
မဂ်လာပါ။
ယနေ့အတွက်တော့ ရာဇဝင်မှာ စာတင်လို့ရပါပီ။ သမိုင်းတွင် မှတ်တမ်းရေးထိုးလိုက်နိုင်ပါပီ။ မြန်ပြည်တစ်ခွင် တိုင်းဒေသအသီးသီးတွင် အသံတိတ်သပိတ်ဆင်နွဲကြသည်။ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တိတ်ဆိတ်ငြိမ်သက်။
ယနေ့တွင် ထူးထူးခြားခြားသမိုင်းမှတ်တမ်းတင်မည့် လှုပ်ရှားမှုအတွက် ပါဝင်ဆင်နွဲနိုင်ရန် ယမန်နေ့ကတဲက မိမိတို့အိမ်အတွက် လိုအပ်သော မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်၊ အသားငါး စသည်တို့အား ၂ရက်စာကြိုတင်ဝယ်ယူစုဆောင်းထားကြသည်။

ကျွန်တော်တို့ ရပ်ကွက်က ပို၍ခက်ခဲကြုံရသည်။ ယမန်နေ့များဆီက ရပ်ကွက်အတွင်း သတင်းမှားများဖြန့်၍ ဝရုန်းသုန်းကားဖြစ်ထားကြသဖြင့် ယနေ့အတွက် ကြိုတင်စီစဉ်နိုင်သည့် မိသားစုများ နဲပါးနေသည်။ ညပိုင်းတွင်လည်း မီးကဖြတ်ထားသေးသည်။ မနက်ခင်းစောစောပိုင်းကျပြန်တော့ ချင်းတွင်းမြစ်ထဲတွင် တိုက်ပွဲပြင်းထန်ပြန်သည်။
ထိုသို့သော အကြောင်းများကြောင့် ကျွန်တော်တို့ ရပ်ကွက်လေးတွင်ရှိသော မိသားစုများ အခက်တွေ့နေကြသည်။ သို့သော တစ်နိုင်ငံလုံးတောင် ညီညွတ်နေသေးရင် ငါတို့က ဘာအတွက် ကျန်နေခဲ့ရမှာလဲ တစ်ရက်တာငတ်လည်း ငတ်ပါစေ ငါတို့ အပြင်မထွက် ညီကြမယ်ဟေ့။ အိမ်မှာရှိတာလေး ရောင့်ရဲတင်းတိမ် နေလိုက်ကြမယ် ဆိုသည့်စိတ်ဓါတ်များဖြင့် အားလုံး အပြင်မထွက်ကြချေ။
ကျွန်တော်သည် ထိုသို့ အိမ်နီးနားချင်းများ အခက်တွေ့နေသည်ကို အိမ်ရှင်မအချင်းချင်း ဖုန်းဖြင့်ပြောကြရမှာ သိလိုက်ရသည်။ သို့နှင့် မိမိအိမ်မှာ စိုက်ပျိုးထားသော သီးပင်စားပင်များအား လိုက်လံကြည့်ရှုရာ- ပဲပင်ကလည်း အသီးသီးနေချေပြီ။ ခရမ်းသီးပင်များကလည်း အသီးတင်နေကြပီ။ ကန်စွန်းရွက်များလည်း တောထနေကြပီ။ အချိန်ကိုက် အသီးတင်လာကြလေသလားပင် စိတ်တွင်ထင်ယောင်မိသေးသည်။
သို့နှင့် ပဲသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်များ ရနိုင်သလောက် ချွေခူးပီးသကာလ ကျွန်တော်၏ အိမ်နီးနားချင်းများအား ဝေငှပေးလိုက်ပါတော့သည်။ တနပ်စာလေးပဲဖြစ်ဖြစ် အဆင်ပြေသွားလျင် ကျွန်တော် ကျေနပ်နေပီတိဖြစ်နေမည်ဖြစ်သည်။
ဒုန်း-ဒိုင်း ဒက်ဒက် ဒက်ဒက် ဖန်းဖန်း ဝုန်း-- ကျွန်တော် ဤစာရေးနေစဉ်အခိုက် လမ်းထိပ်ဖက်ဆီမှ နီးနီးကပ်ကပ်ကြားလိုက်ရသော တိုက်ပွဲသံဖြစ်သည်။ အသံနှင့် မြေကြီးတုန်သွားမှုအရ အလွန်နီးကပ်သော အကွာအဝေးဖြစ်မည်ကို သိလိုက်ပါသည်။ ရုတ်တရက် လျပ်စစ်မီးကလည်း ပျက်ကျသွားသည်။ တိုက်ပွဲက ဆက်လက်ပစ်ခတ်နေကြဆဲ။
ကျွန်တော်လဲ လိုင်းကိုပိတ် စက်ကိုပိတ်ကာ အမှောင်ကြီးအတွင်း မိသားစုလိုက် စုဝေးထိုင်နေရင်း ဘေးပါတ်ဝန်းကျင်အသံကို နားစွင့်နေကြရသည်။ တိုက်ပွဲသည် ယခုထက်ပို၍ ပြင်းထန်လာပါက မိသားစုလိုက် ပုန်းခိုနိုင်သော ကြိုတင်ပြုလုပ်ထားသည့် ဘန်ကာထဲသို့ ဝင်ရောက်ကာ နေမည်ဟုလည်း စိတ်ထဲတွင် အစီစဉ်ချနေမိသည်။ ကျွန်တော်တို့ မြို့စွန်ရပ်ကွက်များတွင် အိမ်တော်တော်များများက မိသားစု ပုန်းကျင်းများ(ဝါ) ဘန်ကာများအား အလျင်းသင့်သလို ကြိုတင်ပြင်ဆင်ထားကြပီးဖြစ်သည်။
ပစ်ကြခတ်ကြသည်က ငါးမိနစ်ခန့် သာကြာလိုက်သည်။ တိတ်ဆိတ်ခြင်းက ပြန်လည်မင်းမူလာသည်။ လူတိုင်းအိမ်တိုင်း အသံမထွက်ရဲကြသေး အခြေနေကို လေ့လာသုံးသပ်နေကြရသည်။ နောက်ထပ် ဆယ်မိနစ်၊ ထို့နောက် ဆယ့်ငါးမိနစ်၊ ဘာသံမှ မကြားရတော့ချေ။အန္တရာယ်ကင်းသည်မှာ သေချာသွား၍ ပါတ်ဝန်းကျင်တွင်လည်း အသံများ တစိုးတစ ပြန်ကြားလာရသည်။
ဘာဖြစ်တာလဲ၊ ဘယ်လိုလဲစသည်ဖြင့် အိမ်နီးနားအချင်းချင်း ဖုန်းဖြင့်ဆက်သွယ်ကာ မေးကြမြန်းကြသည်။ မည်သူမှ သေချာမသိကြချေ။ ညပိုင်းလည်းဖြစ်သည့်အလျောက် မည်သူမှ အပြင်ထွက်ကာ မစုံစမ်းရဲကြတော့ချေ။ မနက်လင်းလာလျင်တော့ သတင်းစုံကို သိရမည်မှာ သေချာပါသည်။ ယနေ့ညအတွက်တော့ လျှပ်စစ်မီးမရှိပဲ လက်နှိပ်မီးလေးများကိုယ်စီဆောင်ထားရင်း သတိဝီရိယနှင့် အိပ်စက်ရအုန်းမည်။
တိတ်ဆိတ်သောနေ့ အောင်ပွဲနှင့်အတူ အိပ်ပျက်သောညက တွဲလျက်ကပ်ပါလာပါသည်။


မြန်မာဟိုက်ဗ်အဖွဲ့သားများ ဘေးရန်ကင်း၍ ကျန်းမာရွှင်လန်းကြပါစေ။
