်တုန်တက်သွားပြီး လန့်တက်သည်။ အေးဆက်နေတဲ့ အဲကွန်းခန်းထဲမှာတောင်ချွေးသီးချွေးပေါက်တွေနှင့်။ ဘယ်နေ့ဘယ်အချိန် ထ ထ ဖြစ်မလဲအမြဲစိုးရိမ်နေရသည်။ ညညဆိုလဲအိမ်ကောင်းခြင်းမအိမ်ရ။ တညကိုနှစ်ခါသုံးခါ ကြောက်လို့ဆိုပြီးလာလာနှိုးတက်သည်။ သူသေရပါတော့မယ်။ ဟိုလူခေါ်ပေးပါဒီလူခေါ်ပေးပါဆိုပြီး နောက်ဆုံးတခါ ဆိုးဆိုးရွားရွား ဖြစ်ပြီးကထဲက အခြေအနေကပိုပိုဆိုးလာသည်။ အရင်ကကြောက်လှပါချည်ရဲ့ဆိုတဲ့သူက ခုတော့ ညနက်ပြီဆိုအပြင်ထွက်ပြီ။ တနေကုန်အိမ်မှာတံခါးတွေအကုန်အလုံပိတ်ပြီး အိပ်သည်။ ညဆယ့်တစ်နာရီ ဆယ့်နှစ်နာရီဆိုလျှင် အပြင်ထွက် မိုးလင်းခါနီး လေးနာရီငါးနာရီမှပြန်လာ။ မေမေကပြောရင်လဲ မေမေ့ကိုမျက်လုံးကြီးပြူးပြီး အော်ကြီးဟစ်ကျယ် ရိုင်းရိုင်းပြပြ ပြန်ပြောသည်။ နေ့ခင်းဘက်နိုးလျှင်လည်း အိမ်တံခါးတစ်ချပ်ဖွင့်ထားတာတွေ့သည်နှင့် မေတို့သားအမိကိုပြဿနာအကြီးအကျယ်ရှာတော့သည်။ နေ့ရှိသ၍စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နှင့် မေ ဒီဒုက္ခကို မခံနိုင်တော့ပြီ။ သူအိပ်နေရင်စိတ်ချမ်းသာရသလောက် သူနိုးလာပြီဆိုသည်နှင့် မေ့တို့သားအမိမှာကြောက် နေရသည်။ ဘာကိုများပြဿနာလုပ်ဦးမလဲ။ ပူနေရသည်။ စိုးရိမ်စိတ် အကြောက်တရားနှင့် နေ့စဉ်နေနေရတော့ လူက အတွေးအခေါ်တွေလဲမမှန်ချင်တော့။ ဒီလိုဘ၀မျိုးကို စိတ်ကုန်လာသည်။ စိတ်ကျန်းမာရေးဆေးရုံတင်ဖို့ ကျတော့လဲ မေတို့မှာပိုက်ဆံ အဲ့လောက်မရှိတော့။ ပါမောက္ခတွေနှင့်ပြတာတောင်မထူးတော့လဲမတင်ချင်တော့ ဘယ်လောက်ပဲဆိုးဆိုးလဲကိုယ့်မောင်လေးဟဲ့ဆိုတဲ့စိတ်နဲ့ ဆေးရုံမှာသူ့ကိုတစ်ယောက်ထဲမထားခဲ့ရက်တာလဲ ပါသည်။ မေတို့ကစိတ်ပျော့လွန်းလို့ပဲ ပိုဆိုးနေသလားမပြောတက်တော့။ သက်ပြင်းမောတွေသာ အခါခါ ချမိနေတော့သည်။
မကြီး
အင်း
ပိုက်ဆံငါးသောင်းလောက်ရှိလား
ဘာလုပ်မို့လဲ
ငါမေးတာပဲဖြေစမ်းပါ
မရှိဘူး
နင်တို့ကလဲဘယ်တော့မေးမေးမရှိဘူးပဲ
အလုပ်မှမရှိတာ ပိုက်ဆံကဘယ်ကရမလဲ ကောင်လေးပဲဘာမှမလုပ်ရဘူးဆို အိမ်တံခါးမဖွင့်ရဘူးဆို ခုထမင်းစားနေတာတောင်အတိုးနဲ့ချေးထားတဲ့ပိုက်ဆံနဲ့စားနေရတာ။ သူစကားပြောတုန်းလေးကိုယ့်မှာရသလောက်ပြောရသည်။
အဒါဆိုလဲငါးသောင်းလောက်ချေးလိုက်။ ငါရန်ကုန်သွားမလို့
ဘာသွားလုပ်မို့လဲ ဘယ်မှာနေမှာလဲ
လျှာရှည်လိုက်တာ ငါ့ဟာငါဘာလုပ်လုပ် ဘယ်မှာနေနေ နင့်အပူမပါဘူး။ မနက်ကျရင်အစောဆုံးကားနဲ့ သွားမယ်။ ပိုက်ဆံအဆင်သင့်လုပ်ထားပေး။
ခုပဲမိုးချုပ်နေပြီ ပိုက်ဆံငါးသောင်းကဘယ်ကနေရမလဲ မနက်စောစောတော့ရမှာမဟုတ်ဘူး။
နင်တို့ဟာတွေကလဲစောက်ဇယားကိုရှုပ်နေတာပဲ။ အခုသွားချေးလိုက်တော့ဘာဖြစ်မှာမို့လဲ။
ဒီလောက်ညနက်နေပြီဟာ သူများအိမ်ဘယ်လိုသွားရမလဲ။
ပြန်ပြောနေရင်းငိုချင်လာသည်။ တချိန်တုန်းက ကောင်လေးကခုလိုမဟုတ်။ စကားကိုရိုင်းရိုင်းစိုင်းစိုင်း ပြောဖို့နေနေသာသာ အသံကျယ်ကျယ်တောင်ပြောတာမဟုတ်။ ခုတော့ လူကလဲကြမ်းတမ်းလာသလို စကားပြောရင်လဲ အမဖြစ်တဲ့ မေ့ကိုတောင် စောက်တွေဘာတွေနှင့် ပြောလို့။ ထပ်ပြောရင် ပြဿနာအကြီး ကြီး ထလုပ်ပြစ်လိုက်မှာကိုသိနေပြီမို့ အေးအေး ဟုပဲပြောပြီး စကားဖြတ်လိုက်သည်။ စိတ်ထဲမှာတော့မကောင်း။ ဘယ်ဘ၀က ၀ဋ်ကျွေးတွေများလဲလို့တောင်တွေးမိသည်။ ၀ဋ်ကျွေးဆိုလျှင်လဲ ဒီဘ၀ဒီမျှနဲ့သာ ကျေပါစေတော့လို့ အကြိမ်ကြိမ် အခါခါဆုတောင်းနေမိသည်။
အဲ့ဒီနေ့ကပိုက်ဆံမရတာနှင့် နောက်နေ့ပိုက်ဆံရသည်နှင့် ထွက်သွားတော့သည်။ ပြန်မလာလေ ကောင်းလေလို့ မတွေးပေမယ့် ခနတဖြုတ် လေးပဲဖြစ်ဖြစ် လူနဲ့သူနဲ့တူအောင် စိတ်ချမ်းချမ်းသာသာလေး နေရတော့မည်မို့ မေ ၀မ်းသာသည်။ သူ့ကားထွက်သွားသည်နှင့် အိမ်တံခါးတွေ အကုန်ဖွင့်သည်။ လေကိုလွတ်လွတ်လပ်လပ်ရှုရှိုက်သည်။ လန်းဆန်းသွားသည်။ မေလဲသွေးနဲ့သားနဲ့ဖွဲ့စည်းထားတဲ့ ခန္တာကိုယ်နဲ လူတစ်ယောက်ပဲလေ။ အကျည်းထောင်ထဲမှာတိုက်ပိတ်ခံထားရသလိုဘ၀မျိုးနဲ့ ဘယ်နေချင်ပါ့မလဲ။ ခုတော့ခနလေးပဲဖြစ်ဖြစ်မေလွတ်လပ်ပြီ။
စိတ်ချမ်းသာနေရုံနှင့်မပြီး။ ပိုက်ဆံတွေချေးထားတာများနေပြီ။ နေ့စဉ်စားဝတ်နေရေးအတွက်ရော အကြွေးတွေဆပ်ဖို့အတွက်ပါ အလုပ်တစ်ခုလိုအပ်သည်။ မေဘာလုပ်ရမလဲ။ မေမေနှင့်တိုင်ပင်သည်။ ဘာလုပ်ကြရင်ကောင်းမလဲ။ ကိုယ့်အရပ် ကိုယ့်ဒေသမဟုတ်တဲ့နေရာမှာ မေဘာလုပ်လို့လုပ်ရမှန်းမသိ။ မေမေကတော့ဈေးရောင်းမည်ပြောသည်။ မေမေ အမကတော့ ကွမ်းယာရောင်းဖို့ပြောသည်။ ကွမ်းယာတော့မေ မရောင်းချင်။ ဦးလေးတစ်ယောက်ကပဲကလားဟင်းချက်ရောင်းခိုင်းသည်။ သူတို့ပြောကြတာတွေကိုမေခေါင်းခါ ခဲ့သည်။ မေမေကတော့လောလောဆယ်အရင်းနဲနဲနဲ့ ထမင်းစားဖို့လောက်ရအောင်အိမ်ရှေ့မှာကွမ်းယာဆိုင် ထွက်မည်ဟုဆိုကာပြင်ဆင်တော့သည်။ မေ့မေ့အမကအားလုံးရင်းနှီးစိုက်ထုတ်ပေးသဖြင့် ကွမ်းယာခုံလေးနှင့် ဆိုင်လေးဖွင့်ဖြစ်ခဲ့သည်။ တရက်နှစ်ရက်ထိမေ့မှာဘာလုပ်လို့လုပ်ရမှန်းမသိသေး။ စဉ်းစားနေရင်း စာအုပ်စင်ပေါ်အကြည့်ရောက်ခဲ့သည်။ ပထမနှစ်မြန်မာစာ စာအုပ်။ အပေါ်ဆုံးမှာမြင်နေရတဲ့ထိုစာအုပ်ကို ယူပြီး လှန်လှောကြည့်မိသည်။ စိတ်မပါဘဲလှန်နေရင်းက အမှတ်မထင်တွေ့ခဲ့ရတဲ့ခေါင်းစဉ်က ပန်းပဲဖိုမှာအပ်ရောင်းနိုင်အောင် ကြိုးပမ်းရမည်တဲ့။ ပန်းပဲရွာမှာ အပ်ရောင်းနိုင်အောင်ကြိုးပမ်းရမည် ဟုစိတ်ထဲမှ ရွတ်နေမိသည်။ စာအုပ်ကိုမဖတ်တော့ဘဲ ပြန်တင်ထားလိုက်ရင်း ထိုခေါင်းစဉ်ကိုပဲ စဉ်းစားနေမိသည်။ နေ့နေ့ညည ထိုအကြောင်းပဲစိတ်ထဲရောက်နေရင်း နှစ်ရက်လောက်ရှိတော့ အလုပ်တစ်ခုလုပ်ဖို့ အကြံပေါ်ခဲ့သည်။ ပုသိမ်ထီး လုပ်ငန်း။ ဟုတ်သည်။ ပုသိမ်ထီးလုပ်ငန်း။ ပုသိမ်မြို့က ပန်းပဲရွာကြီးဆိုလျှင် ပုသိမ်ထီးမှာ အပ်ပင်ဖြစ်တော့သည်။ မေမေ့ကို ပြောပြသည်။ သားအမိနှစ်ယောက်တိုင်ပင်ကြသည်။ ထိုနောက်ဦးလေး တွေ အဒေါ်တွေနှင့်ထပ်တိုင်ပင်သည်။ အားလုံးက ၀ိုင်းအားပေးကြသည်။ ထို့နောက် ဦးလေး ၏အသိ ထီးလုပ်သည့်အိမ်သို့ လိုက်ပို့ပေးပြီး လေ့လာနိုင်အောင်စီစဉ်ပေးခဲ့သည်။ မေအလုပ်ရလေပြီ။ လိုအပ်တဲ့ ငွေကိုလဲ ဦးလေးကပင်ချေးပေးသည်။ ဒီလိုနဲ့လုပ်ငန်းစဖြစ်ခဲ့တော့သည်။ ကိုယ့်အတွက် အစိမ်းသက်သက် ဖြစ်တဲ့လုပ်ငန်းတခုကိုစတင်ရတာမို့ အခက်အခဲတွေကများလှသည်။ ပုသိမ်ထီးလောကတွင် ၀န်ထမ်းရှားပါးလှသည်။ ကျွမ်းကျင်သူခေါ်ဖို့ကမလွယ်။ ကိုယ်ကလဲခုမှ စသင်ခါစ ဘာမှမလုပ်တက်သေး။ အခက်အခဲတွေကတောင်လိုပုံနေသည်။ ဒါပေမယ့် မေစိတ်ဓါတ်တော့မကျချေ။
အလုပ်တစ်ခုစထားပြီဆိုတော့ မိုးလင်းသည်နှင့် လန်းဆန်းတက်ကြွနေသည်။ ထူးထူးခြားခြား ဒီနေ့စောစောစီးစီး ကျီးတွေသာလွန်းနေသည်။ မနက်ခင်းနေရောင်ခြည် နုနုဖြာကျနေပုံနှင့် ကျီးတွေသာနေသံက ပဏာသင့်လွန်းလှသည်။ သာယာလိုက်တဲ့မနက်ခင်း။ ကျေးတွေအိမ်ရှေ့ဘက်မှသာ နေသဖြင့် ဒီနေ့ အိမ်ကို ဧည့်ကောင်းဆောင်ကောင်းတွေလာမည့်နိမိတ်လေလားမသိ။ မနက်ခင်း အဖွင့်ကတော့ စိတ်ချမ်းမြေ့ဖွယ်အတိပင်။ ရေမိုးချိုးပြီး အောက်ဆင်းလာတော့ မေမေက ထမင်းကျော်နှင့် ကော်ဖီ ဖျော်ထားပေးသည်။ မေက မနက်ခင်းစာကိုမေမေကျော်ပေးသည့်ထမင်းကျော်သာစားတက်သည်။ အပြင်စာမစားတက်။ မနက်စာစားပြီး အလုပ်လုပ်ဖို့ပြင်တော့သည်။ ၀န်ထမ်းတွေမလာသေးခင် ကိုယ့်ဘာသာ ကိုယ်လုပ်စရာရှိတာတွေလုပ်ရသည်။ သူတို့လာရင်အဆင်သင့်လုပ်ငန်းစနိုင်ဖို့အတွက် ပိတ်အုပ်တွေကို အနေတော်တွေညှပ်ထားရသည်။ အကြမ်းထည် ကိုယ်ထည်တွေကို စစ်ရသည်။ အကြမ်းထည်မှာ မစစ်မိလို့ မနေ့က ရီဂျက်တွေ အများကြီးပြန်လာသည်။
သမီးရေ
ရှင်မေမေ
ဒီမှာနင့်ဒေါ်လေးဖုန်းဆက်တယ်။ ခနလာကိုင်ဦး။
ဟုတ်ဟုတ်။
ဟုတ်တီလေး
အေး ။ နင်အားလား
ဟင် တီလေးကလဲမေးမှမေးတက်တယ် ဘယ်အားမလဲလို့ အလုပ်လုပ်နေတဲ့ဟာ
ခနလောက်ထွက်လို့ မရဘူးလား။
မရဘူးတီလေးရေ အလုပ်ကအရေးကြီးနေတယ်
အေးပါ အေးပါ မရရင်လဲပြီးရော။ ခနနေငါလာခဲ့မယ် နင်ရှိတယ်မဟုတ်လား။
ရှိပါ့ လာခဲ့ ကော်ဖီတိုက်မယ်
အေးအေး ဒါပဲဟဲ့
ဟုတ်
တီလေးဖုန်းချသွားပြီးနောက် မေသူ့ကိုသတိရလာသည်။ ဒီရက်ထဲအလုပ်တွေ ရှုပ်နေတာနဲ့ မေ့လျော့ထားခဲ့တဲ့ရင်ခုန်သံက တီလေးကြောင့် ပြန်ခုန်လာသလိုပင်။ သူ့ကိုတွေးမိသည်နှင့် စိတ်ထဲမှာ ပျော်သလိုလို ၀မ်းနည်းသလိုလိုနှင့်။ အိပ်မက်ကိုတခါသတိပြန်ရလာပြန်သည်။ စိတ်ရှုပ်ရှုပ်နှင့် လုပ်ငန်းခွင်ထဲပြန် ၀င်လာခဲ့သည်။