မောင်ချောနွယ် ဆယ့်သုံးနှစ်ပြည့်နှင့် တိုက်တိုက်ဆိုင်ဆိုင် အခုတစ်လော မောင်ချောနွယ်ကဗျာ တစ်ကြောင်း စိတ်ထဲ ပြန်ပြန်ရွတ်မိနေတယ် ။
ကျောင်းတက်တုန်း second year လောက်ကတော့ ဒီစာသားတွေ အားတိုင်းပြောဆို ရွတ်ဖတ်ခဲ့တာပေါ့
" လူတွေရဲ့အပြုံးမှာ ကုန်ဈေးနှုန်းတွေပါတယ်အမေ " တို့
" သူများကိုထိုးဖို့ ကိုယ့်မှာမေးရိုးရှိရတယ် " တို့ စသဖြင့် ကျနော်တို့သူငယ်ချင်းတစ်စု စကားထဲမှာထည့်ထည့်ပြောတတ်ကြ တယ်။
အခုပြန်ပေါ်လာနေတဲ့စာသားက " ဧည့်ခန်းနှင့် အင်္ကျီကောင်းမှ ဆက်ဆံတတ်တဲ့လူတွေရဲ့သဘောထားကို သား တူးတူးခါးခါးမုန်းတယ် အမေ " တဲ့။ ကျောင်းသားဘဝတုန်းကတော့ ဝတ်ချင်စားချင်တဲ့အရွယ် ။ အင်္ကျီဘောင်းဘီကလည်း ကောင်းကောင်းကန်းကန်းမရှိ ဆိုတော့ ဒီကဗျာစာသားတွေနှင့်ပဲ လုံခြုံခဲ့ရတာပေါ့။ လူငယ်တစ်ယောက်ရဲ့လောကဓံကို မောင်ချောနွယ်ရဲ့ ကဗျာကတုတ်ကျင်းထဲကနေပြီး ခုခံကာကွယ်ခဲ့ရတာပေါ့။
ဒါပေမဲ့ အဲ့ဒီတုန်းက အင်္ကျီကောင်းပဲ သိတာ။ ဧည့်ခန်းကောင်းကောင်းဆိုတာ ကိုယ့်အတွက် မက်စရာလို့ကိုမထင်တာ။ ကိုယ့်ရွာမှာကလည်း ဧည့်ခန်းကောင်းကောင်းမပြောနှင့် ဧည့်ခန်းတောင်ရှိတာမဟုတ်ဘူး ။ကျောင်းတက်လို့ အဆောင်နေတော့လည်း ဧည့်ခန်းရယ်လို့မရှိဘူး ။သူငယ်ချင်းတွေလာရင် အဆောင်ရှေ့ကခုန်တန်းပေါ် ထိုင်ကြတာပဲ။ဧည့်ခန်းကောင်းမှ လာမယ်ဆိုတဲ့ကောင်လည်း တစ်ယောက်မှမရှိဘူး။
အဲ ဒါပေမဲ့ အခုတလော ဧည့်ခန်းကောင်းကောင်း လိုချင်တဲ့စိတ်တွေဖြစ်ဖြစ်နေတယ်။ ဖြစ်ပုံကဒီလို။ ဟိုတစ်လောက ရေဘေးအလှူအတွက် ဆရာကြီးတွေရဲ့ပန်းချီကားလေးတွေလက်ဆောင်ရလိုက်တယ်။ ဆရာဦးခင်မောင်စန်း ဆရာဦးမာလာ တို့ ဆွဲပေးတဲ့ရေဆေးကားလေးတွေပေါ့။ ပုံမှန်ဆို ဒီဆရာကြီးတွေရဲ့ကား ဘယ်အနားကပ်နိုင်ပါ့မလဲ။ ရေဘေးအလှူမို့ ကိုး။ အဲ့ဒါနှင့် ဘောင်တွေဘာတွေကောင်းကောင်းလေးခတ် လိုက်တော့ အတော်ခန်းနားသွားတယ်ဗျ ။ အဲ့ဒီမှာ မိတ်ဆွေတစ်ယောက်ကပန်းချီကားတွေကြည့်ပြီးပြောတာ " ဟာ မိုက်တာဗျာ ဧည့်ခန်းကောင်းကောင်းမှာချိတ်လိုက်ရရင်တော့ ရှယ်ပဲ " တဲ့။ အဲ့ဒီရောက်မှ ကိုယ့်မှာ ဧည့်ခန်းကောင်းကောင်းမရှိတာသတိရ နောက်ထပ်လောကဓံတစ်ခု ထပ်တိုးလာ အရင်တုန်းကရွတ်ရွတ်နေတဲ့ ကဗျာကို သတိရ
ပြောချင်တာက ဒီတစ်ခါလည်း ကျနော့ကို မောင်ချောနွယ် ကယ်တင်သွားတဲ့အကြောင်းပါ။ ။
အားလုံးပျော်ရွှင်ကြပါစေ
Smt 33
Min Min Thant
Monywa