ဒလန့်ချွန်ရွာ
ဤရွာကလေးအကြောင်း မှတ်တမ်းတင်ဂုဏ်ပြုရေးသားရသည်မှာ ရွာကလေး၏ ကျေးဇူးတရားကြောင့်ဖြစ်ပါသည်။ ဤရွာသည် ကျေးဇူးရှိသည်ဆိုသဖြင့် ကျွန်တော်မွေးရပ်မြေလားဟု မထင်ပါလေနှင့် ကျွန်တော်က ပြည်မြို့သားဖြစ်ပြီး ဤရွာ ကလေးက တောင်တွင်းမှနေပြည်တော်ရထားလမ်းပေါ်တွင်ရှိပါသည်။ကျွန်တော်သည် ပြည်မြို့သားဆိုသော်လည်း ကျွန်တော် ၏ အလုပ်တာဝန်မှာ နေပြည်တော်တွင်ကျပါသည်။နေပြည်တော်ဝန်ထမ်းများသည်။ တစ်ပတ်တစ်ကြိမ် အိမ်လွမ်းတတ်ကြ သဖြင့် သောကြာနေ့ဆိုလျှင် ကားများပြည့်ကြပ်သွားတတ်သလို တနင်္ဂနွေနေပြည်တော်ကားများလည်း အလွန်ကြပ်တတ် သည်။ ကြားရက်များဆိုလျှင်တော့ ကားများမှာလူချောင်လွန်းသဖြင့် ကားအုံနာကိုပင်လျှင်သနားဂရုဏာသက်မိလေသည်။
တစ်နေ့တွင်ကျွန်တော် ပြည်မှနေပြည်တော်အပြန်ကားကြပ်သဖြင့် အလွန်တရာနှေးကွေးလှသော အနှေးရထားကို စီး၍ ပြန်ခဲ့မိသည်။ထိုနေ့ကပင် “ဒလန့်ချွန်ရွာ”ကလေး၏ ထူးခြားလှသော သဒ္ဒါတရားနှင့် မြန်မာဆန်မှုကို မြင်တွေ့ခွင့် ရခဲ့ပေ သည်။ရထားစီးရန် မနက်စောစောထရ၏။ပြီးလျှင် Light Truct ကားဖြင့် ဘူတာကြီးရှိရာသို့စီးရသည်။ ရထားသည် နံနက် ၆ နာရီတွင် ဘူတာကြီးမှစတင်၍ တရွေ့ရွေ့ခုတ်မောင်းထွက်ခွာသည်။ ရထားပေါ်တွင် ထိုင်စရာ ဘေးတန်းနှစ်ခုပါရှိသော်လည်း။ ထိုင်နေကြသူများဖြင့် ပြည့်နေပြီ။ သင့်လျော်သလို မတ်တပ်ရပ်လျက်သာ စီးနင်းလိုက်ပါခဲ့ရပါသည်။ ဘူတာတစ်ခု ရောက် တိုင်း ဈေးသယ်ကလေး၏ အသံဆာဆာကလေးများဖြင့် အော်ဟစ်ဈေးရောင်းနေသံများကိုကြားရသည်။ တစ်ဘူတာတွင် ခေတ္တနားပြီးလျှင်တစ်ဘူတာကိုဆက်ထွက်ခွါလာသည်။ ရထားကြီးသည် ရွာများအစဉ်အတိုင်းဖြတ်သန်းရင်း တကြုတ်ကြုတ်၊ တကြိတ်ကြိတ် မြည်လျက် ချီတက်လာခဲ့ရာ ရထားပေါ်တွင် ပုခက်လွှဲသိပ်သကဲ့သို့ဖြစ်နေပြီး တငြိမ့်ငြိမ့်မို့ မတ်တပ်ရပ်စီး နင်းလိုက်ပါလာသော ကျွန်တော်ပင်လျှင် အိပ်ငိုက်သလိုဖြစ်လာခိုက် ရထားဆက်သွားလို့မရတော့ဘူးဟူ တစ်စုံတစ်ယောက် ၏အော် လိုက်သံကြောင့် လန့်သွားမိလေသည်။ရထားသည် တငြိမ့်ငြိမ့်ဖြင့်သွားနေရာမှ ရပ်သွားပြီ။ လူအချို့ရထား ပေါ်မှ ဆင်းကြပြီးအခြေအနေစုံစမ်းနေကြသည်။ ကျွန်တော်လည်းဆင်း၍ စုံစမ်းရသည်။
ရှေ့မှာ မိုးလေတိုက်သဖြင့် သစ်ပင်ကြီး ၁၀ ပင်ခန့် လဲကြပြီး ရထားလမ်းပိတ်ဆို့နေပြီဆိုပါ၏။ ဘုရားဘုရား ခလုတ် ထိမှ ဘုရားတမိသည်။နေပြည်တော်သို့ သည်နေ့ပြန်မရောက်နိုင်လျှင် မနက်ဖန်ရုံးမတက်နိုင်လျှင် ဒုက္ခ။ အလုပ်တွေ အများ ကြီးရှိသည်။ ရထားရပ်နားလိုက်သောနေရာသည် “ဒလန့်ချွန်ကျေးရွာ”ဘူတာဖြစ်သည်။ရထားဆက်မသွားနိုင်သဖြင့် လူများ အားလုံးလောက်နီးပါးရထားပေါ်မှဆင်းလာကြသည်။ ခဏကြာလျှင် ရထားလမ်းပေါ်ပြေးသည့် ထော်လီကလေးနှစ်စီးထွက် လာသည်။ထော်လီပေါ်တွင် ရွာသားများနှင့်ဘူတာရုံဝန်ထမ်းအချို့လိုက်ပါလာကြသည်ကိုတွေ့ရသည်။ရွာသားများ၏ လက်ထဲ တွင် ဓါးများ၊ကြိုးများ ကိုယ်စီပါလာကြသည်။သူတို့သည် ရထားဝန်ထမ်းများနှင့်အတူ လမ်းပိတ်နေသည့် လဲကျသစ်ပင်များကို ခုတ်ထွင်ရှင်းကြမည်ဆိုပါသည်။ အဆိုပါ “ဒလန့်ချွန်ကျေးရွာ”ကလေးသို့ရောက်ရှိသည်မှ ညနေ ၅ နာရီခန့်ဖြစ်ပါသည်။ ဘယ်ဝယ်ဘယ်ဆီအထိသွားရောက်၍ သစ်ပင်များရှင်းလင်းကြရမည်လည်းမသိ။ ည ၇ နာရီခန့်ရောက်လျှင် ဗိုက်ကဆာလာ ပြီ။ ထိုအချိန်တွင် မည်သို့မျှထင်မှတ်မထားသော ဤရွာကလေး၏ ချစ်ဖွယ်ကောင်းသည့် ဓလေ့လေးကိုတွေ့မြင်ခဲ့ရခြင်းဖြစ်ပါ သည်။ရွာလူကြီးက အသံချဲ့စက်ဖြင့် နိုးဆော်လိုက်သည်နှင့် ရွာသူရွာသားများသည် တစ်အိမ်တစ်ယောက်ထွက်လာကြပြီး ထမင်းထုတ်များ လိုက်လံဝေငှကြခြင်းဖြစ်သည်။မရရှိသူမရှိရ။ ဟင်းပေါင်း အိုးအကြီးကြီးတွင် ဟင်းမျိုးစုံလာထည့်ကြသည်။ ကျွန်တော်ဆိုလျှင် အတူလာသူတစ်ယောက်၏ အသိက ဤရွာတွင်ရှိသဖြင့် အိမ်သို့ပင်ခေါ်ဆောင်၍ ရေချိုးထမင်းစားခိုင်း သည်ကို ကြုံခဲ့ရသည်။ အားလုံးထမင်းမစားရသူတစ်ယောက်မျှပင်မရှိပါ။ ရထားတစ်စီးလုံးတွင် လူတစ်ရာ့ငါးဆယ် နှစ်ရာလောက်ပင်ရှိမည်ထင်သည်။ ချစ်စရာမြန်မာရွာကလေး။ ဤရွာကလေး၏ ကျေးဇူးတရားကို ကျွန်တော် ယနေ့တိုင် မမေ့နိုင်ပါချေ။ ဆယ်နှစ်ပင်ကျော်လွန်ခဲ့ပါပြီ။
ရေးသားသူ-မင်းစိုးနိုင်
Photo - Google