သမီးကတတိယတန်းကျောင်းသူတစ်ယောက်ပါ။ သမီးအဖေက အစိုးရဝန်ထမ်း လခစားတစ်ယောက်ပါ။ အဖေက ရိုးအေးပြီး သူ့အလုပ်ကို သူမြတ်မြတ် နိုးနိုးလုပ်ပါတယ်။ အဖေက အပိုဝင်ငွေမရှာတတ်သလို ဝင်ငွေရတဲ့နေရာ မဟုတ်ပါဘူး။
သမီးတို့မှာ မောင်နှမ ခုနှစ်ယောက်ရှိပါတယ်။ သမီး က အငယ်ဆုံးအထက်ကပေါ့။ အဖေ့ဝင်ငွေနဲ့
မလောက်ငှတဲ့အခါ အမေက ဈေးရောင်းပါတယ်။ အဖေရိုးအေးသလောက်လအမေကထက်ပါတယ်။ သမီးတို့မောင်နှမတွေအားလုံး အဖေ့ကို ချစ်ပေမယ့် အမေ့ကိုတော့ ကြောက်ကြပါတယ်။
အမေက သူ့ရဲ့အချစ်ကို မဖော်ပြပါဘူး။ သမီးတို့
မောင်နှမတွေရဲ့ လိုအပ်ချက်ကို အမေကပဲ ဖြည့်ပေး တာပါ။ အဖေ့ကိုတော့ သူ့အလုပ်ပဲ အေးအေး
ဆေးဆေးလုပ်စေပါတယ်။ ကျမတို့အငယ်
နှစ်ယောက်ကို ကျန်မောင်နှမတွေထက် ပိုအလိုလိုက်ပါတယ်။
ကျောင်းက ရီပို့ကတ်ရရင် အဖေ့ကိုလက်မှတ်ထိုး
ခိုင်းရပေမယ့် စာမေးပွဲကျရင်တော့ အသေဆော်ပါတယ်။ အလိုလိုက်ခံရသလောက် အရိုက်ခံရတာလဲ သမီးတို့အငယ်နှစ်ယောက်ပါပဲ။ အကြီးတွေက သူတို့ ဖာသာသူတို့ အေးဆေးပါပဲ။
တခါတလေတော့လဲ တွေးမိတယ်။ အမေက ငါ့ကို သူများအမေတွေလို သမီးလို့ဘာလို့မခေါ်တာလဲ။ သမီးလို့သာမခေါ်တာ။ အမေက ကိုယ့်နာမည်ကို
အပြည့်ခေါ်လိုက်ရင် ပျာနေအောင် ကြောက်ရ
တယ်။ လောကဓံတွေ ပြည့်နေတဲ့အမေ့မှာ ဘယ်မှာ
နုညံ့နိုင်ပါ့မလဲပေါ့နော်။ အဲ့လိုတွေးမိပေမယ့် အမေ့ ဆီက နုညံ့တဲ့အပြုံးလေးရချင်မိတယ်။
အကြီးတွေနဲ့အရွယ်ကကွာတော့ သမီးတို့အငယ်
နှစ်ယောက်ပဲ အဖော်လုပ်ဆော့ရတာ။ မိုးရွာတဲ့ညများဆိုရင် အိမ်ရှေ့ခန်းမှာ ဆော့ရင်းနဲ့ အိပ်ပျော်သွားတဲ့အခါတွေဆို အဖေကကျမကိုချီ၊ အမေက ညီမကို ချီပြီး ခြင်ထောင်ထဲကို မနိုးအောင် သိပ်ပေးထား
တတ်တယ်။ ဒီလို ချီပြီးသိပ်ပေးတတ်မှန်းသိတော့
အိမ်ရှေ့မှာ ခဏခဏအိပ်တတ်လာတယ်။
တစ်ရက်တော့ ကျမနေမကောင်းဖြစ်တယ်။ ကျောင်းမသွားခင်တုန်းကတော့ ကိုယ်နည်းနည်းပူနေပေမယ့် အမေက ကျောင်းမပျက်ရဘူးဆိုတော့ ကျောင်း
တက်လိုက်တယ်။ ကျောင်းတက်နေရင်း ကိုယ်ပူရှိန်
တွေ တက်လာတယ်။ အမေ့ကိုလဲစိတ်ဆိုးမိတယ်။
နေမကောင်းပါဘူးဆို ကျောင်းကို ဇွတ်လွှတ်လို့။
ညနေ ကျောင်းဆင်းချိန်ရောက်တော့ ကျမမောဟိုက်တုန်ရီနေတယ်။ အိမ်နဲ့ကျောင်းက သိပ်မဝေးတော့
ကျောင်းပေါက်ဝမှာ အမေကကျမကိုလာကြိုနေ
တယ်။ ကျမကျေနပ်သွားတာပေါ့။ အမေ့ဆီက
နွေးထွေးမှုတွေ မေတ္တာတွေ ပိုလိုချင်လို့ ကျမ
နေမကောင်းတာဘယ်လိုခံစားရတယ်။ ဗိုက်ကနာ
တယ်။ အန်ချင်တယ် အဲ့လိုမျိုးတွေ ပိုပြောလိုက်
တယ်။
အိမ်ရောက်တော့ ကျမကို ကိုယ်ပူကျအောင် ရေပတ်တိုက်ပေး၊ မုန့်တွေကျွေး၊ ဆေးတိုက်လုပ်တာပေါ့။
ကျမပြောသလောက် မဆိုးဝါးပေမယ့် တကယ်လဲ ဖျားနေတာပါ။ ဆေးသောက်ပြီးတော့ ကျမလဲ
အိပ်ပျော်သွားပါတယ်။
ဘယ်လောက်အိပ်ပျော်နေမှန်းမသိဘူး။ နားထဲမှာ တီးတိုးစကားသံတွေကြောင့် ကျမနိုးလာတယ်။ နိုးလာပေမယ့် မလှုပ်ချင်ဘူး။ စကားသံကို အာရုံစိုက်လိုက်တော့ အမေငိုနေတာကို အဖေကချော့နေတာပါ။
အမေဘာလို့ငိုနေတာလဲလို့ နားစွင့်ကြည့်လိုက်တော့ ကျမဖျားတာ သူ့ကြောင့်ပါ။ ကျမကနေမကောင်း ဘူးပြောတာကို သူကကျောင်းကို အတင်းသွားခိုင်းလို့ ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေလို့ အဖေက
ချော့နေတာပါ။ အမေငိုနေတာတွေ့ရတော့ ကျမပြုံးမိသွားတယ်။
အမေမျက်ရည်ကျလို့ ဝမ်းသာတာမဟုတ်ပါဘူး။ အမေ့မေတ္တာကို မြင်လိုက်ရလို့ ဝမ်းသာလို့ ပြုံးမိတာပါ။ မိဘတိုင်းသားသမီးကို ချစ်တယ်ဆိုတာသိ
ပေမယ့် အမေ့ရဲ့ကိုယ့်အတွက် သီးသန့် မေတ္တာအနွေးဓာတ်ကို ခံစားလို့ပါ။ အမေ..ဒီတခါပဲ သမီး
အတွက် မျက်ရည်ကျရမှာပါနော်။ နောင်ဘယ်တော့မှ သမီးအတွက်နဲ့ အမေမျက်ရည်မကျစေရဘူးလို့
ကိုယ့်ဖာသာ ကတိပေးရင်း ဆေးရှိန်ကြောင့်
ပြန်အိပ်ပျော်သွားပါတယ်။
သေချာပါတယ်။ ဒီတခါ ကျမနိုးလာရင် ပြုံးပျော်နေမယ့် အမေ့မျက်နှာကို တဝကြီးမြင်တွေ့ရတော့မယ်ဆိုတာ....။