နွယ်ချိုကို ဆေးဘက်ဝင်သည်ထက် ငယ်ငယ်က ကွမ်းယာအချိုစားသူများ၏ကွမ်းယာထဲတွင် ထည့် ပေးတတ်ကြောင်းသိခဲ့သည်။ ကွမ်းယာကို သူများတကာလို ဆေးရွက်ကြီးထည့်စားသည်ကို မကြိုက် သော်လည်း ကွမ်းယာအချိုကိုတော့ အလွန်ကြိုက်ခဲ့သည်။ ကွမ်းယာအချိုထဲတွင် နွယ်ချို၊ စမုံစပါး၊ ကျောက်ဖရုံယို၊ အုန်းယို စသည်ဖြင့်ပါရှိရာ ချိုမွှေးပြီးစားလို့အလွန်ကောင်းသည်။ နောက်ပိုင်းမှာ ကွမ်းယာအချိုရောင်းသူ ရှားပါးသွားပြီး။ မစားရတာလည်းကြခဲ့ပါပြီ။ ရန်ကုန်ရောက်လျှင်တော့ လမ်း ဘေးမှာ ကွမ်းအချိုရောင်းသူများရှိနေသေးသဖြင့် တစ်ခါတစ်ရံစားရတတ်သည်။
နောက်ပိုင်းတွင် ကွမ်းယာအချိုတွင်မက အစာအိမ်ဆေးများတွင်လည်း နွယ်ချိုကိုထည့်သွင်းဖေါ်စပ် သည်ဟုကြားဖူးခဲ့သည်။ နွယ်ချို၊ ပျားရည်၊ ဆနွင်းတို့ ရောစပ်ထားသည့် ဆေးသည် အစာအိမ်နာ ကိုနိုင်သည်ဟုသိလာရပြန်သည်။ ဆေးကျမ်းအချို့ကိုလေ့လာသောအခါတွင်မူ နွယ်ချိုသည်ကျွန်တော် သိထားသည်ထက်များစွာ အသုံးဝင်လှသည်။သူ၏အချိုသည်သကြားထက်ချိုပြီး ကမ္ဘာ့နေရာအချို့ဒေ သများတွင် သကြားလုံးအဖြစ်ကလေးများစားသုံးကြသည်။
နွယ်ချိုတွင် အက်ဒရီနယ်ဂလင်းမှထုတ်သည့် အက်ဒရီနယ်ကော်တီကယ်ဟော်မုန်း(Adnenal Cortical Houmones)နှင့် တူသည့် ဓာတ်ပေါင်းများစွာပါဝင်သည်။ ထို့အပြင် နွယ်ချိုသည် ခုခံစွမ်းအားစနစ်ကို မြင့်မားစေသည်။ အသည်းရှိမလိုလားအပ်သောပစ္စည်းများ ၊ အဆိပ်များကိုဖယ်ရှားပေးသည်။ နွယ်ချို သည်အဆုတ်အားဆေးလည်းဖြစ်၏။နွယ်ချို သည်အစာကြေစေ၏။အားတိုးဆေးလည်းဖြစ်သည့်အပြင် Aswagamdha ကဲ့သို့သော ပရဆေးများထက် အရသာရှိ၏။ ဝမ်းဗှိုက်နှင့်ခြေထောက်ရှိကြွက်သားများ ၏တင်းမာမူကို လျော့စေ၏။ ဝမ်းပျော့စေ၏။
နွယ်ချိုကို လည်ချောင်းနာခြင်း ၊ လည်ချောင်းခြောက်ခြင်း၊ လေအိုးပတ်ဝန်းကျင်တစ်ဝှိုက်ရောင်ရမ်း ခြင်းများ ကုသရတွင်လည်းအသုံးပြုသည်။နွယ်ချိုသည်အဆုတ်ကိုစွတ်စိုစေပြီး၊ ချွဲကိုအရည်ပျော်စေ သဖြင့် ချောင်းခြောက်ဆိုးခြင်းကိုသက်သာစေ၏။ အအေးမိခြင်းနှင့် တုပ်ကွေးရောဂါအတွက် နွယ်ချို ဖြင့်ကုသနိုင်သည်။ နွယ်ချိုသည် အက်ဒရီနယ်ဂလင်းအား တည်ဆောက်သူ၊ အဆုတ်ကိုအားတိုးစေ သူ၊ ပန်းနာရင်ကျပ်ကို ကောင်းစွာတိုက်ဖျက်နိုင်သူဖြစ်သည်။ဓာတ်ခွဲစမ်းသပ်မှုများအရ နွယ်ချိုတွင်ပါ ဝင်သည့် ဒာတ်ပေါင်းများတွင် ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်သည့် အစွမ်းသတ္တိများပါဝင်သည်ကို တွေ့ရှိရသည်။ ထိုဓာတ်ပေါင်းများမှာ Glyeyuhizin, Glyeyrrketinic acid, Phends, Triterpenrids နှင့် Saponins တို့ဖြစ်ကြသည်။
Glyeyuhizin သည် လူခန္ဓာကိုယ်တွင်ရှိသည့် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားတို့၏ ကြီးထွားမှုကို တားဆီးနိုင်သည်။ Glyeyrrketinic acid သည် လူ့ခန္ဓာကိုယ်ရှိ ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များ၏ ကြီးထွားမှုကို ဟန့်တားနိုင်ပြီးရောင်ရမ်းခြင်းကိုလည်းကာကွယ်နိုင်သည်။ Saponins သည် ခန္ဓာကိုယ် ၏ ပဋိပစ္စည်းများထုတ်လုပ်မှုကို မြင့်မားစေပြီး၊ အင်တာဖာရွန် Interferon ထုတ်လုပ်မှုကိုတိုး တက် စေ၏။ တိရိစ္ဆာန်များဖြင့်ပြုလုပ်သော စမ်းသပ်ချက်အရ နွယ်ချိုသည် ရင်သားကင်ဆာကို တားဆီးနိုင် သည်ဟုသိရသည်။ အသည်းအင်ဇိုင်းများကို ရုတ်တရက်များပြားလာစေပြီး၊ အကျိတ်ဖြစ်စေနိုင်သည့် အက်စထရိုဂျင်များကို လျော့စေခြင်းကြောင့် ရင်သားကင်ဆာကိုတားဆီးနိုင်ခြင်းဖြစ်သည်။
နွယ်ချိုသည် အမျိုးသားတို၏ ပရိုဂျက်စတီရုန်း ဟော်မုန်းထုတ်လုပ်မှုကို အထောက်အပံ့ပေးပြီး ထိန်းချုပ်ပေးသည်။ ဤသို့ ပြုလုပ်ပေးမှုကြောင့် အမျိုးသမီးတို့၏ ဓမ္မတာခွင်အတွင်း၌ ဖြစ်တတ်သည့် ဖော်ပြန်မှုများကို ကာကွယ်ပေးနိုင်သည်။
နွယ်ချိုသည် သွေးဖိအားကိုမြင့်တက်စေသည်ဆိုသောကြောင့် သွေးတိုးသမားများအတွက်မူ သတိဖြင့် စားသုံးသင့်သည်။ အချိုဓာတ်ဖြစ်သော်လည်း သွေးချိုကိုမူ မဖြစ်စေတတ်ပေ။
နွယ်ချိုနှင့်ပတ်သက်၍ ဆေးအသုံးများစွာရှိပါသေးသည်။ ဤနေရာသည်ဆေးကျမ်းရေးသားသည့်နေ ရာဟုမယူဆသဖြင့် ဗဟုသုတအလို့ငှါသာရေးသားဖော်ပြပေးခြင်းဖြစ်ပါသည်။
ကျမ်းကိုး - ဆရာမြင့်(စကြာမင်း)၏ သဘာဝဆေးပင်များ။နှင့် Internet
ဖတ်ရှုသူအပေါင်းအားကျေးဇူးတင်စွာဖြင့်
မင်းစိုးနိုင်
MSC-010