Shark ဆိုတဲ့ ကြေးဝါရောင်ဗူးလေးထဲက
အရည်တွေကိုသောက်ပြီးရင်
"လန်းသွားတာပဲကွာ"ဟုလူတွေပြောပြောသွားတာကို
အောင်ဘု အလွန်စိတ်ဝင်စားသည်..
သူသောက်ဖူးသော ဇီးဖျော်ရည် မကျည်းဖျော်ရည်ထက်
အရသာပိုရှိသည့်အပြင် အားတိုးပြီးလန်းဆန်းသည်ဆိုသော
Shark တစ်ဗူးမျှ သောက်ခွင့်ရရေးမှာ
အောင်ဘု၏ မဟာရည်မှန်းချက်ကြီးပင်ဖြစ်ပါသည်..
ဒီစားသောက်ဆိုင်မှာ အောင်ဘု စားပွဲထိုးတာ တစ်လပြည့်တော့မည်..
လစာထုတ်ရင်တော့ အမေ့ကိုခွင့်တောင်းပြီး
Shark တစ်ဗူးလောက်တော့ ဝယ်သောက်မည်ဟု
အောင်ဘု အားခဲထားသည်..
ဝတုတ်ကတော့ Shark တစ်ဗူးထက်မကသောက်ဖူးကြောင်း
အောင်ဘုကို လာလာကြွားသည်..
အရသာက ရှတတနဲ့ တစ်ဗူးလောက်သောက်ပြီးရင်
နေလို့ထိုင်လို့ လန်းသွားလှကြောင်း Shark ဋီကာလာလာဖွင့်ပြတာကို အောင်ဘု အလွန်ခံပြင်းလှသည်..
စားပွဲထိုးခြင်းအတူတူ ဝတုတ်က Shark သောက်ဖူးပြီး
သူက မသောက်ဖူးတာကို ခံရခက်လွန်းသည်..
အေးလေ..ဒီကောင်က စားပွဲထိုးလုပ်တာ ၃ လကျော်ပြီကိုးဟုသာ
အောင်ဘုဖြေနေရသည်..
ဒါ့အပြင် တစ်ခုဖြေသာစရာရှိသေးသည်က ဝတုတ်သည်
Shark ကို ဝယ်သောက်ခြင်းမဟုတ်..
ဆိုင်ကိုလာစားသောက်သည့် ဖောက်သည်တွေ
စားသောက်ပြီးကျန်သည့် Shark ဗူးထဲမှ အကျန်များကို
ယူသောက်ခြင်းဖြစ်သည်..
သူကတော့ တစ်ဗူးလုံးကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်သောက်မှာဟု အောင်ဘု မကြာခဏကြုံးဝါးသည်..
စားသောက်သူများ စားပြီးသောက်ပြီး အကျန်များကို
ဆိုင်ကစားပွဲထိုးတွေ အလုအယက်ယူစားတိုင်း
အောင်ဘုမပါ..အောင်ဘု အလွန်ရွံတတ်ပါသည်..
သန့်သန့်ပြန့်ပြန့်လည်းနေသည်..
တစ်ချို့စားသုံးသူများက အစားအစာကို
သန့်သန့်ရှင်းရှင်းစားတတ်သော်လည်း တစ်ချို့က
အလွန်ညစ်ပတ်လှသည်..
ဟိုတစ်လောက ကုန်းဘောင်ကြီးကြော်တစ်ပွဲမှာ
တစ်ဝက်လောက်ပဲစားသွားပြီး ကျန်တဲ့ကုန်းဘောင်ကြီးကြော်
ပေါ်ကို တစ်ရှုးတွေ သွားကြားထိုးတံတွေ ထည့်သွားကြသည်..
ဝတုတ်တို့တွေကတော့ ထိုတစ်ရှူးများ ၊ သွားကြားထိုးတံများကိုဖယ်၍
ကုန်းဘောင်ကြီးကြော်ကို ယူစားကြသော်လည်း
အောင်ဘုမှာတော့ သူတို့ကိုကြည့်ပြီး အန်ချင်၍မဆုံး..
သူများစားကြွင်းစားကျန်စားရင် ဘုန်းနိမ့်တတ်သည်ဟု
အမေကပြောထားဖူးသည်..
ဒီနေ့တော့ လစာထုတ်ရက်ဖြစ်သည်..
ဆိုင်ရှင်ဆီမှာ အမေလစာလာထုတ်ရင်တော့ Shark တစ်ဗူးဝယ်တိုက်ခိုင်းရမည်..
ယနေ့သည် အောင်ဘုနေ့ဖြစ်စေရမည်..
ဒီနေ့စားပွဲထိုးရတာ အောင်ဘုတစ်ယောက် မြူးလှသည်..
သို့သော် ညနေစောင်းသည်အထိ အမေပေါ်မလာပါ..
ဆိုင်ရှင်ကိုမေးကြည့်တော့မှ အမေကသုံးလစာကြိုယူသွားကြောင်း
သိရသည်..
သွားပြီ..
လှိုက်ခနဲစို့တတ်လာသောမျက်ရည်များကို
ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း မျက်လုံးက Shark ဗူးတွေဆီရောက်သွားသည်..
ရေခဲသေတ္တာထဲမှ ရေခဲမှုန်လေးများသီးနေသော Shark ဗူးများသည် အောင်ဘုကိုလှောင်နေသလိုလိုပင်..
Shark သောက်ချင်တာကတစ်မျိုး
ဝတုတ်လှောင်မှာစိုးတာကတစ်မျိုးနဲ့ အောင်ဘု ဝမ်းနည်းသွားသည်..
တော်သေးတယ် ဝတုတ်က ဆိုင်နောက်မှာ ပန်းကန်ဆေးနေလို့..
"ရှင်းမယ်ဟေ့"
အောင်ဘု ကြာကြာဝမ်းမနည်းအားပါ..
တစ်ဝိုင်းကရှင်းမယ်ဆိုတာနဲ့ ဘောင်ချာလေးယူပြီး
ထိုဝိုင်းသို့ ပြေးသွားပါသည်..
"Shark 3 ဗူးနဲ့ ထမင်းကြော် 3 ပွဲ
၈ထောင် ကျပါတယ်အကို"
ငွေရှင်းပြီး ထိုသုများ ထသွားသောအခါ
သိမ်းဆည်းရန်အတွက် စားပွဲပေါ်မှ စားပြီးသားပန်းကန်များနှင့်
Shark ဗူးကိုကိုင်လိုက်ချိန်မှာတော့ အောင်ဘု ရင်တွေ
တဒိုင်းဒိုင်း ခုန်သွားပါတော့သည်..
လက်ထဲတွင် နင့်ခနဲပါလာသော Shark တစ်ဗူးမှာ
တစ်ဝက်ကျော်ကျော်လောက်ကျန်သေးသည်..
အနားကိုကြည့်လိုက်တော့ ဟိုကောင်ဝတုတ်တို့တွေ
တစ်ယောက်မှမရှိ..အိုကေ..
ထို Shark ဗူးကိုကိုင်ပြီး ဆိုင်နောက်သို့ အောင်ဘုပြေးသွားပါသည်..
"ဟေ့ယောင်ဒွေ ဟေ့ယောင်ဒွေ"...ဟု
ဝတုတ်တို့ကို အောင်နိုင်သူတစ်ယောက်ရဲ့လေသံဖြင့်
လှမ်းခေါ်လိုက်သည်..
"ဒီမှာ..ကွ..လစာထုတ်လို့ငါဝယ်လာတာ.ဟဲဟဲ ဟဲဟဲ"
လက်ထဲက Shark ဗူးကို မြှောက်ပြလိုက်သည်..
ဝတုတ်တို့ရဲ့ အားကျသောအကြည့်များကို မသိယောင်ဆောင်ရင်း
လက်ထဲမှ Shark ဗူးကို ဟန်ပါပါနဲ့ မော့သောက်လိုက်ချိန်မှာတော့
" ဝေါ့ "
ထင်သလို ခပ်ရှရှအရသာမျိုးမဟုတ်ပဲ
အော်ဂလီဆန်စရာ ချွဲပြစ်ပြစ်ကြီးဖြစ်နေလို့
ပြန်ထွေးထုတ်လိုက်တဲ့အခါ ကွမ်းတံတွေးတွေသာ
ကျလာပါတော့သည်..
Shark ဗူးကိုသောက်ပြီး ဟိုလူတွေက ကွမ်းတံတွေးတွေ ပြန်ထွေးထည့်သွားခြင်းဖြစ်ပါသည်..
တဝေါ့ဝေါ့နှင့် အောင်ဘုအန်ပါတော့သည်..
အန်ရင်းနဲ့လည်း ငိုသည်..
အောင်ဘု ဝမ်းနည်းရှက်ရွံ့လွန်းစွာ ငိုကြွေးပါသည်..
သူ့ကို ဟိုကောင်တွေတော့လှောင်ကြတော့မည်ဟု ထင်လိုက်မိသော်လည်း တကယ်တမ်း ဝတုတ်တို့မလှောင်ပါ..
အောင်ဘုကျောကုန်းကို လာနှိပ်ပေးပြီး ရင်ဘတ်မှာပေနေသော
ကွမ်းတံတွေးများကို ဘဝတူခြင်း စာနာနားလည်စွာဖြင့်
လာသုတ်ပေးကြပါသည်..
ထိုနေ့က စားပွဲထိုးကောင်လေးတွေ စုပြီး
အောင်ဘုကို Shark တစ်ဗူးဝယ်တိုက်ကြပါသည်..
တခြားသူများအတွက် ခွန်အားတိုးသည်ဆိုသော
Shark ၏ ရှတတ အရည်များသည်
အောင်ဘုလည်ချောင်းတစ်လျောက်
သိမ်ငယ်နာကျင်လွန်းစွာ စီးဆင်းသွားပါတော့သည်...
......
Base on true story..
#Soehtike
ကိုစိုးထိုက်(ဖဒို)
18.1.2017