နေပူမရှောင် မိုးရွာမရှောင်
ပင်ပန်းကြီးစွာ ရှာဖွေကျွေးမွေးခဲ့တဲ့အဖေ…
မနက်ကနေ ညနေမိုးချုပ်ထိ
နှဖူးကချွေး ခြေဖျားကျအောင်
အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့တဲ့အဖေ…
အလုပ်က အဆင်ပြေလာတိုင်း
အိမ်မှာရှိတဲ့ မိသားစုအတွက်
စားစရာတွေ ဝယ်လာရှာတဲ့အဖေ…
အလုပ်က ပြန်လာတိုင်း
ရသမျှ ပိုက်ဆံတွေ
အမေ့ကို အကုန်အပ်ရှာတဲ့အဖေ…
သားသမီးတွေ ပညာတတ်ကြီးဖြစ်စေဖို့
ကျောင်းစရိတ်အတွက် ရုန်းကန်ရရှာတဲ့အဖေ…
သားသမီးတွေ မျက်နှာမငယ်စေဖို့
ပူဆာသမျှတွေကို မညည်းညူပဲ
အလိုလိုက်ခဲ့တဲ့ အဖေ…
မိသားစုရဲ့ အပူတွေကို
တစ်ယောက်တည်း ကြိတ်ခံစားတဲ့အဖေ…
အမေ့ရဲ့ အလိုမကျဆူပူမှုတွေကို
အမြဲ ခံရတတ်တဲ့အဖေ…
သားသမီးမိုက်တွေရဲ့ အော်ငေါက်မှုကို
သည်းညည်းခံ ခွင့်လွှတ်ရှာတဲ့အဖေ…
စိတ်ညစ်စရာတွေကို မေ့ပြီး
မိသားစု စိတ်ချမ်းသာအောင်
အမြဲ နှစ်သိမ့်ပေးရှာတဲ့အဖေ…
အဖေရယ်…
အဖေ မရှိတော့မှ
အဖေ့ရဲ့တန်ဖိုးကို သိရတာ
နောင်တရလို့မဆုံးပါ အဖေ…
အဖေ မရှိတော့မှ
အမေတစ်ယောက်တည်း အားငယ်ရတာတွေ
ဝမ်းနည်းလို့မဆုံးပါ အဖေ…
အဖေ့ကို သတိရအောက်မေ့တိုင်း
ရင်ထဲမှာမချိအောင် ခံစားလို့မဆုံးပါအဖေ…။