Day 3 နံနက်ပိုင်း
photo by moe wai (kamawet)
နံနက်ပိုင်းရောက်တော့ ဗီယက်နမ်တိုက်ကွမ်ဒို လေ့ကျင့်ခန်းလုပ်ပြပြီး ကျွန်မတို့ မြန်မာကလူတွေလည်း လိုက်လုပ်ကြပါသည်။ ပြီးတော့နံနက်စာ စားကြပါတယ်။ အဲဒီမှာ ထူးဆန်းတဲ့အကြောင်းတွေကို ပြောပြချင်ပါတယ်။ ရွှေဖရုံသီးကို အမှုန့်ကြိတ်ပြီး အဆီမပါဟင်းချို ချက်ကျွေးပါတယ်။
ပုဇွန်ကို လတ်လတ်ဆတ်ဆတ် ခရီးသည်တွေအရှေ့မှာ မီးဖုတ်ကျွေးပါတယ်။ ငါးကိုလည်း ညကတည်းက သဘောင်္ပေါ်မှ ၀န်ထမ်းတွေကိုယ်တိုင် ငါးမျှားပြီး ရှာကျွေးတဲ့ လတ်ဆတ်တဲ့ငါးကို စားခဲ့ရပါတယ်။ သူတို့ဆီမှာ ချက်ကျွေးတဲ့ ဟင်းလျာတိုင်းမှာ ဆီမပါတာ များပါတယ်။ စားပွဲထိုး ကောင်လေး ငယ်ငယ်ကမြန်မာစကားကို အနည်းငယ်သင်ယူခဲ့ပါတယ်။ ကျွန်မတို့ကလည်း သူ့ဆီက ဗီယက်နမ်စကား အနည်းငယ် သင်ယူခဲ့ပါတယ်။
photo by moe wai (Kamawet)
နံနက်စာစားပြီးတော့ ရေကူးလို့ရမဲ့ ရေငြိမ်တဲ့ပင်လယ်ရေပြာဆီကို စပိဘုတ်နဲ့ ပို့ပေးပါတယ်။ ဟိုရောက်တော့ ရေပေါ်ဘော တစ်ခုပေါ်တွင်စုကြပြီး ရေကူးတတ်တဲ့လူတွေက ဆင်းကူးကြပါတယ်။ အရမ်းကို သာယာလှပတဲ့ ရေပြာနဲ့ ကျွန်းပတ်လည်ဝိုင်းနေတဲ့ နေရာကလေးပါ။ ကြည်နူးလှပတဲ့ နေရာကလေးက အရမ်းကို လွမ်းမောစရာပါ။
photo by moe wai (kamawet)
လှေလှော်တတ်တဲ့သူတွေက လှေလှော်စီးကြပါတယ်။ နိုင်ငံခြားသားတော်တော်များများက ရေကူးဝတ်စုံအပြည့်နဲ့ ရေကူးကြပါတယ်။ ရေကူးပြီးတော့ သဘောင်္ဆီကို ပြန်လာခဲ့ပါတယ်။
photo by moe wai (kamawet)
သဘောင်္ပေါ်ရောက်တော့ check out လုပ်ကြပါတယ်။ စားပွဲထိုးကောင်လေးက ၀မ်းနည်းစွာ ကျွန်မတို့ group မှ မြန်မာမိန်းမပျိုငယ်လေးကို နှုတ်ဆက်နေတာ တွေ့ခဲ့ရပါတယ်။
Day 3 မွန်းလွဲပိုင်း
photo by moe wai(kamawet)
ကျွန်းပတ်လည်ဝိုင်းနေတဲ့ ဟလောင်းပင်လယ်အော်ကို နှုတ်ဆက်ပြီး ခရီးဆက်ခဲ့ပြန်ပါတယ်။
photo by moe wai (kamawet)
နေ့လည်ပိုင်းအစ ဦးဆုံးရောက်ရှိတဲ့ နေရာကတော့ ၀ါးများနဲ့ လုပ်ထားတဲ့ shopping mall ကို စရောက်ခဲ့ပါတယ်။ ၀ါးနဲ့ပြုလုပ်ထားတဲ့ ထုတ်ကုန်များကို တွေ့ခဲ့ရပါသည်။ စစ၀င်ချင်းတွင် ခန်းမထဲကို စနစ်တကျဝင်ရောက်ရပြီး ထိုင်ခုံနေရာနဲ့ အသေအချာတန်းစီ ထိုင်ခိုင်းပါတယ်။ ကျွန်မတို့လမ်းညွှန်ကို ဗီယက်နမ်ဘက် လမ်းညွှန်က အင်္ဂလိပ်လို ရှင်းပြပြီး ကျွန်မတို့လမ်းညွှန်က ကျွန်မတို့အားလုံးကို မြန်မာလို ပြန်ရှင်းပြပါတယ်။ ၀ါးနဲ့လုပ်ထားတဲ့သဘက်၊ သွားတိုက်ဆေး၊ အနှိပ်ကုထုံးမျိုးစုံကို လက်တွေ့ ပြသပေးခဲ့ပါတယ်။ ကျွန်မတို့လည်း လိုချင်သော ပစ္စည်းများ ၀ယ်ယူခဲ့ပါတယ်။
photo by moe wai (kamawet)
ဆက်၍ခရီးဆက်ပြီး ရောက်ရှိခဲ့တဲ့နေရာကတော့ မုတ်ကောင်ကနေ ပုလဲထုတ်လုပ်တဲ့နေရာပါ။ မုတ်ကောက်အရှင်က ပုလဲထုတ်ပြတာကို လက်တွေ့ကြည့်ခဲ့ရပါတယ်။ ပုလဲရတနာများကိုလည်း လှည့်ပတ်ကြည့်ခဲ့ပါတယ်။
photo by moe wai (kamawet)
ပုလဲရတနာဆိုင်မှ ထွက်ပြီးသော ဗီယက်နမ်ရိုးရာ အ၀တ်အထည်ဆိုင်ကို ရောက်ခဲ့ပါတယ်။ အစားအသောက်ရောင်းသည့်နေရာတွင် ထူးဆန်းသောအရာကို တွေ့ရပြန်ပါတယ်။ အဲဒါကတော့ ကြာပန်းကနေထွက်တဲ့ ကြာစေ့ကို ရောင်းနေပြီး ဈေးကြီးစွာ ၀ယ်စားရပါတယ်။ ကျွန်မတို့ မြန်မာပြည်က လယ်တောတွေမှာ ကြာပန်းတွေ အများကြီးပွင့်ပြီး ထွက်နေသော်လည်း ကြာစေ့လှော် ဖြစ်အောင် မည်သူမျှမလုပ်တတ်ကြပါလားလို့ တွေးမိသွားပါတယ်။
photo by moe wai(kamawet)
ညနေပိုင်းရောက်တော့ တည်းခိုမဲ့ဟိုတယ်ကို ရောက်ရှိခဲ့ပါတယ်။ ဟိုတယ်က 3 star ဟိုတယ် ဖြစ်ပြီး ပတ်ဝန်းကျင်အနေအထားက ကောင်းမွန်ပါတယ်။ ရေကိုလည်း နေရာတိုင်းမှာ ချွေတာသုံးရပါတယ်။ သောက်ရေကိုလည်း သူတို့ပေးသလောက် မလောက်ငှတော့ ၀ယ်သောက်ခဲ့ရပါတယ်။
photo by moe wai (kamawet)
စတုတ္ထအပိုင်းဆက်ပါမည်။
ဆန္ဒမွန်ဖြင့်
မိုးဝေ