တနေ့သ၌ ကျွန်တော် လ္ဖက်ရည်သောက်ရန် စက်ရုံမှ အင်းတကော်တာဆုံသို့ ဆင်းလာခဲ့လေသည်။ကျွန်တော် လ္ဖက်ရည်ဆိုင်သို့ ရောက်သောအခါ လမ်းဘက်သို့ မျက်နှာမူကာ ထိုင်လိုက်သည်။ထို့နောက် စားပွဲထိုး ညီလေးအား လ္ဖက်ရည် တစ်ခွက်နှင့် ဆေးလိပ်တပွဲမှာကာ လမ်းသွား လမ်းလာများအား ငေးမောကြည့်နေမိလေသည်။
credit image source
ထိုအချိန်တွင် တွဲကားတစီးသည် အကြောင်းကိစ္စအရေးကြီး၍လား စိတ်ကျန်းမာရေးမကောင်း၍လား မသိ လမ်းဆုံ နေရာနှင့်နီးနေသော်လည်း အရှိန်မလျှော့ပဲ ခပ်ပြင်းပြင်း မောင်းလာနေသည်။လမ်း၏တဖက်တွင်လည်း ဆိုင်ကယ်မောင်းသမားတယောက်သည် ငေးမောကာ လမ်းဆုံကို ဖြတ်ကူးရန်ပြင်နေလေသည်။
အရှိန်ပြင်းပြင်း မောင်းလာသော တွဲကားနှင့် ငေးမောကာ လမ်းဆုံကို ဖြတ်ကူးလာသော ဆိုင်ကယ်တို့ ရုတ်တရက် တစီးနှင့် တစီး တွေ့မြင်လိုက်သောအခါ ဆိုင်ကယ်သမားသည် ထိပ်လန့်အားကြီးစွာဖြင့် ပလက်ဖောင်းဘေးနားသို့ အမြန်တိုးကပ်လိုက်လေသည်။တွဲကားသမားသည်လည်း အလျှင်မြန် ဆိုင်ကယ်သမားကို ရှောင်လိုက်လေသည်။အရှိန်ကလည်းပါ တွဲကားလည်းဖြစ်သောကြောင့် ဆိုင်ကယ်နှင့်မတိုက်မိသော်လည်း တွဲကား၏နောက်တွဲသည် ဟန်ချက်မညီပဲ စောင်းသွားပြီး တိမ်းမှောက်မလိုဖြစ်သွားသည်။
ဤတွင် တွဲကားဆရာသည် ကားကို အလျှင်အမြန် ပြန်ထိန်းလိုက်ရာ နောက်တွဲသည် ပြောင်းပြန် စောင်းသွားပြန်သည်။ကားဆရာ နောက်တခါပြန်ထိန်းလိုက်မှ ကားသည် ပုံမှန်ပြန်ဖြစ်သွာလေသည်။ကားသည်လည်း အစကလို အရှိန်ပြင်းပြင်းမဟုတ်တော့ပဲ ပုံမှန်အရှိန်နှင့်ဆက်မောင်းသွားသည်။ဆိုင်ကယ်သမားလည်း ဖြေးဖြေးမောင်း၍ထွက်သွားသည်။
အကယ်၍တိုက်မိပါက ဆိုင်ကယ်သမားမှာ သေဖို့ရာခိုင်နှုန်းများသည်။ဆိုင်ကယ်သမား သေသွားလျင် သူ့ကို အားကိုးနေသော မိသားစုများ အားကိုးရာမယ့်ပေတော့မည်။တိုက်လိုက်သော ကားသမားမှာလည်း ထောင်ကျပေတော့မည်။ကားသမား၏ မိသားစုများ ဒုက္ခရောက်ပေတော့မည်။မည်သူမှ ကောင်းကျိုးမရှိပါကလား။တဒင်္ဂစိတ်ပေါ့လျော့မှုကြောင့် မပြီးဆုံးနိုင်သော နောင်တများ ဒုက္ခများ ခံစားရပေတော့မည်။
credit image source
၎င်းအဖြစ်ပျက်ကို ကြည့်၍ ကျွန်တော်ကားမောင်း သင်စဉ်က ဆရာပြောသောစကားကို အမှတ်ရမိသည်။ဆရာက ကျွန်တော့ကို"မြင့်လွင်စိုး စက်တက်ယာဉ် တွေမောင်းတဲ့ အခါ ဘယ်တော့မှ သတိလက်လွတ်မမောင်းနဲ့…စက်တက်ယာဉ်တခု မောင်းတဲ့အခါမှာ မျက်စိ နား နှာခေါင်း အထိတွေ့ နဲ့ စိတ်ကို အမြဲသတိရှိနေရမယ်…ဘာလို့လဲဆိုရင်…မျက်စိမလျင်ရင် ရုတ်တရက် ပေါ်လာမယ့် အန္တရာယ်ကို မမြင်နိုင်ဘူး…နားကလည်း ကိုယ့်ကားက ဘာသံတွေထွက်နေလဲ အမြဲနာစွင့်နေရမယ်…နှာခေါင်းက ကိုယ့်ကားက ဘာနံ့တွေထွက်နေလဲ ဘရိတ်ညှော်နေလား ကလပ်ညှော်နေလား စသဖြင့် အနံ့ကို သိနေရမယ်…အထိတွေ့ဆိုတာကတော့ ကိုယ့်ကားက မောင်းနေရင်းနဲ့ လူးနေလား…ဆွဲနေလား…စသဖြင့်သိနေရမယ်…နောက်ဆုံးအချက် စိတ်ကတော့ အရေးကြီးဆုံးပဲ…စက်တက်ယာဉ်မောင်းမည့်သူက စိတ်တိုနေတာမျိုး စိတ်အလိုမကျဖြစ်နေတာမျိုးဆိုရင် မမောင်းရဘူး…စိတ်တိုနေ စိတ်အလိုမကျဖြစ်နေသူတယောက်က စဉ်းစားဆင်ခြင်တုံတရားနည်းသွားတယ်…ကားကို ပုံမှန်ထက်ပိုပြီး မြန်မြန်မောင်းဖြစ်တယ်…အာ့ဆိုရင် ယာဉ်တိုက်မှုဖြစ်ဖို့များသွားပြီ…ယာဉ်တိုက်မှုဖြစ်ရင် ကိုယ်ကမသေရင်လည်း ဒုက္ခရောက်မယ်…ကိုယ့်ကိုမှီခိုနေသူတွေလဲ ဒုက္ခရောက်မယ်…အဲ့ဒါကြောင် စိတ်တိုနေရင် စိတ်အလိုမကျ ဖြစ်နေရင် ကားမမောင်းပါနဲ့…မတက်သာလို့ မောင်းရမယ်ဆိုရင်လဲ…ဝင်လေ ထွက်လေ (၅)မိနစ်လောက် မှတ်ပြီးမှမောင်းပါ…အဲ့ဒါဆိုရင် စိတ်တွေ နည်းနည်းတည်ငြိမ်သွားမယ်"ဟုဆုံးမဖူးသည်။
MSC မိသားစုများသည်လည်း စက်တက်ယာဉ်မောင်းသောအခါ မျက်စိ နား နှာခေါင်း အထိတွေ့ နှင့် စိတ်တို့ကို သတိရှိနိုင်ကြပါစေ။