“ယောင်ခြောက်ဆယ် ကွီးရွှေ”
ကျွန်ုပ်ကွီးရွှေ ယောင်တောင်တောင်ဖြစ်နေရပါ၏။ “သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ” ဆိုသလိုဖြစ်နေရပါ၏။ ပြောမည်ဆိုလဲ ပြောစရာပင် ဇာတ်လမ်းအစက ဒီလိုပါ- တစ်နေ့ ကျွန်ုပ်ကွီးရွှေ တစ်ယောက် ထုံးစံအတိုင်း စတီးမစ်ရွာ အတွင်း လှည့်လည်စနည်းနာရင်း ပင်ပမ်းကြီးစွာဖြစ်ရသဖြင့် ရွာလယ်က ဇရပ်ကြီးမှာ ခေတ္တနားခိုရန် ရောက်ရှိခဲ့ပါတယ်။ ဇရပ်ကြီးပေါ်မှာတော့ ကျွန်ုပ်ထက်ဦးနှင့်နေသော ရွာသားတစ်စု ရှိနှင့်နေပါတယ်။ သူတို့တစ်တွေဟာ ကျွန်ုပ်ရောက်လာသည်ကိုပင် မသိနိုင်၊ မမြင်နိုင်ကြချေ၊ တစ်စုံတစ်ခုအား ခေါင်းချင်းဆိုင်ကာ တိုင်ပင်လေ့လာနေကြသည်။
ကျွန်ုပ်လည်း ထိုသူတို့ ဘာအကြောင်းအရာကိုများ တိုင်ပင်နေကြသနည်း၊ ဆွေးနွေး နေကြသနည်းဆိုသည်ကို သိလိုလှသဖြင့် သူတို့အနားသို့ အသာလေး မယောင်မလည် ကပ်သွားပြီး စပ်စုမိလေသည်။ တစ်ယောက်သောသူက စကားဆက်ပြောနေသည် “ဒီကိစ္စက လွယ်မယောင်နဲ့ခက်နေတာကွ၊ အကောင့်လျောက်တာလွယ်တယ်၊ ဖုန်းနံပါတ် တွေမရတာခက်နေတာ” “ဟုတ်တယ်ဟေ့ ဖုန်းနံပါတ်ရဘို့ နည်းလမ်းရှာရမယ်၊ ဆင်းကဒ်တွေအများကြီးဝယ်ဘို့ဆိုတာလဲ မဖြစ်နိုင်ဘူးကွ” “နည်းပညာသမားတွေမှ လုပ်နည်းလုပ်ဟန် ကျွမ်းကျင်ကြမှာကွ” “ဟာကွာ ဒါလေးများ လွယ်လွယ်လေး ငါသိတယ် ဒီလိုလုပ်မယ်” သူတို့တွေ ပြောနေကြသည်မှာ မည်သည့်အကြောင်းဆိုသည်ကို ကျွန်ုပ်ကောင်းစွာမသိသေးသော်လည်း တစ်စုံတစ်ခုကိုတော့ ကြံစည်နေကြသည်မှာ ရှင်းလင်းစွာ ရိပ်စားမိလေသည်။
နောက်ဆုံး သူ၏ အကြံကို စိတ်ဝင်စားမိလေသဖြင့် အသာလေး နားစွင့်နေလိုက်သည်။ “ဒီကိစ္စက ဖုန်းနံပါတ်ကို များများရဘို့ US ဖုန်းနံပါတ် Free ရတဲ့ apk ရှိတယ်ကွ၊ ဒီမယ် ဒီဟာကို ဒေါင်းယူကွာ ပီးရင် အကောင့်လျောက် ဖုန်းနံပါတ် တစ်ခု ဖရီးရတယ်။ အီးမေးတွေ မိမိဖုန်းနံပါတ်တွေမလိုဘူး လွယ်လွယ်လေး၊ ဒီမှာကြည့် လုပ်ပြမယ် ၊ --- ဟော ရသွားပီတွေ့လား” “ဟာ ပိုင်တယ်ကွာ သူနည်းနဲ့ သူဟာတော့ အပိုင်ပဲကွ” “ဟုတ်ပီဟေ့ ဒီလိုဆို ငါတို့ ဖုန်းနံပါတ် အတုတွေ အများကြီးရမယ်၊ အကောင့်အများကြီး လျောက်ဖို့ပဲလိုတော့တယ် ၊ ဒီလို အကောင့်တွေအများကြီးရဘို့ ဘယ်သူလုပ်တတ်လဲ ပြောကြကွာ”။
“ဒါလား ငါသိတယ် ၊ ပြောပြမယ် ၊ ဒီဟာလေးနဲ့ လုပ်မယ်ကွာ၊ ပလေးစတိုးမှာ ဒေါင်းလိုက်ကွာ၊ ပီးရင် ဟောဒီမှာကြည့် ဒီလိုလေး မူရင်း အေပီကေကို ပွားလိုက်မယ်၊ ဟောကြည့်၊ အေး အဲလိုလုပ်တာ ကလုန်းတယ်လို့ခေါ်တယ်၊ ရကြပီလား” “ဟာ ဒါလဲ နည်းကောင်းတစ်ခုပဲဟေ့၊ ကလုန်းတွေပွားရင် ဘယ်နှခုလောက်ပွားလို့ရနိုင်မလဲဟ ပြောပါအုန်း” “အင်းအဲဒါက ကိုယ်ကိုင်တဲ့ဖုန်း မန်မိုရီ မြင့်ရင်မြင့်သလောက် ပွားလို့ရတယ်၊ များသောအားဖြင့် ဖုန်းတစ်လုံးကို ကလုန်း 30 လောက် ပွားလို့ရတယ်ကွ”။
“အေး ဒါဆို ဟန်ကျပီ၊ ငါတို့အတွက် အားလုံးအဆင်ပြေပီ၊ ပထမ ယာယီဖုန်းနံပါတ်အတုတွေကို ဒီ အေပီကေနဲ့ လျောက်ပီး ရမယ်ကွာ၊ နောက်ပီး ကလုန်းတွေနဲ့ အကောင့်လျောက်မယ်ကွာ၊ ပီးရင် အပ်ဒေါင်းလေးရွေးပီး အချိန်တန်ရင် ငါတို့ ထောပီဟေ့” “ပြောနေကြာတယ်ကွာ ၊ ဒီနေ့လည် အချိန်ရတယ် မိုဘီအကောင့်တွေဖွင့်ကြစို့ဟေ့” ပြောပြောဆိုဆို လူငယ်တစ်သိုက် ၀ရုန်းသုန်းကား ထပြန်သွားကြသည်။
လူငယ်လေးများ ပြောသွားသည့် စကားတို့ကို နားစွန်နားဖျားကြားပီးနောက် ကျွန်ုပ် ကွီးရွှေလည်း နေမထိမထိုင်သာ ယိုးတိုးရွတ ဖြစ်လာလေရတော့သည်။ သူတို့လေးတွေ ဘာတွေကြံစည်ကြသလဲ အဖြေကတော့ တစွန်းတစသိုလိုက်ရသည်၊ ဘာတဲ့ “မိုဘီ” ဆိုလား နိုဘီဆိုလား အင်းလေ ဘာပဲဖြစ်နေနေ ကျွန်ုပ်၏ အကျင့်လေးအတိုင်း အဖြေရအောင်တော့ ထုတ်နိုင်အောင် လုပ်ရမည်ဟု ဆုံးဖြတ်ကာ အသင့်ပါလာသော ဖုန်းစုတ်လေးထုတ်ကာ အင်တာနက်လေးဖွင့်၊ ဖွဘုတ်အင်ပါယာကြီးပေါ်သို့ တက်လှမ်းကာ အွန်လိုင်းမန်းနီး ရှာဖွေသော ဂရုပေါင်းစုံသို့ မွှေနှောက်ရှာ လေတော့သည်။
တွေ့ပါပီ mobi မိုဘီလေး၊ သူတို့ပြောနေတာ ဒီမိုဘီပဲဖြစ်ရမယ်၊ တွေ့တာလေးတွေ ဒေတာမှတ်သားထားလိုက်သည်၊ တစ်ချို့ကို ကော်ပီယူကာ နုတ်စာရွက်မှာ မှတ်လိုက်သည်။ နောက်ထပ် ဂရုပေါင်း သောင်းခြောက်ထောင်ကို ဖြတ်သန်းကာ သတင်းနှိုက်ယူပီးသည့် သကာလ အချိန်တိုအတွင်း မျိုးမျိုးမြတ်မြတ်လေး ငွေရရှိမည့် နည်းလမ်းကို ကျွန်ုပ်ကွီးရွှေ ရလိုက်လေတော့သည်။
အင်း ဟိုလူငယ်လေးတွေ လုပ်မည်ဆိုလဲ လုပ်ချင်စရာ နည်းလမ်းသိတော့ ရိုှးရှင်းလွယ်ကူလိုက်တာ ငါလဲ အနဲအကျဉ်းတော့ ရနိုင်သေးတယ် အချိန်မှီလေး လှုပ်ရှားလိုက်အုန်းမှပဲဟု ကျွန်ုပ်ကွီးရွှေ အကြံဖြစ်မိပါတယ်။ အကြံရသည့်အတိုင်း စတင်အကောင်အထည်ဖော်ရန် လိုအပ်သော အေပီကေများဒေါင်းလိုက်သည်။ ဖုန်းနံပါတ်တွေ ရသည်၊ ကလုန်းသည်၊ အကောင့်တွေလျောက်သည်၊ အတက်တွေ အကျတွေ ရွေးသည်။
ဒီလိုနှင့် တစ်နေ့တာ အချိန်ကုန်သွားသည်၊ ဖုန်းလေးကိုပူလို့၊ ဇက်ကြောတွေကတက်၊ လက်တွေညောင်း၊ မျက်စိတွေကေ၀၀ါးလာသည်။ ဖြစ်မှာပဲလေ တစ်နေကုန် တစ်နေခန်း ကျွန်ုပ်ကွီးရွှေ ဒီလိုအချောင်ငွေရနိုင်သောနည်းနောက်ကို တကောက်ကောက်လိုက် နေမိသည်ကိုး။ မိန်းမကငြူဆုလှပီ၊ လိုအပ်သော အကောင့်ဖွင့်တာကမပီးသေး။ ကလေးကလဲ ဂျီတိုက်လှပီ၊ အကောင့်ကဖွင့်မပီးသေး။ အဖေအမေကလဲ မျက်စောင်းထိုးလှပီ၊ အကောင့်သုံးဆယ်ဖွင့်မည်ဟု ဆုံးဖြတ်ချက်ချကာ ရည်မှန်းထားသော အကောင့်များကဖွင့်လို့ မပီးနိုင်သေးချေ။ ကျွန်ုပ်ကွီးရွှေမှာကား ဖုန်းတစ်လုံးနှင့် နင်လားငါလား ချွေးတစ်လုံးလုံးနှင့် မိုဘီ၊ မိုဘီနှင့် တမိုဘီထဲဘီနေချေတော့သည်။
ညရောက်ပြန်တော့လဲ မိုဘီ၏ အချိန်လစ်မစ်ကို အချိန်မှီ ၀င်ကာ အကောင့်သုံးဆယ်ကို ၀င်လိုက်ထွက်လိုက်နှင့် မောင်ကွီးရွှေတစ်ယောက် လောကကြီးနှင့် ကင်းကွာနေတော့ သည်။ ကိုင်းပီးပါပီ အကောင့်များစွာဖွင့် ၀င်လိုက်ထွက်လိုက်၊ မွှေနှောက်ကာ ပြီးစီးသွားသည့်နောက်တော့ တစ်နေကုန် ထမင်းမစား၊ ဟင်းမစား ရေပင်ထမသောက်သော ကျွန်ုပ်ကွီးရွှေ ခန္ဓာကိုယ်၏ ဆန္ဒပြ တောင်းဆိုမှုကြောင့် ထမင်းထစား ရေသောက် အိမ်သာတက် စသည့်အမှုကိစ္စတို့ အလျင်အမြန်ဆောင်ရွက်လိုက်သည်။ဒီညလည်း မိုဘီနှင့်တွေ့ ရဦးမည်။
ကျွန်ုပ်ကွီးရွှေ စတီးမစ်တွင် ရေးလက်စစာများပင် သတိမရ မိုဘီကို အသည်းအသန် စွဲမိချေ၏။ စွဲဆိုလျင်လဲ စွဲလောက်စရာပေ တစ်ညတာ ရရှိသည့်ဆုကြေးကား ဒေါ်လာနှင့် တွက်လျင် ဒေါ်လာနှစ်ဆယ်ဖြစ်ချေ၏။ အကောင့်ပေါင်းများစွာက ရရှိလာသော ဆုကြေးလေးများကို စုလိုက်သည့်အခါ ဒေါ်လာနှစ်ဆယ်ဆိုသော ငွေများဖြစ်လာလေ တော့သည်။ အောင်မယ်မင်း ကျွန်ုပ်ကွီးရွှေ ပွပီဟေ့လို့ပင် ထအော်လိုက်မိချေတော့သည်။
ကဲ ရလာတာလေးတွေ ကွိုင်ဘေ့သို့ လွှဲပြောင်းလိုက်သည်။ တိန်တိန် မိနစ်ပိုင်းအတွင်း အီးမေးလ်က ၀င်လာသည် လူကြီးမင်း ကွိုင်ဘေ့အကောင့်သို့ ဒေါ်လာနှစ်ဆယ်နှင့် ညီမျှသော ဘစ်ကွိုင်များ ရောက်ရှိလာပါပီတဲ့ဗျာ။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကိုင်းရတုန်းလေး ကြိုးစားပီး လုပ်လိုက်အုန်းမှပဲ အွန်လိုင်းမန်းနီးရှာတယ်ဆိုတာ အခွင့်အရေးရတုန်း မြန်မြန်သွက်သွက်ရှာရတယ်၊ လုပ်ရတယ်လို့ပြောကြတာပဲလေဲ။ ကျွန်ုပ်ကွီးရွှေလည်း နေ့မအား ညမအား မိုဘီမလေးနှင့် နပမ်းလုံးနေချေတော့သည်။
ကဲနောက်တစ်နေ့ညပိုင်း ငွေထုတ်ချိန်ရောက်ပြန်ပီ၊ မိုဘီမလေးဆီက ဆုကြေးရရှိသည် လေးများ ထုတ်ဦးမှ အကောင့်လေးများကို ၀င်ကြည့်ရန် တာစုလိုက်သည်။ ပထမအကောင့် “လူကြီးမင်း၏ ဖုန်းနံပါတ်သည် စည်းကမ်းနှင့်မညီညွတ်ပါသဖြင့် ဘမ်းလိုက်ပါသည်” “ဟိုက်သွားပီ ဆာဘာက ဘမ်းပီ၊ မိုဘီမ ရက်စက်ပီ” နောက်တကောင့်ဖွင့်လိုက်သည်၊ ဘမ်းထားပြန်သည်၊ နောက်တစ်ကောင့်၊ နောက်တစ်ကောင့်--သွားပါပီ ကုန်ပါပီ၊ ရှိသမျှအကောင့်များ အကုန်ဘမ်းခံရလေကုန်တော့သတည်း။
“အားလုံးပြီးဆုံးသွားပီ ဇာတ်လမ်းလေး--- ကိုယ်လေကြိုးစားခဲ့သမျှ ဆုံးရှုးခဲ့ရ ဘာတစ်ခုမှ ဖြစ်မလာတော့ ၊ ငါ့မှာ တစ်ခုမှ မရှိတော့ဘူး ---” အိမ်ဘေးက သဲ့သဲ့လေး လွင့်လာသော သီချင်းသံလေးကို နားထောင်ပီး ကျွန်ုပ်ကွီးရွှေသည်လည်း ကြက်ဖကြီးလည်လိမ်ထား သလိုဖြစ်နေချေတော့သည်။ တကယ်အားလုံးသွားရှာလေပြီ။
သူများယောင်လို့ယောင် အမောင်ကွီးရွှေ ဘာတစ်ခုမှမရလိုက်၊ သို့သော် ကျွန်ုပ်ဖြေသာ ပါသေးသည်၊ ပထမအချီ ဒေါ်လာနှစ်ဆယ်ရလိုက်လို့ တော်ပေသေးသည်။ ဖွဘုတ်နှင့် အွန်လိုင်းမဟာတွင်ပေါ်၌ကား မိုဘီမရက်စက်သည့်အကြောင်း ကျွတ်ကျွတ်ညံအောင် ပြောဆိုနေကြလေတော့သည်။
နောက်ဆုံးတွင်တော့ ကျွန်ုပ်ကွီးရွှေ အမြတ်မရလိုက် အဘယ်ကြောင့်မူကား စတီးမစ် ပလက်ဖောင်းတွင် စာရေးရန် ၂ ရက်၂ည ပျက်ကွက်သွားလေသောကြောင့်တည်း။ ပျက်ပြားသွားသောစိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိမ်းသိမ်းရသည်။ အလွယ်လမ်း ကိုလိုက်ကာ ငွေနောက်လိုက်မိပြီး “မိုဘီမလေးကို”စွဲလမ်းနေသည့်စိတ်ကို ဖြေဖျောက် ရသည်။ မိမိ၏ အသည်းနှလုံး စာရေးသားခြင်းကို ပြန်လည်အသက်သွင်းရသည်။ ရေးလက်စ စာများကို ပြန်ဖတ်ကာ mood ပြန်သွင်းကာ ဆက်ရေးရသည်။ ပျက်ကွက်သွားသော ၂ ရက်တာအတွက် ပြန်လည်အဖတ်ဆယ် ဖြည့်ဆည်းနိုင်ရန် ကြိုးစားရဦးမည်။
စာရှုသူမိတ်ဆွေများလည်း ကျွန်ုပ်ကွီးရွှေ၏ ဖြစ်အင်အား စံနမူနာထားကြကာ သင်ခန်းစာ ယူကြပါဗျာ။ မိမိတို့လုပ်နေသော အလုပ်ကို ပြစ်ပါယ်ထားမိကာ ပြင်ပမှ အလွယ်တကူ ငါးပွက်ရာ ငါးစာချသော မရေမရာအလုပ်များကို စိတ်လေမိသဖြင့် ဆုံးရှုံးမှုများဖြစ်ရပါသည်။ အွန်လိုင်းမန်းနီးရှာခြင်းသည် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သော နည်းပညာ လောကတစ်ခု ဖြစ်ပါတယ်။ တစ်ချို့သောနည်းပညာရှင် ကျွမ်းကျင်သူများမှာ အစဉ်တစိုက် လုပ်ကိုင်လာခဲ့သည့်အတွက် အွန်လိုင်းမန်းနီးရှာခြင်းသည် သူတို့အတွက် လွယ်ကူနေမည် ဖြစ်သော်လည်း၊ ကျွန်ုပ်ကဲ့သို့ ဟိုမသိ၊ ဒီမသိ ယောင်တောင်တောင် မောင်ကွီးရွှေလိုတော့ မလုပ်ကြလေနှင့် ယောင်ခြောက်ဆယ်ဖြစ်မိသော ကျွန်ုပ်ကွီးရွှေ စိတ်ဆင်းရဲခြင်းများစွာ ဖြစ်မိချေတော့သည်။
ထိုညတွင်ပင် ကျွန်ုပ်ကွီးရွှေသည် “မိုဘီမလေး”နှင့်ပတ်သက်သော အေပီကေများအား လက်ကိုင်ဖုန်းမှ အပြီးအပိုင် အန်အင်စတောလိုက်ပါတော့သည်။
မြန်မာစတီးမစ် မိတ်ဆွေများအားလုံး ယောင်ခြောက်ဆယ်အဖြစ်များမှ ရှောင်ကွင်းနိုင်ကြပါစေ။
Writing End Time >>> 9:00 PM (16.5.2018)
#Myanmar #Satire #Funny #Knowledge #Writing