ဆရာတစ်ယောက် နဲ့ ပျောက်ဆုံးသွားသော အလေ့အကျင့်များ(၆)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇
Credit to google image
လူကြီးမိဘတွေကို ရိုသေလေးစားခြင်းကလည်းပဲ မြန်မာလူမျိုးတို့အတွက် အရေးကြီးတဲ့ အလေ့အကျင့်တစ်ခုပါ။ လေးစားတန်ဖိုးထားလိုက်နာရမှာဖြစ်သလို တန်ဖိုးထားတတ်ဖို့လည်း ကလေးတွေကို လမ်းညွှန်ဆုံးမပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့ခေတ် လူငယ်လေးတွေကို နားလည်သဘောပေါက်လာဖို့အပြင် လက်တွေ့ကျင့်သုံးလာအောင်လည်း ကူညီဖေးမပေးရမှာပါ။ လူကြီးမိဘတွေနဲ့ ဆက်ဆံရတဲ့အချိန်မှာ အပြောအဆိုတွေ၊ အပြုအမူတွေ မှားယွင်းနေတာမျိုးကို မျက်နှာလွှဲခဲပစ် မလုပ်ဘဲ မှန်မှန်ကန်ကန် သိမြင်လာအောင် လမ်းညွှန်တည့်မတ်ပေးရပါမယ်။
ယခုခေတ် ကလေးတွေရဲ့ စကားအသုံးအနှုန်း၊ အပြောအဆိုတွေကနေ စပြောပြချင်ပါတယ်။ ကလေးတစ်ယောက်က သူ့မိဘတွေကို "ဘိုးတော်၊ ဆိုင်ကယ်သော့ ဘယ်ထားလိုက်တုန်း"၊ "ဘွားတော်၊ စာအုပ်ဖိုးပေးဦး" စသဖြင့် မြင်ရကြားရ နားဝမှာ မသက်သာလှပါဘူး။ အဖေကို "ဘိုးတော်"၊ အမေကို "ဘွားတော်" စတဲ့ အသုံးအနှုန်းတွေဟာ ကျွန်တော်တို့ခေတ်တုန်းက မကြားဘူးခဲ့တဲ့ အသုံးအနှုန်းတွေပါ။ ကြားရသူအဖို့ နားထောင်ရတာလည်း မကောင်းလှပါ။ ခေတ်ရေစီးကြောင်းကို လက်ခံနိုင်ပေမယ့် မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်၊ မကိုက်ညီတဲ့ အပြုအမူ၊ အပြောအဆိုတွေကို တဖြည်းဖြည်းချင်း မြင်ရ၊ ကြားရတာတွေ များလာနေပါပြီ။ အထူးသဖြင့် လူငယ်လေးတွေ၊ ကလေးအရွယ်လေးတွေမှာ တွေ့မြင်နေရခြင်းက စိတ်မသက်မသာ အတော်လေးကို ဖြစ်ရပါတယ်။ ကျွန်တော်လုပ်ကိုင်နေရတဲ့ လုပ်ငန်းကလည်း ကလေးတွေနဲ့ ဆက်စပ်ပတ်သတ်နေရတာဆိုတော့လည်း ဒီလိုမျိုး အဖြစ်အပျက်တွေက နေ့စဉ်နဲ့အမျှဆိုသလို တွေ့မြင်နေရပါတယ်။
Credit to google image
"ဘိုးတော်၊ ဘွားတော်" အသုံးအနှုန်းထက် ပိုပြီးကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ ရှိပါသေးတယ်။ တစ်ချို့အသုံးအနှုန်းတွေဟာ စာနဲ့ရေးပြလို့ မဖြစ်နိုင်လောက်အောင် ကြမ်းတမ်း၊ရိုင်းစိုင်းလွန်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကနဲ့ တော်တော်ကြီးကို ကွာခြားသွားပါပြီ။ ကျွန်တော့်အဖေရှေ့ဆို ကျွန်တော်တို့ စကားမှားလို့ လုံးဝမရပါဘူး။ လူကြီးတစ်ယောက်ယောက်ကခေါ်လို့ ကျွန်တော်တို့က "ခင်ဗျာ၊ ရှင်" လို့မထူးမိဘဲ "ဟင်" လို့များထူးလိုက်မိရင် အဖေက သူရှေ့ခေါ်ပြီး နားရင်းအုပ်ပါတော့တယ်။ "ဟုတ်ကဲ့" လို့မပြောဘဲ "အင်း" လို့ပြောမိပြန်ရင်လည်း တွယ်တော့တာပါပဲ။ အမေကတော့ လက်မပါပေမယ့် ကြိမ်ဖန်များလာရင်တော့ ခေါင်းခေါက်ပါတယ်။ ဒါတောင် ခုခေတ်အသုံးအနှုန်းတွေ မဟုတ်သေးပါဘူး။
ကျောင်းမှာ စာသင်ကြားပေးကြတဲ့ ဆရာ/မတွေကလည်း အမြင်မတော်တာတွေ့ရင် တွေ့တဲ့နေရာမှာ ခေါ်ယူဆုံးမပေးကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆရာမကြီးတစ်ယောက်ရှိပါတယ်။ သူ့ကိုတော့ ကျွန်တော်တို့ ကျောင်းသားတွေက ကွယ်ရာမှာ "လက်သီးမောင်မောင်"လို့ နာမည်ပေးထားကြပါတယ်။ ဆရာမဆိုပေမယ့် ခန္ဓာကိုယ်ထွားကြိုင်းပါတယ်။ အားလည်းအလွန်သန်ပါတယ်။ သူက ဆုံးမပြီဆိုရင် တုတ်မလိုပါဘူး။ သူ့လက်သီးနဲ့ ကျွန်တော်တို့ ပါးချိတ်ကိုထိုးပါတယ်။ အားနဲ့ထိုးတာမဟုတ်ဘဲ ပွတ်ထိုး,ထိုးတာပါ။ အထိုးခံရတဲ့ကျောင်းသားကတော့ နှစ်ရက်၊သုံးရက်လောက်က ထမင်းမစားနိုင်ဘဲ ဆန်ပြုတ်သောက်ရပါတယ်။ အဲဒီလို ဆရာမမျိုးနဲ့များ စကားအပြောအဆိုမတတ်တဲ့ ကျောင်းသားနဲ့ ကြုံမိရင်တော့ အဲဒီကျောင်းသား ငိုပေတော့ပါပဲ။ ပါးစပ်ကလည်း ဆုံးမစကားကို တစ်ချက်ချင်းပြောပြီး လက်ကလည်း တစ်ချက်ချင်းထိုးတာပါ။ ဒါပေမယ့် အထိုးခံရတဲ့ ကျောင်းသားတိုင်း ဘယ်သူကမှ စိတ်မဆိုးကြပါ။ မိဘတွေကလည်း ဆုံးမပေးတာကို ကြည်ဖြူလက်ခံပေးကြပါတယ်။
Credit to google image
ယနေ့ခေတ် အခြေအနေကတော့ ဆုံးမပေးရမယ့်ဆရာက အကြောင်းအရာမျိုးစုံကို ချင့်ချိန်နေရပါတယ်။ အပြင်ကျူရှင်ဆရာတွေက ပိုဆိုးပါတယ်။ သူတို့မှာလည်း မိသားစုဝမ်းရေးအတွက် ကျောင်းသားဦးရေများအောင်လည်း လုပ်ဆောင်ရပါတယ်။ တစ်ချို့ဆုံးမစကားတွေကို မျိုသိပ်ထားရပါတယ်။ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထားမျိုး ကျင့်သုံးနေရပါတယ်။ ဒီလိုမျိုးတွေ ကြာလာတော့ ကလေးတွေက အပြောအဆို၊ အသုံးအနှုန်းတွေမှာ အကျင့်ပါကုန်ကြပါတယ်။ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းကို ရိုင်းစိုင်းမှန်း မသိကြတော့ပါဘူး။ ပြောနေကြစကားလိုပဲ အေးအေးသက်သာပြောနေကြတာပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေအချင်းချင်း ပြောဆိုကြတဲ့အခါ "လ"သံတွေ၊ "စ"သံတွေဟာ နားထောင်ရအဆိုးဆုံးပါပဲ။
ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားလုံးတွေကို ယောက်ျားလေးတွေတင် ပြောနေကြတာ မဟုတ်ပါဘူး။ မိန်းကလေးငယ်လေးတစ်ချို့လည်း ပါ,ပါတယ်။ သူတို့ကတော့ "စ"သံတွေနဲ့ ပြောကြပါတယ်။ သူတို့အချင်းချင်း လွတ်လပ်စွာပြောနေကြတဲ့အချိန် နားထောင်မိလိုက်ရင် ဒီလိုအသုံးအနှုန်းတွေ မကြားချင်မှအဆုံးပါပဲ။ တစ်ခါတစ်လေ ဆရာ/မရှေ့မှာလည်း အကျင့်ပါပြီး ပြောမိလေ့ရှိကြပါတယ်။ သူတို့အရွယ်တွေဟာ မိဘတွေထက်စာရင် သူငယ်ချင်းတွေ၊ ဆရာ/မတွေနဲ့ ပိုပြီးထိတွေ့နေရတာပါ။ သူတို့အချင်းချင်းကတော့ ဆုံးမလမ်းညွှန်ပေးတာ တစ်ခါမှ မမြင်ဘူးပါ။ အဓိက ဆုံးမလမ်းညွှန်ပေးရမယ့်သူတွေဟာ ဆရာ/မတွေပဲ ဖြစ်ပါတယ်။ ဆရာ/မတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ဆုံးမလမ်းညွှန်မှု မပေးနိုင်ခဲ့ရင် ဒီကလေးတွေဟာ ဒီလိုရိုင်းစိုင်းတဲ့ အပြောအဆိုတွေမှာ ကျင့်သားရပြီး နောက်ဆိုရင် အကျင့်တစ်ခုဖြစ်သွားတော့မှာပါ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။